ရုပ်ရှင်နှင့် ဗွီဒီယိုဆင်ဆာ ၄ ချက်လျှော့ပေးလာ
ကျော်ခ | တနင်္လာနေ့၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၇ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ ပြန်ကြားရေးဝန်ကြီးဌာနက ရုပ်ရှင်နှင့် ဗွီဒီယိုများအပေါ် တင်းကြပ်ထားသည့် ဆင်ဆာ အချက် ၁၀ ခု အနက်မှ ၄ ချက် လျှော့ချပေးလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးထံမှ သိရသည်။
တင်းကြပ်မှု ပြုထားသည့် ၁၀ ခုထဲမှ “ကိုယ်ကျင့်တရား ကောင်းမွန်ရေး၊ ရာဇဝတ်မှု ပပျောက်ရေး၊ ညစ်ညမ်းမှု ကင်းရှင်းရေး၊ ကလေးသူငယ်များအရေး” ဟူသည့် အချက် ၄ ချက်ကို လျှော့ချလိုက်ပြီ
ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် မြန်မာ့ရုပ်ရှင် လုပ်ငန်းရုံးချုပ်တွင် စနေနေ့က တရားဝင် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။
“အစိုးရသစ်လက်ထက် တဘက်မှာ စာနယ်ဇင်းလွတ်လပ်ခွင့်တွေပေးနေသလို ကျနော်တို့ ဒီဘက်က ဂီတ၊ ရုပ်ရှင် ဆင်ဆာတွေမှာလည်း လိုအပ်တဲ့ လွတ်လပ်ခွင့်တွေပေးလိုက်တဲ့သဘောပါပဲ။ ကျန်တဲ့ ၆ ချက်ကိုလည်း အချိန်အခါနဲ့ အမျှ လျှော့သင့် လျှော့ထိုက်တာကို ထပ်ပြီး လျှော့ပေးပါမယ်လို့ ဝန်ကြီး (ဦးကျော်ဆန်း) ကလည်း ပြောပါတယ်” ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးမြင့်သိန်းဖေက မဇ္ဈိမကို ပြောသည်။
မြန်မာ့ယဉ်ကျေးမှုအရ တလင်တမယားစနစ်ကို ဆန့်ကျင်မှုများ၊ တပါးသူ၏ သားမယားနှင့် ပြစ်မှားခြင်းကို အတုယူဖွယ် ဖြစ်သော ပြကွက်များ မပါရှိစေရန်၊ လိင်တူ ချစ်ခန်းကြိုက်ခန်းများ မပါရှိစေရန်အတွက် ကန့်သတ်ထား သည်။
ယင်းအပြင် လူကုန်ကူးမှုနှင့် ပြည့်တန်ဆာ လုပ်ငန်းများကို အသားပေးထားသည့် ပြကွင်းပြကွက်များနှင့်
သောက်စား မူးယစ်မှု လွန်ကဲသည့် ပြကွက်များ မပါရှိစေရန် မြန်မာ့ရုပ်ရှင်လုပ်ငန်း ဆင်ဆာဘုတ်အဖွဲ့က တားမြစ်ထားသည်။
“အရင်တုန်းကတော့ ကလေးတွေ ဈေးရောင်းတာတို့ ဘာတို့ကို ကျနော်တို့ ဆင်ဆာက သိပ်လက်မခံဘူးပေါ့။ ခုတော့ ဇာတ်လမ်းအရ ကလေးက ဈေးရောင်းဖို့ လိုတယ်။ နောက်ပိုင်းမှာကျမှ ကလေးက ဈေးရောင်းတာက ဘာကြောင့်ဆိုတာကို ဖေါ်ပြနိုင်တယ်ဆိုရင် ရိုတ်လို့ရမယ်ပေါ့၊ ဒီသဘောလေးတွေပါ” ဟု ဦးမြင်သိန်းဖေက ဆိုသည်။
ယင်းဆင်ဆာ ကန့်သတ်ချက်များကို မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ - မဆလခေတ်က ဥပဒေပြုကန့်သတ် ထားခြင်းဖြစ်ကာ လက်ရှိအခြေအနေအရ လိုအပ်သည့် အချက်များကိုမူ ပြန်ကြားရေးဝန်ကြီးဌာနမှ ထိန်းချုပ် ထားဦးမည် ဖြစ်သည်။
ကျန်ရှိနေသည့် ကန့်သတ်ချက် ၆ ခုမှာ “နိုင်ငံရေး၊ ဘာသာရေး၊ တိုင်းရင်းသားချစ်ကြည်ရေး၊ အမျိုးသား ယဉ်ကျေးမှု ထိန်းသိမ်းရေး၊ ရက်စက်ကြမ်းကြုတ်မှုများ ပါဝင်မှု မရှိစေရေး၊ ကာမဆိုင်ရာ လှုံ့ဆော်မှုများ ပါဝင်မှု မရှိစေရေး” တို့ ဖြစ်ပြီး လိုအပ်ပါက ထပ်မံလျှော့ချပေးဖွယ် ရှိသည်။
“ဥပမာ နိုင်ငံရေးပေါ့ဗျာ။ အချုပ်အခြာ၊ အာဏာထိခိုက်မယ် တရားဥပဒေ စိုးမိုးရေး ထိခိုက်မယ်ဆိုရင်တော့ မကောင်းဘူး ဆိုတော့ အဲဒါချန်ထားတဲ့ သဘောလေးတွေပေါ့။ တိုင်းရင်းသားချစ်ကြည်ရေးဆိုတာကလည်း Very Sensitive ပေါ့ဗျာ။ တိုင်းရင်းသား တဦးနဲ့တဦး ချစ်ကြည်ရေးပျက်ပြားအောင် မလုပ်သင့်ဘူး။ အဲလိုအချက်တွေကိုတော့ ချန်ထားသေးတာပေါ့”ဟု ဦးမြင့်သိန်းဖေက ရှင်းပြသည်။
သို့သော် ဆင်ဆာတားမြစ်မှုများအား ရှောင်ရှားရိုက်ကူးရခြင်းနှင့် ရိုက်ကူးပြီး ဇာတ်ကားများ ဆင်ဆာထိပါက
ပြန်လည် ရိုက်ကူးရသည့် အတွက် ငွေကြေး ဆုံးရှုံးနစ်နာမှုများ ရှိနေသည်ဟု ရိုက်ကူးရေးနှင့် ထုတ်လုပ်ရေး သမားများက ဆိုသည်။
“အဖက်ဖက်က ကျဆင်းမှုတွေကို ခံနေရသလို၊ ထုတ်လုပ်တဲ့ဘက်က အရည်အသွေး နိမ့်ပါးရတဲ့ကြားထဲမှာ ဆင်ဆာ က အဲလိုမျိုး လုပ်နေတော့ ကျနော်တို့ ရုပ်ရှင်က နည်းနည်းလေး ဦးနှောက်သုံး ကြည့်မယ်ဆိုရင် ကြည့်ချင်စရာ ဘာမှကို မရှိဘူးဖြစ်သွားတော့တာ” ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် မလိုအပ်ဘဲ ထုတ်ပြန်ထားသည့် ဆင်ဆာဥပဒေများ၊ စစ်မှန်မှုမရှိသည့် နိုင်ငံရေး အခြေအနေနှင့် စီးပွားရေးကျဆင်းမှုများကြောင့် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှာ အရှေ့တောင်အာရှနိုင်ငံများထဲတွင် အနိမ့်ဆုံး အဆင့်ရောက်ရှိနေရသည်ဟု သုံးသပ်သည်။
ဒါရိုက်တာ မင်းထင်ကိုကိုကြီးမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ချက်ဖြင့် ပြုလုပ်မည့် “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင်ပွဲတော် The Art of Freedom Film Fesitival တွင် ဦးဆောင်ပါဝင်သူ တဦးလည်းဖြစ်ကာ ယင်းပွဲကို ဒီဇင်ဘာလ နှောင်းပိုင်းတွင် ကျင်းပမည် ဖြစ်သည်။
ယင်းပွဲအား လုပ်ထုံးလုပ်နည်းအတိုင်း ဆင်ဆာအဖွဲ့သို့ တင်ပြရန်အတွက် မြန်မာ့ရုပ်ရှင်လုပ်ငန်းက
ပြောဆိုခဲ့ဖူးသော်လည်း ဆင်ဆာ တင်မည်၊ မတင်မည်ကိုမူ ထည့်သွင်းမဆုံးဖြတ်ထားကြောင်း ဦးဆောင်သူများက ဆိုသည်။