အမေရိကန်တိုက်ခိုက်မှုများအပြီး ရေနံနှင့် မူးယစ်ဆေးဝါးအတွက် ဆွေးနွေးရန်အသင့်ရှိကြောင်း မာဒူရို ပြော

Fox News

ဗင်နီဇွဲလားအစိုးရနှင့် ဆက်နွှယ်နေသော မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းများကို အမေရိကန်စစ်တပ်က လပေါင်းများစွာ ဖိအားပေးဖြိုခွင်းခဲ့ပြီးနောက်၊ အမေရိကန်နှင့် သဘောတူညီချက်ရရှိရေးအတွက် ဆွေးနွေးညှိနှိုင်းရန် ဗင်နီဇွဲလားအစိုးရဘက်မှ အဆင်သင့်ရှိကြောင်း သမ္မတ နီကိုလပ်စ် မာဒူရိုက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။

နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်ခဲ့သည့် စပိန်သတင်းထောက် အစ်ဂ်နာစီယို ရာမွန်နက်နှင့် ကြိုတင်ရိုက်ကူးထားသော လူတွေ့မေးမြန်းခန်းတွင် မာဒူရိုက အမေရိကန်နှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ သဘောတူညီချက်တရပ်ကို ဆွေးနွေးရန် “အသင့်” ရှိနေကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား “လက်ဆုပ်လက်ကိုင်ပြနိုင်သည့် အချက်အလက်များဖြင့် အလေးအနက်ထား စတင် ဆွေးနွေးရန်” ၎င်းက တိုက်တွန်းခဲ့သည်။

“အမေရိကန်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အတော်များများကိုလည်း ကျွန်တော်တို့ အသိပေးထားပြီး သားပါ။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး သဘောတူညီချက်တခုအတွက် အလေးအနက် ဆွေးနွေးချင်တယ်ဆိုရင် ကျွန်တော်တို့ဘက်က အသင့်ပါပဲ” ဟု ၎င်းက ဆိုသည်။

“အမေရိကန်က ရေနံလိုချင်တယ်ဆိုရင် Chevron ကုမ္ပဏီနဲ့ လုပ်ဆောင်နေသလိုမျိုး ဗင်နီဇွဲလားမှာ လာရောက်ရင်းနှီးမြှုပ်နှံမယ်ဆိုလည်း ကျွန်တော်တို့က အသင့်ပါပဲ။ သူတို့ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုပုံစံမျိုးနဲ့ပဲ လိုချင်လိုချင် လက်ခံပေးသွားမှာပါ” ဟု မာဒူရိုက ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်း ကာရစ်ဘီယံပင်လယ်သို့ အမေရိကန်၏ အကြီးစားစစ်အင်အား ဖြန့်ကျက်မှုနှင့် အတူ စတင်ခဲ့သော လပေါင်းများစွာကြာ ဖိအားပေးမှုများသည် ဗင်နီဇွဲလား၏ အစိုးရအပြောင်းအလဲနှင့် ရေနံသယံဇာတများကို ရယူရန်အတွက်သာဖြစ်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်သည် “ခြိမ်းခြောက်အကျပ်ကိုင်အင်အားသုံးနေသည်မှာ ထင်ရှားကြောင်းလည်း မာဒူရိုက ပြောကြားခဲ့သည်။

ယင်းလူတွေ့မေးမြန်းခန်းကို နှစ်သစ်ကူးအကြိုည ဒီဇင်ဘာ ၃၁ ရက်တွင် ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး၊ ယင်းနေ့ တွင်ပင် မူးယစ်ဆေးဝါးမှောင်ခိုမှုတွင် ပါဝင်ပတ်သက်နေသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ စက်လှေနှစ်စင်း ကို အမေရိကန်စစ်တပ်က တိုက်ခိုက်ခဲ့ရာ လူ ငါးဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာလအစောပိုင်းမှစ၍ ကာရစ်ဘီယံနှင့် ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်းရှိ မူးယစ်မှောင်ခိုသင်္ဘောဟု ယူဆရသည့် သင်္ဘောများကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၁၁၄ ဦး သေဆုံးခဲ့ သည်။

အမေရိကန်က ဗင်နီဇွဲလားကို ဦးတည်သည့် စစ်ဆင်ရေးများကို မြေပြင်ထိုးစစ်များအထိ တိုးမြှင့်လုပ် ဆောင်လာနိုင်သည့် အရိပ်အယောင်များ ပြသနေသည်။

ပြီးခဲ့သည့်အပတ်က မူးယစ်မှောင်ခိုလုပ်ငန်းတွင် အသုံးပြုနေသည့် ဗင်နီဇွဲလားဆိပ်ကမ်းတခုကို ပစ်မှတ် ထား တိုက်ခိုက်ခဲ့ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က အတည်ပြုခဲ့သော်လည်း ယင်းစစ်ဆင်ရေးကို အမေရိကန်စစ်တပ်က လုပ်ဆောင်ခြင်းလား (သို့မဟုတ်) စီအိုင်အေ (CIA) ကဲ့သို့သော အခြားအဖွဲ့ အစည်းက လုပ်ဆောင်ခြင်းလား ဆိုသည်ကိုမူ ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

Fox News မှ Maduro says Venezuela is ‘ready’ to make deal with US on drugs and oil after military strikes အား သောမတ် ဘာသာပြန်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်