နိုင်ငံရေးအကျဉ်းသား လွှတ်ဖို့ မျှော်ကြပြန်

မျိုးသန့် | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၂ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၁ မိနစ်

ချင်းမိုင်(မဇ္ဈိမ) ။        ။ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို ဇန်နဝါရီလ ၄ ရက်နေ့နှင့်
ဖေဖော်ဝါရီလ ၁၂ ရက်နေ့များတွင် လွှတ်ပေးမည်ဆိုသော သတင်းများ ထွက်ပေါ်လာရာ
မျှော်လင့်ချက်များလည်း တိုးလာပြန်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်ခတ်ရပ်စဲရေး ဆွေးနွေးပွဲများတွင် ရထားဝန်ကြီး ဦးအောင်မင်းတို့ ၏ ပြောကြားချက်များကြောင့် လည်းကောင်း၊ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်
နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို ကတိပေးခဲ့ခြင်း များကြောင့်  မိသားစုဝင်များမှ
မျှော်လင့်နေကြခြင်း ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များအနေဖြင့် “ တော်တော်လေးကို ခိုင်ခိုင်မာမာ မျှော်လင့်နေကြတယ်။ ” ဟု ရန်ကုန်မြို့ရှိ နိုင်ငံရေးအကျဉ်းသား မိသားစု အကျိုးဆောင်ကွန်ယက်မှ ကိုအောင်ဇော်ထွန်းက
ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းသားများကို ဇန်နဝါရီလ ၄ ရက်နေ့ သို့မဟုတ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့များတွင် လွှတ်ပေးမည်ဆိုသော သတင်းများ ထွက်ပေါ်လာရာ မျှော်လင့်ချက်များလည်း တိုးလာပြန် (ဓါတ်ပုံ မဇ္ဈိမ)

ကြာသပတေးနေ့က ထိုင်းနိုင်ငံ စံခလဘူရီတွင် ကျင်းပသော မွန်ပြည်သစ်ပါတီနှင့် အပစ်ခတ်ရပ်စဲရေး အလွတ် သဘော ဆွေးနွေးပွဲတွင် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက လွတ်လပ်ရေးနေ့ သို့မဟုတ် ပြည်ထောင်စုနေ့ကို စောင့်ကြည့်သွားရန်
ပြောကြားသွားခဲ့သည်ဟု မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက သတင်းထောက်များကို
ပြောသည်။

အလားတူ ဗုဒ္ဓဟူးနေ့က  KNU နှင့် ဆွေးနွေးပွဲတွင်လည်း  ဦးအောင်မင်းမှ အကျဉ်းသားများကို လာမည့် နှစ်ဆန်းပိုင်း အတွင်း လွှတ်ပေးရန်ရှိပြီး နိုင်ငံရေး အကျဉ်းသားများလည်း ပါဝင်မည်ဟု
ပြောခဲ့သည်ဟု ဆိုသည်။

“အကျဉ်းသားတွေကို သူတို့ကလည်း လွှတ်ပေးချင်တဲ့ ဆန္ဒရှိတော့ ဇန်နဝါရီလ လေးရက်နေ့မှာ အကျဉ်းသားတွေကို လွှတ်ပေးမယ် အဲဒီအထဲမှာ နိုင်ငံရေး အကျဉ်းသားတွေလည်း ပါမယ်။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာလည်း နောက်ထပ်တသုတ် ထပ်လွှတ်ပေးမယ် အဲဒီမှာလည်း ပါလာမယ်။” ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သော KNU ဗဟိုအလုပ်မှုဆောင် ပဒိုဒေးဗစ်ထောက ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံသည့် ဆွေးနွေးပွဲတွင်
ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေး အကျဉ်းသားများ လွတ်လာမည်ဟု ပြောဆိုခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက် သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်က မဇ္ဈိမကို ပြောဆိုဖူးသည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် တွေ့ဆုံအပြီး သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်၍ “တိုင်းရင်းသားများ ပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ နိုင်ငံသားများအားလုံး ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော် တည်ဆောက်တဲ့နေရာမှာ ပါဝင်နိုင်ရေး အတွက်၊
နိုင်ငံ့ရဲ့ရေးရာကိစ္စများ ဆောင်ရွက်ပေးနိုင်ရေး အတွက် သူ (ဟီလာရီ ကလင်တန်) တိုက်တွန်း သွားတဲ့ကိစ္စ မိမိတို့ဘက်က အစွမ်းကုန် ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ ကတိပြုလိုက်ပါတယ်။” ဟု ပြောကြားခဲ့သည်။

ရှမ်းပြည်နယ် မိုင်းဆတ်ထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈ မျိုးဆက်ကျောင်းသား
ခေါင်းဆောင် ကိုကိုကြီး၏ညီ ကိုအောင်ထွန်းကလည်း အကိုဖြစ်သူ လွတ်လာမည်ကို
မျှော်လင့်နေသည်ဟု ပြောသည်။

“အရင်တွေလည်း ဒီလိုပဲ ကြားကြားနေတာပဲ။ ကျနော်တို့က နှစ်ပေါင်းများစွာဗျာ ကြာခဲ့ပါပြီ မိသားစုတွေ အတွက် က မဆန်းတော့ပါဘူး။ လွတ်လာရင်တော့လည်း ဝမ်းသာတာပေါ့။ မျှော်တော့ မျှော်ရတာပေါ့။ မလွတ်သေးတော့ လည်း ဗုဒ္ဓဘာသာအရ သူ့အကြောင်း မကုန်သေးဘူးပေါ့။” ဟု ပြောသည်။

ကရင်ပြည်နယ် ဘားအံထောင်တွင် ထောင်ဒဏ် ၁၂ နှစ်ကျခံနေရသည့် အကိုဖြစ်သူ နေဘုန်းလတ်ကိုလည်း မိသားစုမှ မျှော်နေသည်ဟု နေဘုန်းလတ်၏ညီ ကိုသူရကျော်က မဇ္ဈိမကို ပြောသည်။

အောက်တိုဘာ ၁၂ ရက်နေ့တွင် ဦးသိန်းစိန် အစိုးရမှ အကျဉ်းသား ၆,၃၅၆ ဦး လွှတ်ပေးခဲ့သော်လည်း
နိုင်ငံရေး အကျဉ်းသား ၂၂၀ ဦးသာ ပါဝင်သည်ဟု ပြည်ပ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်အရေး အသင်း (မြန်မာနိုင်ငံ) က ထုတ်ပြန်သည်။

ထိုအရေအတွက်သည် နည်းလွန်းသည်ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဖြိုးမင်းသိန်းက ပြောဆိုလိုက်ပြီး ယခင်အကြိမ်များကဲ့သို့ အကျဉ်းသားများ မလွှတ်လာပါက မိသားစုဝင်များ ခံစားရသည်ဟုလည်း ပြောသည်။

“သတင်းတွေကတော့ ကြားနေတာပဲဗျ၊ အားလုံးကတော့ ကြားနေတာပဲ။ မျှော်တော့ မျှော်နေကြတာပဲ။ အဲဒီလိုမျိုး ကောလဟာလတွေ ထွက်လာရင် မိသားစုတွေကလည်း သတိထားရမယ်။ တကယ်လို့ မလွတ်လာရင် မိသားစုတွေ က တအားခံစားရတယ်။” ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိ အခြေအနေတွင် မြန်မာနိုင်ငံ၏ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသား ၆၀၀ ခန့်ရှိသည်ဟု NLD ၏ နိုင်ငံရေး အကျဉ်းသားများကို ကူညီနေသည့် လူမှုအထောက်အကူပြုအဖွဲ့မှ ဦးနိုင်းနိုင်းက မဇ္ဈိမကို ပြောဆို ဖူးသည်။ သို့သော် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်အရေး အသင်း (မြန်မာနိုင်ငံ)၏ ယခုလ ၁၄ ရက် စာရင်းအရ နိုင်ငံရေး အကျဉ်းသား ၁,၅၄၆ ဦးရှိနေသည်ဟု ဖေါ်ပြသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး