ဂျော့ဆိုးရော့စ် မြန်မာပြည်ရောက်နေ

ကိုဝိုင်း | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ နိုင်ငံတကာတွင် ဒီမိုကရေစီရေးနှင့် လွတ်လပ်မှုအတွက် အကူအညီများ
ပေးနေသည့် OSI ခေါ် Open Sociaty Foundations ကို စတင်ထူထောင်သူ ဂျော့ဆိုးရော့စ် George Soros သည် ဗုဒ္ဓဟူးနေ့တွင် အင်းလေးကန်သို့ အလည်အပတ်ရောက်နေသည်ဟု ရှမ်းပြည်နယ် အစိုးရ အဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

“သူတည်းတဲ့ ခေါင်တိုင် ကျေးရွာမှာရှိတဲ့ ဟိုတယ်က တာဝန်ရှိတဲ့သူတွေကို သွားတွေ့ပြီး ကျနော် သိရတယ်” ဟု ဦးဝင်းမြင့်က ဆိုသည်။

ဂျော့ဆိုးရော့စ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ တွေ့ဆုံရန် ရှိမရှိကိုမူ “သူခေါ်မှပဲ ကျနော်တို့ သွားမယ်။ ရှမ်းပြည်နယ်အစိုးရကတော့ ဒီလိုမျိုးနိုင်ငံခြားသားနဲ့ တွေ့ဖို့ မတွေ့ဖို့ အမိန့်ထုတ်ထားတာ မရှိပါဘူး” ဟု ပြောသည်။

pen Sociaty Foundations ကို စတင်ထူထောင်သူ
ဂျော့ဆိုးရော့စ် George Soros (ဓါတ်ပုံ wikipedia.org)
ညောင်ရွှေမြို့နှင့် ၇ မိုင်ခန့်ကွာဝေးသည့် အင်းလေးကန်စပ်မှ ခေါင်တိုင်ကျေးရွာတွင် တည်းခိုနေသည့် ဂျော့ဆိုးရော့စ်သည် အင်းလေးနှင့် ပုဂံဒေသရှိ ၎င်းလှူဒါန်းထားသည့်
နေရာများသို့ အလည်အပတ် လာရောက်ခြင်း
ဖြစ်သည်ဟု သိရသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့က ကိုယ်ပိုင်လေယာဉ်ဖြင့်
ရောက်ရှိလာပြီး လာမည့် လဆန်းတွင် ပြန်မည့်
ဂျော့ဆိုးရော့စ် အား အစိုးရ တာဝန်ရှိသူများက
တွေ့ဆုံရန် ပြင်ဆင်နေသည်ဟု စီးပွားရေး လုပ်ငန်းရှင်ကြီး တဦးကလည်း ပြောသည်။

အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ဇန်နဝါရီ ၂ ရက် ညနေပိုင်း တွေ့နိုင်ရန် ကြိုးစားနေသည်ဟုလည်း ဆိုသည်။

“သူ မနေ့က ဆရာဦးမြင့်တို့နဲ့ တွေ့တယ်လို့ကြားတယ်ဗျ။ ၂၆၊ ၂၇ က သူ ရန်ကုန်မှာရှိပြီး ဒီနေ့တော့ အင်းလေး သွားတယ် ပြောတယ်။ သူ့သားနှစ်ယောက်လည်းပါတယ်။ သူ့ရဲ့ မိသားစု ဒီမှာ vacation visit ပေါ့ဗျာ။” ဟု စီးပွားရေး လုပ်ငန်းရှင် တဦးက မဇ္ဈိမကို ပြောသည်။

အသက် ၈၁ နှစ်ရှိပြီဖြစ်သည့် ဂျော့ဆိုးရော့စ်ကို ဟန်ဂေရီနိုင်ငံ နှစ်ခြင်းခရစ်ယာန်မိသားစုမှ ၁၉၃၀ ခု သြဂုတ်လ တွင် မွေးဖွားခဲ့သည်။ နာဇီဝါဒီများ၏ နှစ်ခြင်းခရစ်ယာန်များကို နှိပ်စက်မှုမှ လွတ် မြောက်နိုင်ရန် ၁၉၄၇ ခုတွင် ဗြိတိန်သို့ ပြောင်းရွှေနေထိုင်ခဲ့သည်။ ၁၉၅၂ ခုတွင် လန်ဒန်တွင် စီးပွားရေးဖြင့် ဘွဲ့ရခဲ့သည်။

အမေရိကန်အခြေစိုက် OSI ကို ဂျော့ဆိုးရော့စ်က ၁၉၉၃ ခုတွင် ထူထောင်ခဲ့သည်။ ယခုအခါ ဥရောပ၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့ရှိ နိုင်ငံ ၇၀ ကျော်တွင် ရုံးခွဲများထားရှိပြီး လူ့အခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ သတင်းလွတ်လပ်ခွင့် စသည်တို့အတွက် အမေရိကန် ဒေါ်လာ သန်း ၈၀၀၀ ကူညီခဲ့ပြီးဖြစ်ကြောင်း အဖွဲ့က ထုတ်ပြန်ထားသည်။

မြန်မာ့ဒီမိုကရေစီအရေးအတွက် တနှစ်လျှင် ဒေါ်လာ နှစ်သန်း သုံးစွဲလေ့ရှိသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး