မြန်မာ့ပထမဆုံး Call Center ဖွင့်တော့မည်

ထွန်းထွန်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၇ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံတယ်လီပို့စ်နှင့် Blue Ocean ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး ရတနာပုံ Call Center ကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဖွင့်လှစ် သွားမည်ဖြစ်ကြောင်း အစိုးရပိုင် MRTV ရုပ်သံ၏ အင်တာနက်စာမျက်နှာတွင် ပါရှိသည်။

ယင်း Call Center အား နိုင်ငံဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည်။

ယင်းအပြင် ပြည်သူများအနေဖြင့် သက်ဆိုင်ရာ ရုံး၊ ဌာနများသို့ ကိုယ်တိုင် သွားရောက်စုံစမ်းရခြင်း၊ ဆက်သွယ်ရန် နည်းလမ်းမသိခြင်း စသည့် အခက်အခဲများကို ဖြေလျော့ရန်အတွက်လည်း ရည်ရွယ်ကြောင်း Call Center တာဝန်ရှိသူတဦးအား ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။ 

အဆိုပါ Call Centre မှ အများပြည်သူ၏ ပညာရေး၊ ကျန်းမာရေး၊ လှုမှုရေးနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် သတင်းအချက်အလက်များ မေးမြန်းနိုင်ခြင်းနှင့် ပုဂ္ဂလိက ကုမ္ပဏီများ၏ လုပ်ငန်းများတွင် ဖုန်းလက်ခံဖြေဆိုခြင်းနှင့် ပြန်ကြားပေးခြင်းများကို ဝန်ဆောင်မှုပေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အင်တာနက်အီးမေးလ်နှင့် ဖက်စ်ဝန်ဆောင်မှုများကိုလည်း ဝန်ဆောင်မှုပေးသွားမည်ဟု သိရ သည်။ Call Center မှ ၂၄ နာရီ ဝန်ဆောင်မှုပေးမည်ဖြစ်ကာ ဝန်ထမ်းအင်အား ၂၄၀ ထားရှိထားသည်ဟု လည်း  သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ဝန်ဆောင်မှုအနေဖြင့်လည်း စတင်သည့်ရက်မှ နှစ်လအတွင်း အခမဲ့ဝန်ဆောင်မှုပေးမည်ဖြစ်ကာ ယင်းနောက်ပိုင်းတွင် ဝန်ဆောင်မှုပေးရမည့် လုပ်ငန်းအလိုက် အခကြေးငွေ ကောက်ခံသွားမည် ဖြစ်သည်။

ယင်း Call Centre သို့ ခေါ်ဆိုရန်အတွက် ဖုန်းနံပါတ် ၁၈၇၅၊ ၁၈၇၆၊ ၁၈၇၇၊ ၁၈၇၈ တို့ကို ဆက်သွယ်နိုင်မည် ဖြစ်ကာ လတ်တလောတွင်မူ ၁၈၇၆ ကိုသာ ခေါ်ဆိုနိုင်ဦးမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး