မြဝတီ မြေငှားခ တရှိန်ထိုးမြင့်တက်
ကျော်ခ | သောကြာနေ့၊ ဒီဇင်ဘာလ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၀၀ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်လမ်းကြောင်းတခုဖြစ်သည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတား ဖွင့်လှစ်ပြီး ရက်ပိုင်းအတွင်း မြဝတီ ကုန်သွယ်ရေးဇုန်အနီး မြေငှားရမ်း ဈေးနှုန်းများ ထိုးတက်နေသည်။
မြဝတီမြို့အပြင်ဘက် ကုန်သွယ်ရေးဇုန်နှင့် မျက်နှာချင်းဆိုင် အာရှလမ်းမကြီးဘေးရှိ တိုက်ခန်းနှင့် မြေကွက်များ တွင် ကုန်ပစ္စည်း သိုလှောင်ရန်၊ ရုံးခန်းဖွင့်ရန်နှင့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များဖွင့်ရန် ရန်ကုန်၊ မော်လမြိုင်နှင့် အခြားမြို့များမှ လုပ်ငန်းရှင်များက လာရောက်၍ အပြိုင်အဆိုင် ငှားရမ်းနေကြသဖြင့် ဈေးနှုန်းများ တက်နေခြင်းဖြစ်သည်ဟု မြို့ခံကုန်သည်များက ပြောသည်။
“ငှားတဲ့လူတွေကတော့ ခြေချင်းလိမ်နေတာပဲ။ ကုန်သွယ်ရေးဇုန်ရှေ့မှာ အရင်တုန်းက ဘယ်သူမှ ငှားမယ့်သူ မရှိတဲ့ နေရာတွေမှာ တောင် ပေ ၄ဝx ပေ ၆ဝ ပတ်လည်ကွက်တွေကို အခု နှစ်သိန်းကျော် ပေါက်နေတယ်။” ဟု မြဝတီမြို့ခံ ကုန်သည် တဦးက မဇ္ဈိမကိုပြောသည်။
၂ဝ၁ဝ ဇွန်လပိုင်းတွင် မြန်မာဘက်က ပိတ်ထားခဲ့သော မြဝတီ-မဲဆောက် မြန်မာ-ထိုင်း ချစ်ကြည်ရေး နယ်စပ် တံတားကို ဒီဇင်ဘာ ၅ ရက်နေ့တွင် ပြန်ဖွင့်လှစ်ပြီးနောက် မြဝတီဘက်ခြမ်း စီးပွားရေးဇုန်အနီး မြေကွက်နှင့် တိုက်ခန်းများကို စီးပွားရေး လုပ်ငန်းရှင်များက လက်ဦးမှုရရန် ကြိုးစားလာကြသည်ဟု ဆိုသည်။
သို့သော် တံတားမပိတ်ခင်ကကဲ့သို့ ကုန်သွယ်မှုအနေအထား ပြန်မရောက်သေးသော်လည်း နယ်စပ်အေးချမ်းမှု ရှိနေပြီဖြစ်သည့်အတွက် ကုန်သွယ်ရေးမှာ ပိုမိုတိုးတက်လာတော့မှာ ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာန တာဝန်ရှိသူ တဦးက ပြောသည်။
“အခုချိန်ကတော့ စီးပွားရေးသမားတွေလည်း ပိုပြီးတော့ ရဲရဲဝံ့ဝံ့ လုပ်ကိုင်နိုင်တော့မယ်လို့ပဲ ပြောရမှာပေါ့။ အရင်တုန်းကတော့ လက်နက်ကိုင် ကိစ္စတွေလည်းရှိတော့ လုပ်ငန်းရှင်တွေ ဘက်ကလည်း လုပ်ရကိုင်ရတာ မဝံ့မရဲဖြစ်နေရတယ်လေ။ ခုတော့ DKBA တွေ၊ ဘာတွေနဲ့လဲ သဘောတူညီချက်က ရထားပြီဆိုတော့လေ။” ဟု သူက မဇ္ဈိမကိုပြောသည်။
ထိုင်းနိုင်ငံက အကုန်ကျခံပြီး မကြာခင် တည်ဆောက်တော့မည့် ချစ်ကြည်ရေးတံတား အမှတ် (၂) နှင့် အာရှ လမ်းမကြီးတို့ပြီးလျှင် အနာဂါတ်စီးပွားရေး ကုန်သွယ်လမ်းကြောင်း ပိုမိုပွင့်လင်းလာမယ်လို့ မြန်မာနှင့် ထိုင်းကုန်သည်များက ယုံကြည်နေကြသည်။
မြဝတီ ကုန်သွယ်ရေးဇုန်သို့ အမှတ် (၂) တံတားမှ ကုန်ပစ္စည်းများ တိုက်ရိုက် သယ်ယူနိုင်ရန်အတွက် ထိုင်းနိုင်ငံကလည်း မဲဆောက်မြို့ဘက်အခြမ်း၌ ကုန်သွယ်ရေးဇုန် တည်ဆောက်ရန်လျာထားပြီး ဖြစ်သည်။
၂၀၁၀ ခုနှစ်က မဲဆောက်-မြဝတီ တံတားပိတ်ထားစဉ်က ယင်းကုန်သွယ်ရေး လမ်းကြောင်းကို အမှီပြု စီးပွားရှာနေသည့် မြဝတီမြို့ပေါ်က ဈေးဆိုင်များ၊ တည်းခိုခန်းများ အပါအဝင် လုပ်ငန်းအများအပြား လည်ပတ်မှု ကျဆင်း သွားသည်။
ထို့အတူ ချစ်ကြည်ရေးတံတား မပိတ်မီက မြဝတီလမ်းကြောင်းမှ မြန်မာနိုင်ငံဘက် ပို့နေသည့် ပို့ကုန် တန်ဖိုး တလလျှင် ထိုင်းဘတ်ငွေ သန်း ၃,၀၀၀ ရှိနေရာမှ တံတားပိတ်ပြီး နောက်ပိုင်း တလ ဘတ်သန်း ၁,၂၀၀ ခန့်သာ ရှိခဲ့ကြာင်း ထိုင်းအာဏာပိုင်များက ပြောသည်။