ကင်ဂျုံအီအလွန် မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး

ထွန်းထွန်း | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၂၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၈ မိနစ်


( ဦးကိုကိုလှိုင်နှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။       ။ ကမ္ဘာပေါ်တွင် တခုတည်းသော မျိုးရိုးစဉ်ဆက် အုပ်ချုပ်ပြီး ကွန်မြူနစ် စနစ် ကျင့်သုံးသော မြောက်ကိုရီးယားနိုင်ငံ၏ အကြွင်းမဲ့အာဏာရှင် ကင်ဂျုံအီ ကွယ်လွန်သွားသော်လည်း
မြောက်ကိုရီးယားနှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအတွက် တစုံတရာ ပြောင်းလဲမှုရှိမှာ မဟုတ်ဟု မြန်မာ သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဦးကိုကိုလှိုင်က ပြောဆိုသည်။

တောင်ကိုရီးယား ခရီးသည်တင် လေယာဉ်တစီးကို ပစ်ချရန် အမိန့်ပေးခဲ့သူဟု ဆိုသော အသက် ၆၉  နှစ်အရွယ် ကင်ဂျုံအီမှာ  ရထားဖြင့်ခရီးသွားစဉ် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ယင်းနေရာအား ဆက်ခံရန်အတွက် တတိယမြောက်သားဖြစ်သူ အသက် ၂၇ အရွယ်ရှိမည်ဟု ခန့်မှန်းရသော ကင်ဂျုံအွန်းကို လွှဲပြောင်းပေးမည်ဆိုသော ကောလဟလများလည်း ထွက်ပေါ်နေခဲ့သည်။  ၎င်းအား ၂၀၁၀ ခုနှစ် အောက်တိုဘာလအတွင်းက ကြယ်လေးပွင့် အဆင့် ဗိုလ်ချုပ်ကြီးရာထူးသို့ တိုးမြှင့်ပေးထားခဲ့ကြောင်း စီအန်အန် သတင်းဌာနက ရေးသားထားသည်။

သမ္မတ၏ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဦးကိုကိုလှိုင်
(ဓါတ်ပုံ မဇ္ဈိမ)
၁၉၉၄ ခုနှစ် နောက်ပိုင်း  ကင်ဂျုံအီ အာဏာ ဆက်ခံပြီးနောက်
မြန်မာနှင့် သံတမန် ဆက်ဆံမှုကို လျှို့ဝှက်ကာပြန်လည် ထူထောင်ခဲ့သည်ဟု ယုံကြည်ရသည်။

၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့က တောင်ကိုရီးယား သမ္မတ ချွန်ဒူးဝှမ်ကို မြန်မာနိုင်ငံတွင် လုပ်ကြံ သတ်ဖြတ်ရန် စီစဉ်ခဲ့မှုကြောင့် မြန်မာက မြောက်ကိုရီးယားနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်ခဲ့သည်။

ယခင် မြန်မာ စစ်အစိုးရ လက်ထက်တွင် မြောက်ကိုရီးယားထံမှ ဒုံးပျံ နည်းပညာများ ရယူမှု ရှိခဲ့သည်ဆိုသော ကျွမ်းကျင်သူများ
ပြောဆိုမှု အပါအဝင် မြောက်ကိုရီးယား အကူညီဖြင့်
နျူးကလီးယား လက်နက်ကိုပါ ထုတ်လုပ်နိုင်ရန် ကြိုးပမ်းသည် ဟူသော စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ မြန်မာ  တာဝန်ရှိသူများကတော့ နျူကလီယား လက်နက်ထုတ်လုပ်ရန် ကြိုးပမ်းမှုမရှိဟု ငြင်းဆန်ခဲ့သည်။

အင်အား ၁.၂ သန်း စစ်တပ်ရှိသော မြောက်ကိုရီးယား၏ ခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်သွားပြီ
ဖြစ်သည့် အတွက် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် သက်ရောက်နိုင်မှု၊ စစ်ရေးဆက်ဆံမှု အနေအထားနှင့် စစ်ရေး ဆက်ဆံမှုကြောင့် နိုင်ငံတကာက ထားရှိသည့် သံသယပြေပျောက်ဖွယ် ရှိ၊ မရှိနှင့် ပတ်သက်၍ ဦးကိုကိုလှိုင်အား မဇ္ဈိမသတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားသည်။


မြန်မာနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြားမှာ ရှိတဲ့ ဆက်ဆံမှုတွေဟာ အခုခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်သွားပြီဖြစ်လို့ တစုံတရာ ပြောင်းလဲမှု ရှိလာနိုင်မလား။

“ကျနော့် တယောက်တည်း အမြင်ပြောရင်တော့ သိပ်ရှိနိုင်စရာ အကြောင်း မရှိပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ သေသွားလို့လည်းပဲ မြောက်ကိုရီးယားနိုင်ငံရဲ့ မူဝါဒတွေက ထူးထူးခြားခြား ပြောင်းလဲလာမယ်လို့လည်း သိပ်ပြီးတော့ မထင်ပါဘူး။ သူတို့ ဒီပုံစံအတိုင်းပဲ ဆက်သွားမယ့် အနေအထား မျိုးပဲ ရှိပါတယ်။ သူ့သား ကင်ဂျုံအွန်းက ဆက်ခံတဲ့ ဆက်ခံမှု အပြောင်းအလဲပဲ ရှိမှာပဲ ဖြစ်သော်ငြားလည်း သူတို့ရဲ့ မူဝါဒတွေကတော့ သိပ်ထူးထူးခြားခြား ပြောင်းလဲသွားလိမ့်မယ်လို့ ကျနော်တော့ မမြင်ပါဘူး”

အခု ကင်ဂျုံအီ ကွယ်လွန်တဲ့အတွက် အာရှဈေးကွက်တွေ ကျဆင်းမှု ရှိသလို တောင်ကိုရီးယားမှာဆိုရင် စစ်တပ်ကို Alert လုပ်ထားတာတွေလည်း ရှိပါတယ်။ ဒီတော့ မြန်မာပြည်မှာကော ဘယ်လို သက်ရောက် မှုတွေ ရှိလာနိုင်ပါသလဲ။

“ဒီလောက်ကြီးတော့လည်း များများစားစား ရှိနိုင်စရာတော့ အကြောင်းမရှိပါဘူး။ ဒါ တောင်ကိုရီးယား အနေနဲ့ ကတော့ သူက မြောက်ကိုရီးယားနဲ့ နယ်နိမိတ်ချင်းလည်း ကပ်နေသလို အမြဲတမ်းလိုလိုလည်းပဲ သူက ရန်ဘက်နိုင်ငံ လို ဖြစ်နေတဲ့အခါကျတော့ တခုခု အပြောင်းအလဲဖြစ်ရင် သတိထားရတာ သူတို့ရဲ့ ထုံးစံပါပဲ။  ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ကတော့ အလှမ်းလည်း ဝေးပါတယ်။ ဘာမှလည်းပဲ သိပ်ကြီး နီးနီးကပ်ကပ်ပေါ့လေ။ ဆက်သွယ်ဆောင်ရွက်မှုကလည်း များများစားစား ရှိတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ သိပ်ကြီး ထူးထူးခြားခြား ပြောင်းလဲမှုရှိမယ် လို့ မထင်ပါဘူး”


မြောက်ကိုရီးယားက မြန်မာနိုင်ငံထက် စာရင် နည်းပညာပိုင်းမှာ သာလွန်မှုရှိတာ တွေ့ရပါတယ်။ ဒီတော့ နှစ်နိုင်ငံ ဆက်ဆံရေး အနေနဲ့ မြန်မာနိုင်ငံက ဘယ်လိုကဏ္ဍတွေအတွက် အထောက်အကူ
ဖြစ်စေနိုင်မယ့် နည်းပညာများ ရှိနိုင်တယ်လို့ ပြောနိုင်မလဲ။

“မြောက်ကိုရီးယား နည်းပညာကလည်းပဲ မြန်မာပြည်ထက် သာတယ်လို့ ဆိုပေမယ့် သိပ်ကြီး ဟိုဝှာပေါ့။ တခြားနိုင်ငံတွေနဲ့ယှဉ်ရင် သူက သိပ်ကြီး များများစားစား သာနေတာ မဟုတ်ပါဘူး။ သူကိုယ်တိုင်ကလည်းပဲ ဒုတိယကမ္ဘာစစ် စစ်ကျန် နည်းပညာတွေ၊ တရုတ်တို့ ရုရှားတို့စီက ရတဲ့ နည်းပညာတွေနဲ့ပဲ ပြန်ထူထောင် ထားတာပဲလေ။ အဲဒီတော့ မြန်မာနိုင်ငံအနေနဲ့က တရုတ်နဲ့ကော၊ ရုရှားနဲ့ကော၊ အခုဆိုရင် အနောက်အုပ်စု နိုင်ငံတွေနဲ့ပါ ဆက်သွယ်မှု တိုးမြှင့် လာပြီဆိုတဲ့အခါကျတော့ မြောက်ကိုရီးယားရဲ့ နည်းပညာက ဒီလောက်ကြီးတော့ အရေးပါလှမယ်လို့ မထင်ပါဘူး”


မြောက်ကိုရီးယားနိုင်ငံကို ကြည့်မယ်ဆိုရင် အဆောက်အအုံ ကြီးကြီးမားမားနဲ့ လမ်းတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖောက်လုပ်ထားတဲ့ပုံစံကို တွေ့ရပါတယ်။ နောက် ထူးခြားချက်ဆိုရင် သူ့ရဲ့ လမ်းတွေ ကို ပိတ်ဆို့မှု မရှိအောင် လုပ်ထားတာ တွေ့ရပါတယ်။ ဒီတော့ မြန်မာနိုင်ငံက နေပြည်တော်ကလည်း အဲဒီပုံစံဖြစ်နေတော့ ဒါ မြောက်ကိုရီးယားကို နမူနာယူပြီးဆောက်လုပ်ထားတာ ပြောနိုင်မလား။

“လမ်းကတော့ ကျယ်ကျယ်ဝန်းဝန်းနဲ့ ကောင်းကောင်းမွန်မွန် သွားလာဖို့ လုပ်ထားတာတော့ နိုင်ငံတိုင်း လိုလိုပါပဲပေါ့နော်။ အထူးသဖြင့်တော့ မြို့သစ်ကို တည်နိုင်တဲ့ အခါကျလို့ရှိရင်၊ မြို့သစ်ကို စနစ်တကျ အကွက်ချပြီး တည်တဲ့ အခါကျလို့ရှိရင် စဉ်းစားပြီး လုပ်တဲ့အခါမှာ လမ်းပန်းတွေ၊ အဆောက်အအုံတွေ၊ ဒါတွေ ကလည်း ထည့်ပြီးတော့မှ တွက်ပြီးတော့ လုပ်ကြတာပါပဲ။ မြောက်ကိုရီးယားမှ လမ်းကျယ်ကျယ် လုပ်တာတော့ မဟုတ်ပါဘူး။ ကျန်တဲ့ နိုင်ငံက မြို့တွေလည်းပဲ ဒီလိုပဲ လမ်းကျယ်ကြီးတွေနဲ့ လုပ်ကြတာ။ မြို့သစ် တည်နိုင်လို့ ရှိရင် ဒီလိုပဲ လုပ်ကြတာ။ ဥပမာဖြင့် ဆိုလို့ရှိရင် မလေးရှားနိုင်ငံက ဖူချဖာဂျာရတို့လို၊ ဒါမှမဟုတ် ရင် အစ္စလာမ္မာဘတ်၊ ပါကစ္စတန်တို့မှာ အသစ်တည်တဲ့ မြို့တိုင်းကတော့ ဒီလိုပါပဲ။ ဘာမှ ထူးထူးခြားခြား မြောက်ကိုရီးယားကို အတုခိုးရလောက်အောင်တော့ မရှိပါဘူး”


မြောက်ကိုရီးယားနဲ့ မြန်မာ နှစ်နိုင်ငံဆက်ဆံတဲ့ နေရာမှာ နိုင်ငံရေးပိုင်းထက် စာရင် စစ်ရေးဘက်မှာ ကူးလူးဆက်ဆံမှု ပိုရှိတာကို တွေ့ရပါတယ်။ အဲဒီပေါ်မှာကော အန်ကယ့် အနေနဲ့ ဘယ်လိုပြောချင် ပါသလဲ။

“ဟုတ်ကဲ့။ တပ်မတော်ချင်း ဆက်ဆံရေးကတော့ ရှိခဲ့တယ်ပေါ့နော်။ သို့သော်ငြားလည်းပဲ ကုလသမဂ္ဂ ကနေပြီးတော့မှ မြောက်ကိုရီးယားနိုင်ငံ အပေါ်မှာ ဆုံးဖြတ်ချက်တွေ ချပြီးတဲ့နောက်ပိုင်းမှာ ဒီ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက် ပြီးတော့မှ မြန်မာနိုင်ငံ အနေနဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်တာနဲ့ အညီပေါ့နော်။ ဒီဆုံးဖြတ်ချက်တွေ အတိုင်းပဲ လိုက်နာနေတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ အဲဒါတွေကတော့ ဥပမာအားဖြင့် ဆိုရင်တော့ အနုမြူလက်နက်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ နောက် လက်နက် အရောင်းအဝယ် ကိစ္စတွေ ပေါ့လေ။ ဒါတွေက ကန့်သတ်မှု ရှိတယ်လေ။ ဒါတွေကိုလည်းပဲ
မြန်မာနိုင်ငံအနေနဲ့က ကုလသမဂ္ဂ ဆုံးဖြတ်ချက်အတိုင်း လိုက်နာမယ်လို့ နိုင်ငံခေါင်းဆောင်တွေ၊
မြန်မာနိုင်ငံက နိုင်ငံခေါင်းဆောင်တွေက အတိအလင်း ပြောထားပြီးသား ဖြစ်ပါတယ်။ ဆိုတော့ အဲဒီလို အခြေအနေ မျိုးပဲ ဖြစ်ပါတယ်”

အခု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီ ကွယ်လွန်ပြီဆိုတော့ နှစ်နိုင်ငံစစ်ရေး ပတ်သက်မှု ရှိတယ် ဆိုပြီး နိုင်ငံတကာက ထားရှိတဲ့ သံသယတွေကော ပြေလျော့ဖွယ် ရှိသလား။

“အဲဒါကတော့ အဲဒီနိုင်ငံတွေ အပေါ်မှာပဲ မူတည်လိမ့်မယ် ထင်တာပါပဲ။ သူကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက် လာလို့ ရှိရင် ပြောကြဆိုကြတဲ့ နေရာပေါ့။ ပြောကြဆိုကြတဲ့ အဖွဲ့အစည်းတွေ၊ ပြောကြဆိုကြတဲ့ ပုဂ္ဂိုလ်တွေ
တော်တော် များများ ကတော့ သူတို့ရဲ့ မူလရည်ရွယ်ချက်ကိုက စွပ်စွဲချင်တဲ့ ရည်ရွယ်ချက်ကလေးနဲ့
ပြောနေတယ် ဆိုရင်တော့ လည်း ရှာဖွေပြီးတော့မှ စွပ်စွဲပြီး ပြောနေဦးမှာပါပဲ။ ကင်ဂျုံအီ သေသည်ပဲဖြစ်စေ၊ မသေသည်ပဲဖြစ်စေ ပြောစရာ ရှိရင် ပြောနေဦးမှာပဲ”

“နည်းနည်း သေချာလေ့လာပြီးတော့မှ၊ ဒါ ကြည့်ပြီးတော့မှ စဉ်းစားတတ်တယ်ဆိုရင် စဉ်းစားတဲ့အတိုင်း
ပြောကြတာပေါ့။ ဒါကြောင့်မို့လို့ ပြောကြတဲ့သူတွေရဲ့ စိတ်ရင်းခံပေါ်မှာ မူတည်ပါလိမ့်မယ်”

မြန်မာနိုင်ငံက ကိုယ်နဲ့ ဆက်ဆံမှုရှိတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့ ပတ်သက်တာ၊ အထိမ်းအမှတ်ပွဲ တို့ဆိုရင် သဝဏ်လွှာ ပို့လေ့ပို့ထရှိတာ သတင်းစာမှာ အမြဲတမ်း ဖတ်ရပါတယ် ခင်ဗျ။ ဒီတခေါက် ကင်ဂျုံအီ ကွယ်လွန်တာနဲ့ ပတ်သက်ပြီး ဝမ်းနည်းကြောင်း သဝဏ်လွှာကို သတင်းစာမှာ မတွေ့ရပါဘူး။ ဒါဟာ ထူးခြားမှုတရပ်လို့ ပြောနိုင် မလား။

“အဲဒါတော့ ကျနော်တို့က မသိဘူးပေါ့နော်။ သတင်းစာတောင်မှ ဒီကနေ့ သတင်းစာ မဖတ်ရသေးဘူး။ အဲဒီတော့ ပို့ချင်လည်း ပို့မှာပေါ့နော်။ မပို့ချင်လည်း မပို့ဘူးပေါ့။ အဲဒါတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ပဲ ဆိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်တို့တော့ မပြောတတ်ဘူးပေါ့နော်”

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး