Monday, July 4, 2011

ရွေးကောက်ပွဲရှုံး ထိုင်းဝန်ကြီးချုပ် အပြုသဘော အတိုက်အခံအဖြစ် ရပ်တည်မည်ဆို

ကိုဝိုင်း| တနင်္လာနေ့၊ ဇူလိုင်လ ၀၄ ရက် ၂၀၁၁ ခုနှစ် ၁၀ နာရီ ၄၆ မိနစ်

ဘန်ကောက်(မဇ္ဈိမ) ။      ။ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မစ္စတာ အဖိဆစ် ဝေ့ခ်ျချာချီဝက ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ဝန်ခံပြီး အပြုသဘောဆောင်သည့် အတိုက်အခံအဖြစ် ရပ်တည်သွားမည်ဟု ပါတီဌာနချုပ် တနင်္ဂနွေနေ့ည သတင်းစာရှင်းပွဲတွင် ပြောသည်။

ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်ခံပြီးနောက် အပြုသဘောဆောင်သော အတိုက်အခံအဖြစ် ရပ်တည်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။ ဓာတ်ပုံ- မဇ္ဈိမ

အောက်လွှတ်တော်နေရာ ၅ဝဝ အတွက် မဲပေးကြရာ ၉၆ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် အဓိက ယှဉ်ပြိုင်ဖက် ဖူးရာ့ထိုင်းပါတီခေါင်းဆောင် မစ္စစ် ယင်လတ်ခ် ရှင်နာဝပ်ထရာက ၁ဝ၂ မဲ အသာဖြင့် အနိုင်ရနေသည်။ မစ္စ ယင်လတ်ခ်က ၂၆၂ နေရာ၊ ဒီမိုကရက်တစ်က ၁၆ဝ ဖြစ်သည်။

ဖူ့ရ်ထိုင်းပါတီအနေဖြင့် မစ္စတာသက်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ထိုင်းနိုင်ငံသို့ ပြန်လာရန် မည်သည့် ကြိုးစားမှုကို မဆို ဆန့်ကျင်သွားမည်ဟုလည်း လက်ရှိဝန်ကြီးချုပ် အဘီဆစ်က ပြောသည်။

“အစိုးရအသစ်ကို ဦးဆောင်ခွင့်ရသွားတဲ့ ဖူ့ရ်ထိုင်းပါတီအတွက် ကျနော်ဂုဏ်ယူပါတယ်။ ဒါပေမယ့် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ကိစ္စကိုတော့ ဆန့်ကျင်သွားမှာပါ”ဟု သတင်းထောက်များကို ပြောကြားသွားသည်။

နိုင်ငံရေး လူသစ်တန်း အသက် ၄၃ နှစ်အရွယ် မစ္စစ်ယင်လတ်ခ်က အမေရိကန် KentuckyState University မှ နိုင်ငံရေး ဘွဲ့များရထားသူ ဖြစ်ပြီး သက်ဆင်အား လွတ်ငြိမ်းခွင့်ပေးရန် ကြိုးစားမည်ဟု ၂ဝ၁၁ မေလအတွင်းက ပြောခဲ့ဖူးသည်။ သို့သော်လည်း နောက်တလအကြာတွင် ငြင်းဆိုပြန်သည်။

ဖု့ရ်ထိုင်းက အစိုးရဖွဲ့နိုင်ရေးအတွက် အမတ်နေရာ ၂ဝ ကျော်ရထားသည့် ချတ်ထိုင်းပထနာ ပါတီနှင့် ဆွေးနွေးပြီးပြီဟု ဆိုသည်။ ဘွန်ကျိုင်းထိုင်းပါတီ ၃၅နေရာ၊ ချတ်ထိုင်းပါထနာ ၂၁၊ ချတ်ထိုင်းပထနာ ဖီပဒင်းပါတီ ၁ဝ နေရာ ရရှိထားကြသည်။

၂ဝဝ၆ခုတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် သက်ဆင်ကို လုပ်ပိုင်ခွင့် အလွဲသုံးစားမှုဖြင့် ထောင်ဒဏ် ၂ နှစ် ချသော်လည်း ပြည်ပသို့ တိမ်းရှောင်သွားပြီး လက်ရှိတွင် ဒူဘိုင်းတွင် နေထိုင်လျက်ရှိသည်။၂ဝ၁ဝ ခု၌ သူပိုင် ဘတ်ငွေ သန်း ၇,၆ဝဝ မှ သန်း ၄,၆ဝဝကို ရာဇဝတ်မှုဆိုင်ရာ ဗဟိုတရားရုံးက ထိန်းချုပ်ထားလိုက်သည်။

ဖု့ရ်ထိုင်းပါတီ၏ အဓိက ကြွေးကြော်သံမှာ “သက်ဆင်ရဲ့ အတွေးအမြင်ကို ဖု့ရ်ထိုင်းက အကောင်အထည် ဖော်မယ်” ဟုဖြစ်သည်။

တနင်္ဂနွေနေ့ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၄၇ သန်းခန့်မှ သန်း ၃၁ သန်းနီးပါး မဲလာပေးပြီး မဲပေးသူအားလုံး၏ ၆၅.၉၉ ရာခိုင်နှုန်း ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။ ရွေးကောက်ပွဲ၌ လူတဦးကို မဲနှစ်မဲပေးရပြီး ပါတီ အခြေခံအမတ်နှင့် မဲဆန္ဒနယ် အခြေခံအမတ်တို့ အတွက် ဖြစ်သည်။

ပါတီစာရင်းတွင် အမတ်ရွေးရာ ပယ်မဲ ၁.၇သန်းရှိပြီး မဲဆန္ဒနယ် အခြေခံ အမတ်ပယ်မဲ ၁.၃သန်း ရှိကြောင်း
 ကော်မရှင်က ပြောသည်။

မဲပေးအပြီး သတင်းထောက်များကို ပြောကြားနေသော ဝန်ကြီးချုပ် အဖိဆစ် (ဓါတ်ပုံ မဇ္ဈိမ)...

အာရှရွေးကောက်ပွဲ ကွန်ယက် ANFREL၊ ဥရောပသမဂ္ဂ၊ မလေးရှား၊ ဂျာမနီတို့အပါအဝင် နိုင်ငံတကာ လေ့လာသူ ၆ဝ ခန့် စောင့်ကြည့်ခဲ့ကြသည်။

သက်ဆင်ကို ထောက်ခံသူများနှင့် ဒီမိုကရက်တစ်ကို ထောက်ခံသူများအကြား အကွဲအပြဲများကြားမှ ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်း ဖြစ်သည်။ယခင်နှစ်က မြို့တော်ဘန်ကောက်၌ ရှပ်နီဝတ်များက ဆန္ဒပြပြီး သပိတ်စခန်း ဖွင့်လှစ်ခဲ့သည်ကို စစ်တပ်က အကြမ်းဖက်နှိမ်နင်းရာ လူ ၉ဝ ကျော် သေဆုံးခဲ့သည်။

ငွေဖောင်းပွမှု ၄.၂ရာခိုင်နှုန်းရှိပြီး စီးပွားတန့်ကာ ကုန်ဈေးနှုန်းများမြင့်မှုနှင့် ကြုံနေရသည့် ထိုင်းပြည်သူများအား ဒီမိုကရက်တစ်ပါတီက တရုတ်နိုင်ငံ တောင်ပိုင်းမှ ထိုင်းနိုင်ငံကိုဖြတ်၍ မလေးရှားနယ်စပ်အထိ ရထားလမ်း ဆက်သွယ်မည်ဟု ဆိုသည်။ လွတ်လပ်သည့် ကုန်သွယ်ရေး ထူထောင်မည်ဟုလည်း ကတိပေးသည်။

ဖု့ရ်ထိုင်းပါတီကမူ အခြေခံလူတန်းစား လူများစုလယ်သမားများကို မျိုးစေ့၊ မြေသြဇာ၊ စိုက်ပျိုးရေးသုံး ကိရိယာများ ဝယ်နိုင်ရန် အကြွေးဝယ်ကဒ်များ ထုတ်ပေးမည်ဟု ဆိုသည်။ သက်ဆင် လက်ထက် ရွာတရွာ ဘတ်တသန်း စီမံကိန်းတွင် ဘတ်တသန်း အပိုထပ်ဖြည့်မည်ဟုလည်း ပြောသည်။

တက္ကသိုလ်တိုင်းကို အရင်းအနှီး ချပေးမည်ဖြစ်ပြီး ကလေးတိုင်း ကွန်ပြူတာ တလုံးစီရစေမည်ဟု ကတိပြုထားသည်။

သို့သော် ပညာရေးစနစ် ပြုပြင်ရေး၊ နိုင်ငံခြားသား ခရီးသည်များ တိုးလာရေး၊ နိုင်ငံတကာသို့ ထိုးဖောက် ရင်းနှီးမြှုတ်နှံရေး မူဝါဒများ ပြောကြားမှု နည်းပါးကြောင်း လေ့လာသူများက ဝေဖန်ကြသည်။

ရွေးကောက်ပွဲအပြီး ဒီမိုကရက်တစ်များ ရှုံးလျှင် စစ်တပ်က အာဏာသိမ်းမည် ဆိုသည့် သတင်းများကို ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယု ချန်-အိုချ PrayuthChan-ocha က ဇူလိုင် ၁ ရက်နေ့ တွင် “ စစ်တပ်က တိုင်းပြည်ကို ဒီမိုကရက်တစ် လမ်းပေါ် ရောက်အောင် ဝိုင်းလုပ်မှာပါ။ စစ်တပ်ကို နိုင်ငံရေးထဲ ဆွဲမသွင်းကြပါနဲ့ ”ဟု ငြင်းဆို လိုက်သည်။

ရွေးကောက်ပွဲ အတွက် ရဲလုံခြုံရေး တပ်သား ၁၉၅,ဝဝဝဦး ချထားခဲ့သည်။ ရွေးကောက်ပွဲ မတိုင်မီ လုံခြုံရေး စီမံချက်အတွင်း သေနတ်စုံ ၁,ဝဝဝ ကျော်၊ ဖောက်ခွဲရေး ပစ္စည်းများ ဖမ်းမိခဲ့ကြောင်း ရဲချုပ်ရဲဗိုလ်ချုပ်ကြီး ဝစ်ချင်းဖို့ဖိုစရီး WicheanPotephosree က ပြောသည်။

အသစ်တက်လာမည့် အစိုးရအနေဖြင့် ကမ္ဘောဒီးယားနှင့် နယ်စပ် ပြဿနာ၊ စီးပွားရေး ဦးမော့လာရေး၊ ဆင်းရဲမှု တိုက်ဖျက်ရေး ပညာရေးစနစ် ပြုပြင် ပြောင်းလဲရေးတို့ကို ဦးစားပေး လုပ်ဆောင်သင့်သည်ဟု နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

ဒီမိုကရက်တစ်ပါတီ ဌာနချုပ် သတင်းစာရှင်းပွဲ၌ ဗြိတိန်နိုင်ငံ အောက်စ်ဖို့ တက္ကသိုလ်ကျောင်းဆင်း အဘီဆစ်က ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ကြေညာအပြီးတွင် ဝမ်းနည်းငိုကြွေးသူ ဒီမိုကရက်ပါတီဝင်များကို တွေ့ရသော်လည်း အနိုင်ရသူ ဖူးရာ့ထိုင်းပါတီဝင်များနှင့် ရှပ်နီဝတ်များမှာမူ မီးရှုးမီးပန်းများဖောက်၍ ပျော်ရွှင်အော်ဟစ်နေကြသည်ကို ထိုင်းရုပ်သံများမှ ထုတ်လွှင့်သွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates