ပဉ္စမအကြိမ် မလေးရှား စာပေဟောပြောပွဲ
ကိုပေါက် | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၁၅ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် စာဆိုတော်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲ တခုကို တနင်္ဂနွေနေ့က ကျင်းပခဲ့ကြသည်။
မြန်မာပြည်တွင်းမှ အထင်ကရ စာရေးဆရာများဖြစ်ကြသော စာရေးဆရာ အကြည်တော်၊ ဆရာနွမ်ဂျာသိုင်းနှင့် ဆရာမ သန်းမြင့်အောင်တို့ လာရောက်ဟောပြောကြခြင်း ဖြစ်သည်။
“မြန်မာပြည်မှာလည်း စာရေးဆရာဆိုတာ တွေ့ရခဲတယ်လေ။ ရုပ်ရှင်မင်းသားကို ဗီဒီယိုထဲမှာ ၂ဝဝ ပေးကြည့် လို့ရတယ်။ စာရေးဆရာကတော့ ၂၀၀ ပေးကြည့်လို့လည်း မရဘူး။ ဗီဒီယိုထဲမှာလည်း ဘယ်တော့မှ ပါတဲ့ လူတွေမဟုတ်တဲ့အတွက် လာပြီးတော့ အားပေးကြတာပေါ့” ဟု ဟာသစာရေးဆရာ အကြည်တော်က မဇ္ဈိမကို ပြောသည်။
ကွာလာလမ်ပူမြို့ KL ကုန်တိုက် ခန်းမတွင် မွန်းတည့် ၁၂ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပခဲ့သော ဟောပြောပွဲသို့ ပရိသတ် ၉ဝဝ ကျော် လာရောက်နားထောင်ကြသည်။
ဟောပြောပွဲတွင် ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်းမှ အတွင်းရေးမှူးလည်းဖြစ်သည့် ဆရာမ သန်းမြင့်အောင်က ‘လူမှုဘဝ ပရဟိတနယ်ပယ် ‘ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ၁၉၈ဝ စုနှစ်များအတွင်း ဆရာငြိမ်းကျော်၊ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)တို့နှင့် ခေတ်ပြိုင် တက္ကသိုလ်ဘဝနှင့် အချစ် ဝတ္ထုရေးဆရာ နွမ်ဂျာသိုင်းက ‘စာရေးသူမှ စာဖတ်သူသို့’
ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး ဟာသစာရေးဆရာ အကြည်တော်က ‘လမင်းဖမ်းပွဲ’ ခေါင်းစဉ်ဖြင့် အသီးသီး
ဟောပြောသွားခဲ့ကြသည်။
“ပြည်တွင်းမှာကလည်း စာဖတ်အားက နည်းကြတယ်လေ။ ပြည်ပရောက်တော့လည်း သူတို့အလုပ်နဲ့ သူတို့၊ နောက်ပြီး လမ်းပန်းဆက်သွယ်ရေးအနေအထားအရ စာအုပ်တွေ ရောက်မှု/မရောက်မှုအပေါ်မှာ မူတည် တာပေါ့။ ဝါသနာပါတဲ့
သူကတော့ ဖတ်နေတုန်းပါပဲ” ဟု ပြည်ပဟောပြောပွဲ ပထမဆုံးအတွေ့အကြုံအား ဆရာအကြည်တော်က သုံးသပ်သည်။
စာရေးဆရာတဦးလျှင် တနာရီကျော်ကြာစီ ဟောပြောကြပြီးနောက် ကွန်ပျူတာ၊ ခရီးဆောင် ကွန်ပျူတာ စသည့် အဖိုးတန် ပစ္စည်းများအား ပရိသတ်များက ကံစမ်းမဲနှိုက်ကြကြောင်း ဟောပြောပွဲ စီစဉ်သည့် နာရေးကူညီမှုအသင်း (ကွာလာလမ်ပူ)မှ ကိုအော်စကာ က ပြောသည်။
“ဒီမှာ စာပေဟောပြောပွဲလုပ်တာ ငါးကြိမ်ရှိသွားပါပြီ။ ဒီတခါတော့ ကျနော်တို့ အသင်းက စီစဉ်တာပါ။ ပရိသတ်လည်း စည်စည်ကားကား ပျော်ပျော်ရွှင်နဲ့ လုပ်နိုင်ခဲ့လို့ ကျေနပ်အားရမိပါတယ်” ဟု ပြောသည်။
ဒီဇင်္ဘာလ ၁၈ ရက်နေ့တွင်လည်း ပီနန်မြို့ ဓမ္မိကရာမ မြန်မာကျောင်းတိုက်၌ ဆက်လက်ဟောပြောကြဦးမည်
ဖြစ်သည်။