ရင်းနှီးမြှုပ်နှံရန် သင့်တော်သည့်နိုင်ငံများတွင် မြန်မာ ရမှတ်အနည်းဆုံး
မျိုးသန့် | သောကြာနေ့၊ ဒီဇင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၄ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံတကာမှ စီးပွားရေး ရင်းနှီးမြှုပ်နှံရန် သင့်တော်သည့် အာရှ- ပစိဖိတ် ဒေသတွင်းနိုင်ငံ ၁၉ နိုင်ငံကို စင်္ကာပူအခြေစိုက် Vriens & Partners အဖွဲ့က ထုတ်ပြန်ရာတွင် မြန်မာနိုင်ငံသည် ရမှတ် အနည်းဆုံးဖြင့် အောက်ဆုံးအဆင့်တွင် ရှိနေသည်ကို အဖွဲ့၏ စစ်တမ်းတွင်
ဖေါ်ပြသည်။
Vriens & Partners အဖွဲ့သည် စီးပွားရေး ရင်းနှီးမြှုပ်နှံရန်သင့်တော်သည့် ဒေသတွင်းနိုင်ငံများကို အမှတ်ပေး တွက်ချက်ရာတွင် တရားဥပဒေ စိုးမိုးမှု၊ နိုင်ငံတကာ ကုန်သွယ်မှု အခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု၊ အကောက် အခွန် ကောက်ခံမှုအခြေအနေ၊ အကျင့်ပျက် ခြစားမှုများ စသည့်အချက်များအပေါ် မူတည်တွက်ချက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် အာရှ- ပစိဖိတ်ဒေသတွင်း အခြားနိုင်ငံများနှင့် နှိုင်းစာပါက အထက်ပါ အမှတ်ပေးအချက်များ အားလုံး၏ ရမှတ်အနည်းဆုံးရရှိကာ အနိမ့်ဆုံးအဆင့် ၁၉ တွင် တည်ရှိနေသည်ကို Vriens & Partners အဖွဲ့၏ ၂ဝ၁၁ ခုနှစ်စစ်တမ်းတွင် ဖေါ်ပြထားခြင်းဖြစ်သည်။
စစ်တမ်းက ဖေါ်ပြရာတွင် မြန်မာနိုင်ငံသည် ရမှတ် ၃ဝ သာရရှိပြီး အညံ့ဆုံး အဆင့်ဟု ဖေါ်ပြကာ ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပြောင်းလဲမှုများပြုလုပ်လာပြီး ၂ဝ၁၂ ခုနှစ်တွင် နိုင်ငံတကာ ကုန်သွယ်မှုကို ပိုမိုဖွင့်ပေးနိုင်ရန် လိုသည်ဟု ဖေါ်ပြထားသည်။
ရိုက်တာ သတင်းတပုဒ်၏ ကြာသပတေးနေ့ ဖေါ်ပြမှုတွင် မြန်မာနိုင်ငံအတွင်း ပြောင်းလဲမှုများ ပြုလုပ်နေသော်လည်း အနောက်နိုင်ငံများ၏ ရေနံကုမ္ပဏီများသည် ရင်းနှီးမြှုပ်နှံရန် တွန့်ဆုတ်နေသေးဟု ဖေါ်ပြသည်။
ကမ်းလွန်ရေနံလုပ်ကွက်များအတွက် တင်ဒါများကို မြန်မာအစိုးရမှ ခေါ်ယူနေသော်လည်း အနောက်နိုင်ငံများမှ ရေနံကုမ္ပဏီများ ပါဝင်သည်ကို မတွေ့ရဘဲ ဒေသခံ ကုမ္ပဏီများသာ တင်ဒါများ ဝယ်ယူကြသည်ဟုလည်း ရိုက်တာ က ဖေါ်ပြသည်။
Vriens & Partners ၏ စစ်တမ်းအရ စင်္ကာပူနိုင်ငံသည် နိုင်ငံတကာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် သင့်တော်သည့်ရမှတ် အများဆုံးရရှိပြီး ပထမဆုံးအဆင့်တွင် တည်ရှိကာ ဟောင်ကောင်က ဒုတိယနေရာတွင် တည်ရှိနေသည်။ မြန်မာ့အိမ်နီးချင်း အရှေ့တောင်အာရှ နိုင်ငံများဖြစ်သည့် ထိုင်းသည့် အဆင့် ၁ဝ တွင် တည်ရှိနေပြီး၊ အင်ဒိုနီးရှား၊ ဗီယက်နမ်တို့က အဆင့် ၁၁နှင့် ၁၂ တို့တွင် အသီးသီး တည်ရှိနေသည်။
Vriens & Partners အဖွဲ့သည် အာရှ- ပစိဖိတ်ဒေသနိုင်ငံများ၏ အစိုးရများ၏ နိုင်ငံတကာ ဆက်ဆံရေး၊ နိုင်ငံရေး အခြေအနေများ၊ ဒေသတွင် ပြည်သူလူထု အခြေအနေတို့ကို လေ့လာကာ တင်ပြပေးနေသည့် အဖွဲ့ဖြစ်သည်ဟု ယင်းတို့၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။