ဂျပန်နှင့် ထိုင်ဝမ်အရေး၌ တောင်ကိုရီးယား၏ ထောက်ခံမှု ရရန် တရုတ် ကြိုးပမ်း

Japan Times

တရုတ်၊ ထိုင်ဝမ်နှင့် ဂျပန်နိုင်ငံတို့ကြား တင်းမာမှုများ မြင့်တက်နေချိန် တောင်ကိုရီးယား သမ္မတ လီဂျေမြောင်၏ ပထမဆုံးအကြိမ် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံမည့် နိုင်ငံတော်ခရီးစဉ် မတိုင်မီ တရုတ် အစိုးရသည် ဒေသတွင်း အဓိက ကိစ္စရပ်များနှင့် ပတ်သက်၍ တောင်ကိုရီးယား အစိုးရကို ၎င်းတို့ဘက် ပါလာစေရန် ကြိုးပမ်းလျက်ရှိသည်။

လာမည့် တနင်္ဂနွေတွင် ပေကျင်းမြို့တော်သို့ သမ္မတ လီဂျေမြောင် ရောက်ရှိကာ သုံးရက်ကြာ နေထိုင်မည်ဖြစ်သည်။ လီဂျေမြောင်အနေဖြင့် ၂၀၁၉ ခုနှစ် နောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံး လာရောက်သည့် တောင်ကိုရီးယားသမ္မတ ဖြစ်လာမည်ဖြစ်သည်။ ထို့နောက် ဇန်နဝါရီ ၆ ရက်မှ ၇ ရက်အထိ ရှန်ဟိုင်းမြို့သို့ ဆက်လက်ခရီးထွက်မည်ဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ကျူးကျော်စစ်နှင့် နယ်ချဲ့ ရာဇ၀တ်မှုများအတွက် တရားမျှတမှု ရရေး” တရုတ်က ကြိုးပမ်းနေချိန်တွင် တောင်ကိုရီးယားအနေဖြင့် “ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ် တနိုင်ငံတည်း မူဝါဒကို လိုက်နာခြင်း အပါအဝင် အခြားသော ကိစ္စရပ်များတွင် မှန်မှန်ကန်ကန် ရပ်တည်ရမည်” ဟု ယုံကြည်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ၎င်းနှင့် ဂုဏ်ရည်တူ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်နှင့် ဗုဒ္ဓဟူးနေ့က ဖုန်းဖြင့် ဆွေးနွေးရာတွင် ပြောခဲ့သည်။

သမ္မတ ရှီကျင့်ဖျင်က ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် တောင်ကိုရီးယား ခရီးစဉ် သွားရောက်ခဲ့အပြီး နှစ်လ မပြည့်မီ သမ္မတ လီဂျေမြောင်၏ ယခု ခရီးစဉ် ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။ ရှီကျင့်ဖျင်သည် တောင်ကိုရီးယား၌ ပြုလုပ်သည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး၏ ဘေးထွက် ဆွေးနွေးပွဲများတွင် “ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး” အရေးကြီးပုံကို အလေးပေး ပြောကြားခဲ့ဖူးသည်။

ထိုအချိန်မှစ၍ တရုတ်နှင့် ဂျပန်ဆက်ဆံရေးမှာ ဆိုးရွားလာခဲ့သည်။ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက တရုတ်အနေဖြင့် ထိုင်ဝမ်ကို တိုက်ခိုက်ပါက ဂျပန်က စစ်တပ် စေလွှတ်နိုင်သည်ဟု လူသိရှင်ကြား ပြောဆိုခဲ့သည့် ပထမဆုံးသော အစိုးရ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ တရုတ်ကလည်း တုံ့ပြန်သည့်အနေဖြင့် ၎င်း၏ နိုင်ငံသားများကို ဂျပန်သို့ ခရီးမသွားရန် တိုက်တွန်းခြင်းနှင့် ဂျပန်ပင်လယ်စာ တင်သွင်းမှုများကို ကန့်သတ်ခြင်းများ ပြုလုပ်ခဲ့ပြီး ဂျပန် ခေါင်းဆောင်သစ်၏ ပြောကြားချက်များကို ပြန်လည်ရုပ်သိမ်းရန် တောင်းဆိုခဲ့သည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကလည်း ထိုင်ဝမ်ကျွန်း ပတ်ပတ်လည်တွင် အကြီးကျယ်ဆုံး စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်သည်။ နှစ်ရက်ကြာ ပြုလုပ်ခဲ့သည့် ထို လေ့ကျင့်မှုများတွင် တရုတ် စစ်သင်္ဘောများနှင့် လေယာဉ်များက ကမ္ဘာ့ ချစ်ပ်ပြား ထုတ်လုပ်မှု အချက်အချာဖြစ်သော ထိုင်ဝမ်ကျွန်းကို ဝိုင်းရံပိတ်ဆို့သည့် ပုံစံတူ ကျည်စစ်သုံး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး အင်္ဂါနေ့တွင် ကျွန်း၏ မြောက်ဘက်နှင့် အရှေ့ဘက် ရေပြင်များဆီ ဒုံးကျည် အများအပြား ပစ်လွှတ်ခဲ့သည်။

အဆိုပါ PLA ၏ စစ်ရေးလေ့ကျင့်မှုများက “ထိုင်ဝမ် လွတ်လပ်ရေး” ခွဲထွက်ရေးသမားများနှင့် ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုများအတွက် “ပြင်းထန်သော သတိပေးချက်” ဖြစ်ကြောင်း တရုတ်က ဆိုသည်။

သမ္မတ လီဂျေမြောင်က “ဘက်လိုက်ခြင်းက ပဋိပက္ခကိုသာ ပိုမိုဆိုးရွားစေလိမ့်မည်” ဟု ယခုလ အစောပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောပြီး တရုတ်နှင့် ဂျပန်ကြား ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောင်ရွက်နိုင်ကြောင်း အရိပ်အမြွက် ပြောဆိုခဲ့သည်။

Japan Times မှ China seeks South Korean support on Japan and Taiwan before Lee’s visit ကို မိုးသဲ ဘာသာပြန်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်