ပေါင်မြို့မီး ကလေးနှစ်ဦး သေဆုံး

(ကြားဖြတ်နှင့် သတင်းအကျဉ်း)

ကွန်းချမ်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၇ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၅ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။        ။ လူနေအိမ် ၉ လုံး မီးလောင်ပျက်စီးပြီး ကလေးငယ်နှစ်ဦး သေဆုံးရသည့် မီးလောင်ကျွမ်းမှု တခု မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်တွင် အင်္ဂါနေ့နံနက်က ဖြစ်ပွားခဲ့သည်ဟု
ပေါင်မြို့နယ် ပြန်/ဆက် ဌာနက ပြောသည်။

ဦးဂျပန်၏ နေအိမ် မီးဖိုချောင် ထင်းမီးမှ စတင်လောင်ကျွမ်းသည့် မီးကြောင့် အသက် ၉ နှစ်အရွယ်နှင့် ၆ နှစ် အရွယ်ရှိ သမီးငယ်နှစ်ဦး သေဆုံးကာ လူဦးရေ ၅၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်ဟု ပေါင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

“အဖွားကြီးက ဈေးသွား၊ အဖိုးကြီးက အလှူအိမ်သွားနေတော့ ကလေးနှစ်ယောက်က အိမ်မှာ ပိတ်မိပြီး မီးထဲမှာပဲ ဆုံးသွားတယ်” ဟု သူက ပြောသည်။

နံနက် ၅ နာရီ ၄၅ မိနစ်မှ စတင်လောင်ကျွမ်းသည့် မီးကို ပေါင်မြို့နှင့် ဇင်းကျိုက်ရွာကြီးမှ မီးသတ်ကား ၅ စီး က လာရောက် ငြှိမ်းသတ်ကာ နံနက် ၇ နာရီခန့်တွင် မီးငြိမ်းခဲ့သည်ဟု ဆိုသည်။

အဆိုပါ ပေါ့ဆမီးကြောင့် ကာလတန်ဖိုး သိန်း ၆၀ ကျော် ဆုံးရှုံးလိမ့်မည်ဟု ပြန်/ဆက်ဌာနက ခန့်မှန်းသော်လည်း ဒေသခံများကမူ သိန်း ၂၀၀ ဝန်းကျင် ရှိမည်ဟု ဆိုကြသည်။

မီးဘေးဒုက္ခသည်များအား မိုးနိုင်းရပ်ကွက် အ.မ.က. ကျောင်းတွင် ယာယီမီးဘေး ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ပြီး အကူအညီများ ပေးနေကြောင်းလည်း မိုးနိုင်းရပ်ကွက်သားတဦးက ပြောသည်။

တနင်္ဂနွေ ညကလည်း မိုးနိုင်းရပ်ကွက်နှင့် ၆ မိုင်အကွာရှိ ဇင်းကျိုက်ရွာကြီး မီးလောင်ခဲ့ရာ အိမ်ခြေပေါင်း ၁၂၄ အိမ် မီးလောင်ပျက်စီးပြီး ခန့်မှန်းကာလတန်ဖိုး သိန်း ၉၃၀ ကျော် ဆုံးရှုံးခဲ့ရကာ လူဦးရေ ၉၉၃ ဦး အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဇင်းကျိုက် မီးဘေးဒုက္ခသည်များအား ပေါင်မြို့နှင့် ဒေသခံများက ထမင်းထုပ်များ လှူဒါန်းကြပြီး အမကရွှေဒင်္ဂါးကျောင်း တွင်ပင် တာလပတ်များမိုး၍ နေရာချပေးထားဆဲဖြစ်ကြောင်း သိရသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး