တရုတ်သတင်းလွတ်လပ်ခွင့်အပေါ် ရှီကျင့်ဖျင် ပိုဖိနှိပ်လာ၊ ‘အစွန်းမရောက်သည့် ဝေဖန်သံများပင် နှုတ်ဆိတ်ခံနေရ’

The Independent

ပေကျင်းမြို့ရှိ ဟိုတယ်တခုတွင် ၂၀၂၂ ခုနှစ်က အသက် ၆၃ နှစ်အရွယ် သတင်းသမား တုံယူယူသည် ဂျပန်သံတမန်တဦးနှင့် နေ့လယ်စာ အတူစားနေခဲ့သည်။ ပြည်ပရေးရာများကိုပါ တာဝန်ယူလုပ်ဆောင်ရသည့် သတင်းထောက်တဦးအတွက် ယင်းမှာ ပုံမှန်တွေ့ဆုံမှုတခုသာ ဖြစ်သည်။

သို့သော် ထိုနေ့သည် သူ၏ဘဝကို အလှည့်အပြောင်း ဖြစ်စေခဲ့သည်။ ရဲအရာရှိများက စားသောက်ဆိုင်အတွင်းသို့ ရုတ်တရက်ဝင်ရောက်လာပြီး သူ့ကို စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်သွားခဲ့သည်။ သူသည် သူလျှိုမှုဖြင့် တရားစွဲဆိုခံရပြီးနောက် နောက်ဆုံးတွင် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရသည်။

တုံ၏အမှုသည် နိုင်ငံတကာ၏ စိုးရိမ်မှုကို ဖြစ်ပေါ်စေခဲ့ပြီး တရုတ်အစိုးရက ၎င်းတို့အလိုကျ ဖြစ်နေပြီးသား မီဒီယာလောကကို ထပ်မံထိန်းချုပ်ကန့်သတ်လာခြင်းကို ပြသသည့် ဥပမာတခုဖြစ်သည်။

ပြီးခဲ့သည့်လတွင် ပေကျင်းအဆင့်မြင့်တရားရုံးသည် တုံ၏ထောင်ဒဏ်ကို ပယ်ဖျက်ပေးရန် အယူခံမှုကို ပယ်ချခဲ့သည်။ ယင်းမှာ သိသာထင်ရှားသည့် “ညှဉ်းပန်းနှိပ်စက်မှု” သာဖြစ်ကြောင်း တုံ၏မိသားစုက ဆိုသည်။

သားဖြစ်သူ တုံယီဖုက တရုတ်နိုင်ငံသားများသည် နိုင်ငံတကာနှင့် ဆက်ဆံရေးရှိရုံမျှဖြင့် စောင့်ကြည့်စစ်ဆေးခံရနိုင်သည့် အခြေအနေဖြစ်နေချိန်တွင် သူ၏ဖခင်အပေါ် ပြစ်ဒဏ်ချမှတ်မှုသည် ကြောက်စရာကောင်းသော စံနမူနာတခုဖြစ်ကြောင်း The Independent သို့ ပြောသည်။ ဂျပန်သံတမန်များနှင့် တွေ့ဆုံခြင်းမှာ သူလျှိုလုပ်ငန်းနှင့် လုံးဝမသက်ဆိုင်ကြောင်း ဖခင်ဖြစ်သူရော သားဖြစ်သူကပါ ငြင်းဆိုထားသည်။

သားဖြစ်သူက အမေရိကန်၊ ဗြိတိန်နှင့် ဥရောပအစိုးရများအား တရုတ်နှင့် ပိုမိုထိတွေ့ဆက်ဆံရန် တောင်းဆိုထားပြီး သူ၏ဖခင် လွတ်မြောက်လာစေရေး အမြင့်ဆုံးအဆင့် သံတမန်ရေးရာ ဖိအားပေးမှုများ ပြုလုပ်ပေးရန် တိုက်တွန်းထားသည်။

“အခြေခံအသိဉာဏ်ရှိတဲ့ ဘယ်သူမဆို ဒီဖြစ်ရပ်တခုလုံးက လုံးဝကို ရယ်စရာကောင်းနေမှန်း သိကြမှာပါ။ အစိုးရအနေနဲ့ တရုတ်ပြည်သူတွေ အပါအဝင် လူတိုင်းကို ရှင်းပြဖို့ တာဝန်ရှိပါတယ်” ဟု တုံယီဖုက ဆိုသည်။

အကျဉ်းကျနေစဉ်အတွင်း တုံယူယူသည် သူ၏ဖခင်ကွယ်လွန်သည့်အကြောင်းနှင့် အိမ်နီးချင်း ဂျပန်-တရုတ်ကြား သံတမန်ရေးရာ တင်းမာမှုများ မြင့်တက်လာခြင်း အပါအဝင် သတင်းများစွာကို သိခွင့်မရဘဲ လွဲချော်ခဲ့ရသည်။

ဖခင်ကွယ်လွန်သည့်သတင်းကို သိရှိသွားပါက စိတ်ဓာတ်ကျမည်စိုးသဖြင့် မိသားစုက အသိမပေးဘဲ လျှို့ဝှက်ထားခဲ့သည်ဟု တုံယီဖုက ဆိုသည်။ “အဖေက ရှေ့နေတွေနဲ့ ဆက်သွယ်တဲ့အခါမှာတော့ သူ့မိဘတွေကို ကျန်းကျန်းမာမာရှိနေဖို့နဲ့ သူတို့နဲ့ ပြန်တွေ့ရဖို့ မျှော်လင့်နေဆဲဖြစ်ကြောင်း ပြောနေတုန်းပဲ” ဟု တုံယီဖုက ပြောသည်။

“ဒီလို ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် မိသားစုတွေ ကွဲကွာနေရတာ ကျွန်တော်တို့ တမိသားစုတည်း မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

ဂျပန်ဝန်ကြီးချုပ်၏ ထိုင်ဝမ်အရေး ပြောကြားချက်များကြောင့် တရုတ်နှင့် ဂျပန်ဆက်ဆံရေး ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံးအဆင့်သို့ ရောက်ရှိနေချိန်တွင် တုံ၏ အယူခံလျှောက်ထားမှု ပယ်ချခံခဲ့ရခြင်းဖြစ်သည်။

ပေကျင်းအဆင့်မြင့်တရားရုံး၏ ဆုံးဖြတ်ချက်အပေါ် အခွင့်အရေးအဖွဲ့များနှင့် သတင်းလွတ်လပ်ခွင့် အဖွဲ့အစည်းများက ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။ သမ္မတရှီကျင့်ဖျင်လက်ထက် သတင်းထောက်အများအပြား ဖမ်းဆီးခံနေရချိန်၌ အဆိုပါဆုံးဖြတ်ချက်သည် လွတ်လပ်စွာ ဖော်ထုတ်ခွင့် အကြွင်းအကျန်ကိုပါ ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုကြသည်။

“သံတမန်တွေနဲ့ စကားပြောတာဟာ သတင်းထောက်တွေအတွက် ပုံမှန်အလုပ်ဖြစ်ပြီး သူလျှိုလုပ်တာမဟုတ်ဘူး။ တရုတ်အနေနဲ့ တုံကို ချက်ချင်းလွှတ်ပေးရမယ်၊ မဟုတ်ရင်တော့ ပွင့်လင်းစွာ ထိတွေ့ဆက်ဆံမယ်ဆိုတဲ့ သူတို့ရဲ့ ရည်မှန်းချက်ဟာ အပြောသက်သက်ပဲဆိုတာ ကမ္ဘာကို သတင်းစကားပါးလိုက်တာပါပဲ” ဟု သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ) ၏ အာရှ-ပစိဖိတ်ဒါရိုက်တာ ဗီလီယီက ပြောသည်။

တရုတ်တရားရုံးများသည် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အသံတိတ်သွားစေရန် ဝေဝါးမသဲကွဲသော အမျိုးသားလုံခြုံရေးနှင့် ပြည်သူ့စည်းကမ်းဥပဒေများကို လက်နက်သဖွယ် အသုံးချနေကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ၏ အောက်တိုဘာလ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တုံယူယူသည် ကွန်မြူနစ်ပါတီပိုင် အခြားသတင်းစာများထက် ပိုမိုလွတ်လပ်သည်ဟု ယူဆရသည့် Guangming Daily သတင်းစာ၏ သုံးသပ်ချက်ကဏ္ဍဌာနတွင် ဒုတိယအကြီးအကဲ ဖြစ်သည်။ သူသည် ထိုသတင်းစာတိုက်သို့ ၁၉၈၇ ခုနှစ်ကတည်းက စတင်လုပ်ကိုင်ခဲ့ပြီး လွန်ခဲ့သည့် ၃၅ နှစ်အတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဒီမိုကရေစီ၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် အစိုးရ၏ တာဝန်ခံမှုတို့အတွက် ဆောင်းပါးများစွာ ရေးသားခဲ့သည်။ ယခင်က ထိုအမြင်များကို ပါတီပိုင်မီဒီယာများတွင် ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့သော်လည်း ယခုအခါ ခွင့်မပြုတော့ပေ။ သို့သော် သူသည် အစိုးရကို ဆန့်ကျင်သူမဟုတ်သလို တော်လှန်ရေးသမားလည်း မဟုတ်ကြောင်း မိသားစုက ဆိုသည်။

တရုတ်သည် သတင်းသမားအကျဉ်းချထားမှု အများဆုံးရှိသည့် နိုင်ငံတနိုင်ငံဖြစ်ပြီး လက်ရှိတွင် အနည်းဆုံး သတင်းသမား ၁၂၀ ဦးကို အကျဉ်းကျထားသည်။ သို့သော် နိုင်ငံပိုင်မီဒီယာတွင် အလုပ်လုပ်ကိုင်နေသူများကို ပစ်မှတ်ထားဖမ်းဆီးလေ့ မရှိသဖြင့် တုံကို ဖမ်းဆီးခဲ့ခြင်းကို နိုင်ငံတဝန်းက အံ့ဩတုန်လှုပ်ခဲ့ကြသည်။

ရှီကျင့်ဖျင်လက်ထက် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း တပါတီစနစ်အတွင်း၌ပင် လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရပ်ဝန်းမှာ တဖြည်းဖြည်း ပျောက်ကွယ်လာခဲ့ကြောင်း တုံယီဖုက ဆိုသည်။ “ဒါတွေဟာ အလွန်ပျော့ပျောင်းတဲ့၊ အလယ်အလတ်ကျတဲ့ ပြုပြင်ပြောင်းလဲရေး တောင်းဆိုမှုတွေပါ။ အခုတော့ အဲဒီလို အလယ်အလတ် အစွန်းမရောက်တဲ့ အသံတွေတောင် အသံတိတ်ခိုင်းတာ ခံနေရပြီ” ဟု တုံယီဖုက ပြောသည်။

ရှီကျင့်ဖျင်သည် လွန်ခဲ့သော ၁၃ နှစ်အတွင်း အတိုက်အခံများကို နှိမ်နင်းမှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက စွပ်စွဲထားသည်။

ပေကျင်းရှိ လုံခြုံရေးထိန်းသိမ်းရေးစခန်းတွင် သုံးနှစ်ကျော်ကြာ ထိန်းသိမ်းခံထားရသည့် တုံ၏ ကျန်းမာရေးအတွက် မိသားစုက စိုးရိမ်နေကြသည်။ ယခုအခါ သူ့ကို နိုင်ငံတကာအကျဉ်းသားများ ထားရှိသည့် ပေကျင်း အမှတ် (၂) အကျဉ်းထောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်သည်။

“သူ သုံးနှစ်တာနေခဲ့တဲ့ အကျဉ်းစခန်းမှာ နေရောင်ခြည် လုံးဝမရသလောက်ပဲ။ ဒါကြောင့် သူ့ကျန်းမာရေး ထိခိုက်လာတယ်။ အစားအသောက်ကလည်း သိတဲ့အတိုင်း မကောင်းတော့ အာဟာရပိုင်းကလည်း စိုးရိမ်စရာပါ။ နောက်ပြီး သူက အကျဉ်းသားတဦးအနေနဲ့ဆို အတော်လေးကို အသက်ကြီးနေပါပြီ” ဟု သားဖြစ်သူက ဆိုသည်။

အဖမ်းခံရသည့်နေ့မှစ၍ ဖခင်ဖြစ်သူနှင့် စကားပြောခွင့် မရတော့ကြောင်းနှင့် လစဉ် ရှေ့နေများမှတဆင့်သာ သတင်းစကားများ ကြားရကြောင်း တုံယီဖုက ပြောသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် အဖမ်းခံရပြီးနောက် တုံကို သူလျှိုမှုဖြင့် တရားဝင်မစွဲဆိုမီ လျှို့ဝှက်နေရာတခုတွင် ခြောက်လကြာ ထိန်းသိမ်းထားခဲ့သည်။ တရုတ်နိုင်ငံက အမျိုးသားလုံခြုံရေးနှင့် ပတ်သက်သည်ဟု သတ်မှတ်သည့် အမှုများကဲ့သို့ပင် တုံ၏အမှုကို ၂၀၂၃ ဇူလိုင်လတွင် တံခါးပိတ်စစ်ဆေးခဲ့ပြီး ပြစ်ဒဏ်ချမှတ်သည့်နေ့တွင် သတင်းထောက်များကို ဝင်ခွင့်မပေးရန် ရဲများဖြင့် တားဆီးစေခဲ့သည်။ အမှုကို လာရောက်စောင့်ကြည့်ရန် ကြိုးပမ်းသည့် အမေရိကန်သံတမန်တဦးလည်း ဝင်ခွင့်မရခဲ့ပေ။

“အဖမ်းခံရချိန်မှာ အဖေက အငြိမ်းစားယူဖို့ နှစ်လပဲ လိုပါတော့တယ်” ဟု သားဖြစ်သူက ဆိုသည်။

အမေရိကန်တွင် ရှေ့နေအဖြစ် လုပ်ကိုင်နေသည့် တုံယီဖုက ဖခင်အဖမ်းခံရကြောင်း မသိမီ တရက်အလိုတွင် မိဘများနှင့် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့သေးသည်။ “လုံခြုံရေးအေးဂျင့် ငါးယောက်က တိုက်ခန်းထဲကို အတင်းဝင်လာပြီး တအိမ်လုံးကို ရှာဖွေခဲ့ကြတယ်။ အမေလည်း ထိတ်လန့်တုန်လှုပ်နေခဲ့တယ်” ဟု တုံယီဖုက ပြန်ပြောင်းပြောပြသည်။

“ဂျပန်သံအမတ်ဆီကနေ စာတစောင် ရခဲ့ပါတယ်။ အဲဒီစာထဲမှာ တရားစီရင်ချက်မှာ ဖော်ပြထားတဲ့ သံတမန်တွေဟာ သူလျှိုတွေမဟုတ်ကြောင်း ပါတယ်။ အဲဒါကို အထောက်အထားသစ်အဖြစ် တင်ပြခဲ့ပေမဲ့ တရားရုံးက ပယ်ချခဲ့တယ်၊ ဒါဟာ တကယ်ကို စိုးရိမ်စရာပါပဲ” ဟု တုံယီဖုက ဆိုသည်။

ထိုစဉ်က ဂျပန်သံအမတ်ကြီး ဟိဒဲအို တာရူမီနှင့် လက်ရှိ ရှန်ဟိုင်းကောင်စစ်ဝန်ချုပ် မာဆာရု အိုကာဒါတို့အပါအဝင် တုံနှင့် တွေ့ဆုံခဲ့သည့် ဂျပန်သံတမန်များကို “သူလျှိုအဖွဲ့အစည်း” ၏ အေးဂျင့်များအဖြစ် တရုတ်တရားရုံးက သတ်မှတ်ခဲ့သည်။ သို့သော် တရုတ်အစိုးရသည် သူလျှိုဟု သတ်မှတ်ခံရသည့် ဂျပန်သံတမန်များကို အရေးယူခြင်း သို့မဟုတ် နှင်ထုတ်ခြင်း မပြုခဲ့ပေ။

တုံသည် သူလျှိုမှုအတွက် ငွေကြေးအကျိုးအမြတ် ရရှိခဲ့သည်ဆိုသော အထောက်အထားကိုလည်း တရားလိုများက မတင်ပြနိုင်ခဲ့ကြောင်း မိသားစုက ဆိုသည်။ ဟားဗတ်မှ Nieman ပညာသင်ဆုနှင့် ဂျပန်ရှိ ပညာသင်ဆုများအပါအဝင် ပညာရပ်ဆိုင်ရာ ပြည်ပပညာသင်ဆုများကို “အကျိုးခံစားခွင့်” များအဖြစ် နိုင်ငံတော်လုံခြုံရေး အရာရှိများက စွပ်စွဲခဲ့ကြသည်။

“ဒီလို အကျိုးအကြောင်းပြချက်မျိုးက ရယ်စရာကောင်းရုံတင်မကဘဲ အလွန်အမင်း ခြိမ်းခြောက်ရာလည်း ရောက်ပါတယ်။ အခုဆိုရင် နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ဖလှယ်ရေးအစီအစဉ်တွေ လုပ်ခဲ့ဖူးတဲ့ တရုတ်ပညာတတ်နဲ့ အသိပညာရှင် ထောင်ပေါင်းများစွာဟာ သူတို့ရဲ့ ပြည်ပအတွေ့အကြုံတွေကြောင့် တရုတ်တရားရုံးမှာ သူလျှိုမှုနဲ့ တရားစွဲခံရနိုင်တဲ့ အခြေအနေ ဖြစ်သွားပြီပေါ့” ဟု မိသားစုက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တုံသည် သံရုံးအသီးသီးမှ သံတမန်များ၊ သတင်းထောက်များနှင့် ပုံမှန်တွေ့ဆုံလေ့ရှိသူ ဖြစ်သည်။ သူသည် ဂျပန်ရှိ ကဲအိအိုနှင့် ဟော့ကိုင်းဒိုး တက္ကသိုလ်များတွင် ဧည့်ပါမောက္ခအဖြစ်လည်း ဆောင်ရွက်ခဲ့ဖူးသည်။

တရုတ်အစိုးရသည် မကြာသေးမီနှစ်များအတွင်း သူလျှိုမှုဖြင့် စွပ်စွဲခံရသည့် ဂျပန်နိုင်ငံသားများအား နှိမ်နင်းမှု တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ၂၀၂၅ ခုနှစ်အတွင်း ရှန်ဟိုင်းတွင် အဖမ်းခံရသည့် ဂျပန်နိုင်ငံသားတဦးနှင့် Astellas Pharma ဆေးဝါးကုမ္ပဏီမှ ဝန်ထမ်းတဦးတို့ကို ပြစ်ဒဏ်ချမှတ်ခဲ့သည်။

တရုတ်တွင် သူလျှိုတိုက်ဖျက်ရေးဥပဒေသစ် ပြဋ္ဌာန်းသည့် ၂၀၁၄ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံသား စုစုပေါင်း ၁၇ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဂျပန်မီဒီယာများက ဖော်ပြသည်။

အမေရိကန်က တုံအပေါ် ပြစ်ဒဏ်ချမှတ်မှုကို “မတရားမှု” အဖြစ် ဖော်ပြခဲ့ပြီး မည်သည့်ကန့်သတ်ချက်မှမပါဘဲ ချက်ချင်း လွှတ်ပေးရန် လူသိရှင်ကြား တောင်းဆိုထားသည်။

ပြီးခဲ့သည့်လတွင် CPJ က တုံကို အပြည်ပြည်ဆိုင်ရာ သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်ခဲ့သည်။ “ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း တရုတ်နိုင်ငံရဲ့ လူမှုရေးပြဿနာတွေကို ဝေဖန်ဖို့ ကျွန်တော့်ရဲ့ ဒီဘောပင်ကို အသုံးပြုခဲ့ပါတယ်။ အခု ကျွန်တော့်ရဲ့ ထောင်ဒဏ်ချမှတ်ခံရမှုဟာ ဒီနေ့ခေတ် တရုတ်နိုင်ငံမှာ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ပတ်သက်ပြီး ရင်ဆိုင်နေရတဲ့ လက်တွေ့ဖြစ်ရပ်အပေါ် ဝေဖန်ချက်တခု ဖြစ်နေပါပြီ။ ဒီဆုဟာ ကျွန်တော့်အတွက် အားတက်စရာတခုပါ၊ ဒီလိုခက်ခဲတဲ့ အခြေအနေမှာ ရဲစွမ်းသတ္တိနဲ့ ခွန်အားအတွက် အလွန်လိုအပ်တဲ့ တွန်းအားတခုပါပဲ” ဟု တုံက ၎င်း၏ရှေ့နေမှတဆင့် ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားထားသည်။

The Independent မှ Xi steps up crackdown on press freedom in China: ‘Even moderate voices are being silenced’ အား Brownie ဘာသာပြန်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်