ထုတ်တင်ထဲ နှစ်မျိုးတိုး

(ကြားဖြတ်နှင့် သတင်းအကျဉ်း)

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၈ မိနစ်


ချင်းမိုင်(မဇ္စျိမ) ။        ။ မှုခင်း၊ စီးပွားရေးဆိုင်ရာဂျာနယ်နှင့် မဂ္ဂဇင်း အမျိုးအစားနှစ်မျိုးတို့ကို စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ စာမူကြမ်းတင်ပြရန် မလိုတော့ဘဲ ယခုတပတ်မှ စတင်၍ ထုတ်တင်စနစ်ဖြင့် ထုတ်ဝေဖြန့်ချိခွင့် ပြုလိုက်ပြီ ဖြစ်သည်။

ယခင်က ပုံမှန် ထုတ်ဝေခြင်း မပြုမီ ကြိုတင်ဆင်ဆာတင်ပြရသော မှုခင်း၊ ဥပဒေဆိုင်ရာနှင့် စီးပွားရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၅ဝ ကျော်ကို ယခုလ ၉ ရက်နေ့မှစတင်၍ ကြိုတင် တင်ပြရန် မလိုတော့ကြောင်း အင်္ဂါနေ့က သက်ဆိုင်ရာ ဂျာနယ်တိုက် တာဝန်ရှိသူများကို စာပေစိစစ်ရေးဌာနက စည်းဝေးခေါ်ယူကာ ခွင့်ပြုလိုက်ခြင်း ဖြစ် သည်။

သို့သော်လည်း အငြင်းပွားဖွယ်ရာ ခြွင်းချက်များလည်း ရှိနေခဲ့သည်။ မြန်မာ့ဓန မဂ္ဂဇင်းကို စီးပွားရေးမဂ္ဂဇင်းဟု မသတ်မှတ်ဘဲ  ထုတ်တင်ထဲတွင်သာ ထားခဲ့ခြင်းဖြစ်သလို နရသိန်မဂ္ဂဇင်းကိုလည်း မှုခင်းမဂ္ဂဇင်းအဖြစ် မသတ်မှတ်ဘဲ ခြွင်းချက်ချန်ထားခဲ့ခြင်း ဖြစ်သည်။

“စီးပွားရေးနဲ့ မှုခင်း၊ ဥပဒေနဲ့ ပတ်သက်တဲ့ ဂျာနယ်၊ မဂ္ဂဇင်းအုပ်စုတွေက ထုတ်တင်ထဲကို ပါသွားတယ်။ ကျနော်တို့ ဂျာနယ်က မပါသေးဘူး၊ ၁၉၉ဝ ထဲ မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်းဆိုပြီးချလာတယ်။ အခုတော့ ခွဲလိုက်တော့ နိုင်ငံရေးနဲ့ သမိုင်းဆိုပြီး သတ်မှတ် လိုက်တယ်။”ဟု မြန်မာ့ဓန စီးပွားရေး မဂ္ဂဇင်း အယ်ဒီတာချုပ် ဦးသီဟစောက ပြောသည်။

ယခုကဲ့သို့ စာပေစိစစ်ရေးဌာနက ဂျာနယ်၊ မဂ္ဂဇင်းအချို့ကို ထုတ်တင်သို့ ဖယ်လျော့ပေးလိုက်သည့်အပေါ် ကြိုဆိုကြောင်းနှင့် ဂျာနယ်တိုက် တာဝန်ခံ၊ အယ်ဒီတာများ ပိုမိုတာဝန်ကြီးလာသဖြင့် သတိထားရန် လိုအပ်လာသည်ဟု သူက ဆက်ပြောသည်။

သတင်း၊ ဘာသာရေး၊ ပညာရေးဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းများကို ပြန်ကြားရေးက အုပ်စု ၂ အမျိုးအစားအဖြစ် သတ်မှတ်ထားရာ ထိုအထဲမှ စီးပွားရေးနှင့် မူခင်းဆိုင်ရာနှစ်မျိုးကို အုပ်စု ၁ ထုတ်တင်အဖြစ်
လျော့ပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် အုပ်စု ၂ တင်ထုတ် အမျိုးအစားထဲမှ သတင်းနှင့် ဘာသာရေးဆိုင်ရာ နှစ်မျိုးကျန်နေပြီး ဂျာနယ်နှင့် မဂ္ဂဇင်းပေါင်း ၁၃ဝ ခန့်မှ စာပေစိစစ်ရေးထံ စာမူကြမ်း ကြိုတင် တင်ပြရန် လိုနေသေးသည်။

အုပ်စု ၁ ထုတ်တင် အမျိုးအစား အနုပညာ သုတရသ၊ ကျန်းမာရေး၊ အားကစား၊ ကလေး၊ နည်းပညာ စသည့် ဂျာနယ်နှင့် မဂ္ဂဇင်း အမျိုးအစား ငါးမျိုးထဲမှ ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၁၇၈ စောင်ကို ပြီးခဲ့သည့် ဇွန်လမှစ၍ ဆင်ဆာ ဘုတ် မဖြတ်ဘဲ ထုတ်ဝေခွင့် ပြုခဲ့သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး