ရှီကျင့်ဖျင်က ၂၀၂၅ တိုးတက်မှုနှုန်း ရည်မှန်းချက် ၅ ရာခိုင်နှုန်း ပြည့်မီဟု ခန့်မှန်း
သမ္မတ ရှီကျင့်ဖျင်က ၂၀၂၅ ခုနှစ်မှာ “အလွန် ထူးခြားသော” နှစ် တနှစ်ဟု ရည်ညွှန်းပြီး ဖိအားများ ရှိလင့်ကစား နိုင်ငံ စီးပွားရေးက “ငါးရာခိုင်နှုန်းဝန်းကျင်” တိုးတက်သည် ခန့်မှန်းရကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။
ထိပ်တန်း နိုင်ငံရေး အတိုင်ပင်ခံအဖွဲ့သို့ ပြောကြားသည့် ရှီကျင့်ဖျင်၏ နှစ်သစ်ကူးအကြို မိန့်ခွန်းတွင် ယခုကဲ့သို့ ကြေညာပြောဆိုခြင်း ဖြစ်ကြောင်း နိုင်ငံတော်ပိုင် ရှင်င်ဟွာသတင်းဌာနက ဖော်ပြသည်။
ယခုကဲ့သို့ နှစ်ပတ်လည် စီးပွားရေး တိုးတက်မှုနှုန်းမှာ အစိုးရ၏ တရားဝင် ရည်မှန်းချက်နှင့် ကိုက်ညီနေပြီး ၂၀၂၄ ခုနှစ်က မှတ်တမ်းတင်ထားသည့် ငါးရာခိုင်နှုန်း တိုးတက်မှုနှုန်းနှင့်လည်း တန်းညီသည်။
ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံ တရုတ်သည် မကြာသေးမီနှစ်များအတွင်း ဖိအားများနှင့် ပိုမို ရင်ဆိုင်လာရကာ စားသုံးသူ ယုံကြည်မှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျဆင်းသွားရာမှ ယနေ့ထက်တိုင် ပြန်လည်ဦးမော့လာနိုင်ခြင်း မရှိသေးပေ။
အိမ်ခြံမြေကဏ္ဍရှိ မပြေလည်နိုင်သေးသော ကြွေးမြီ အကျပ်အတည်း၊ စက်မှုကဏ္ဍတွင် ပိုလျှံ ထုတ်လုပ်မှုနှင့် အမေရိကန်နှင့် ဖြစ်ပွားနေသည့် ကုန်သွယ်ရေးပဋိပက္ခများ ပိုမို ပြင်းထန်လာခြင်းတို့ကြောင့် စီးပွားရေး အလားအလာ မှေးမှိန်လျက်ရှိသည်။
“ကျွန်တော်တို့က စိန်ခေါ်မှုတွေကို တည့်တည့် ရင်ဆိုင်ပြီး လုံ့လစိုက်ထုတ် ကြိုးပမ်းခဲ့ကြလို့ စီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု အဓိက ပန်းတိုင်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါတယ်” ဟု ရှီကျင့်ဖျင်က တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံညီလာခံ (CPPCC) တွင် ပြောကြောင်း ရှင်ဟွာသတင်းက ဆိုသည်။
“စီးပွားရေး တိုးတက်မှုနှုန်းဟာ ငါးရာခိုင်နှုန်းဝန်းကျင်အထိ ရှိမယ်လို့ မျှော်လင့်ရပါတယ်” ဟု ၎င်းက ပြောသည်။
မတ်လအစောပိုင်းတွင် ကျင်းပမည့် နှစ်ပတ်လည် အဓိက နိုင်ငံရေးအစည်းအဝေးတွင်လည်း ၂၀၂၆ ခုနှစ်အတွက် အလားတူ စီးပွားရေး တိုးတက်မှုနှုန်း ရည်မှန်းချက်ကို တရုတ်အစိုးရက ထပ်မံ ချမှတ်ကြေညာလိမ့်မည်ဟု ကျွမ်းကျင်သူများက ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြသည်။
နောက်ပိုင်း တနိုင်ငံလုံးသို့ ထုတ်လွှင့်သည့် ရုပ်သံမိန့်ခွန်းတွင် ရှီကျင့်ဖျင်က တရုတ်နိုင်ငံမှာ မကြာသေးသေ နှစ်များအတွင်း “အခက်အခဲနှင့် စိန်ခေါ်မှုများစွာကို ကျော်လွှားခဲ့ရကြောင်း” ပြောကြားသော်လည်း စီးပွားရေး၊ နည်းပညာနှင့် ကာကွယ်ရေးစွမ်းရည်များ တိုးတက်လာခဲ့ကြောင်း ဆိုသည်။
“AI မော်ဒယ်အမြောက်အမြားဟာ ထိပ်ဆုံးရောက်ဖို့ အပြိုင်အဆိုင် ကြိုးပမ်းနေကြတယ်၊ ကိုယ်ပိုင်ချစ်ပ် (Chip) တွေ သုတေသနပြု ထုတ်လုပ်ရေးမှာလည်း ထူးခြားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်” ဟု ရှီကျင့်ဖျင်က ပြောကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။
AFP မှ Xi says China to hit 2025 growth target of ‘around 5 percent’ ကို မိုးသဲ ဘာသာပြန်သည်။
