ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုများ ရပ်တန့်ရန် တရုတ်ကို အမေရိကန် တိုက်တွန်း
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းပတ်လည်တွင် တရုတ်က နှစ်ရက်ကြာ အကြီးစား စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများအပေါ် ဂျပန်နှင့် အနောက်နိုင်ငံများက စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ထိုသို့ ထုတ်ဖော်ပြောဆိုပြီး ရက်ပိုင်းအကြာ ကြာသပတေးနေ့ (ဇန်နဝါရီ ၁ ရက်) တွင် အမေရိကန်က ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုများ ရပ်တန့်ရန် တရုတ်ကို တိုက်တွန်းလိုက်သည်။
“ထိုင်ဝမ်နဲ့ ဒေသတွင်းက တခြားနိုင်ငံတွေအပေါ် တရုတ်ရဲ့ ပြောဆိုချက်တွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ မလိုအပ်ဘဲ တင်းမာမှုတွေကို မြင့်တက်စေပါတယ်။ တရုတ်အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ ထိုင်ဝမ်အပေါ် စစ်ရေးအရ ဖိအားပေးမှုတွေ ရပ်တန့်ဖို့နဲ့ အဲဒီအစား အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ဆောင်ရွက်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထောက်ခံပြီး၊ အင်အားသုံးတာ ဒါမှမဟုတ် ခြိမ်းခြောက်တာအပါအဝင် လက်ရှိအခြေအနေကို တဖက်သတ် ပြောင်းလဲဖို့ ကြိုးပမ်းမှုမှန်သမျှကို ဆန့်ကျင်ပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ သောမတ်စ် ပစ်ဂေါ့က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝေဖန်ချက်သည် ယခုသီတင်းပတ်အတွင်း ပြုလုပ်ခဲ့သည့် တရုတ်၏ စစ်ရေးလေ့ကျင့်မှုများအပေါ် သမ္မတ ဒေါ်နယ်ထရမ့် အစိုးရအဖွဲ့၏ ပထမဆုံး လူသိရှင်ကြား တုံ့ပြန်မှု ဖြစ်သည်။
ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး လင်းကျားလုံက အမေရိကန်အစိုးရ၏ ထုတ်ပြန်ချက်ကို ကြိုဆိုခဲ့ပြီး၊ စည်းမျဉ်းအခြေပြု နိုင်ငံတကာအခင်းအကျင်းကို ကာကွယ်ရန် အမေရိကန်အပါအဝင် သဘောထားချင်းတိုက်ဆိုင်သည့် နိုင်ငံအားလုံးနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် ထရမ့်အစိုးရလက်ထက်တွင် အမေရိကန်သည် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ ယခင်အစိုးရများထက် ပိုမိုပျော့ပျောင်းသည့် ချဉ်းကပ်မှုမျိုး ရှိလာသည်ကို တွေ့ရပြီး အိမ်ဖြူတော်အနေဖြင့် တရုတ်နှင့် ကျယ်ပြန့်သော ကုန်သွယ်ရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေချိန်တွင် တရုတ်နှင့် ထိပ်တိုက်တွေ့မှုကို ရှောင်ရှားလိုပုံရသည်။
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် ဧပြီလအတွင်း ပေကျင်းသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည့် သမ္မတထရမ့်သည် တရုတ်၏ စစ်ရေးလေ့ကျင့်မှုများနှင့် ထိုင်ဝမ်ကို ကျူးကျော်နိုင်ခြေရှိသည့် ကိစ္စရပ်များအပေါ် တနင်္လာနေ့က လျှော့ပေါ့ပြောဆိုခဲ့သည်။
“ကျွန်တော်နဲ့ သမ္မတရှီနဲ့ ဆက်ဆံရေး အလွန်ကောင်းပါတယ်။ အဲဒီအကြောင်း သူ ကျွန်တော့်ကို ဘာမှမပြောပါဘူး။ ဒါပေမဲ့ ကျွန်တော် ဒါကို သေချာပေါက် တွေ့မြင်နေရပါတယ်” ဟု စစ်ရေးလေ့ကျင့်မှုများနှင့် ပတ်သက်သော မေးမြန်းချက်အပေါ် ထရမ့်က ဖြေကြားခဲ့သည်။
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်မည့်ကိစ္စကို ရည်ညွှန်းကာ ထရမ့်က “သူ ဒါကို လုပ်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ မစိုးရိမ်ပါဘူး၊ ဘာမှ စိုးရိမ်စရာမရှိဘူး။ သူတို့ဟာ အဲဒီဒေသမှာ ရေတပ်လေ့ကျင့်ခန်းတွေကို နှစ်ပေါင်း ၂၀ လောက် လုပ်လာတာပါ။ အခုကျမှ လူတွေက ဒါကို နည်းနည်း အထူးအဆန်း ဖြစ်နေကြတာပါ” ဟု ဆိုသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ထိုင်ဝမ်ရေလက်ကြား တင်းမာမှု မြင့်တက်စေသည့် ယခုလေ့ကျင့်မှုများအပေါ် စိုးရိမ်ကြောင်း ဗုဒ္ဓဟူးနေ့တွင် တရုတ်ဘက်သို့ တရားဝင်အသိပေးခဲ့သည်။ အမေရိကန်က မထုတ်ပြန်မီကပင် ဂျပန်၊ ဩစတြေးလျ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ နယူးဇီလန်နှင့် ဥရောပသမဂ္ဂတို့က ယခုစစ်ရေးလေ့ကျင့်မှုများအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
တရုတ်ဘက်ကမူ ယခုစစ်ရေးလေ့ကျင့်မှုများသည် “တရားဝင်ပြီး လိုအပ်သော လုပ်ဆောင်ချက်များ” ဖြစ်ကြောင်း သောကြာနေ့တွင် တုံ့ပြန်ပြောဆိုခဲ့သည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက ကြာသပတေးနေ့ နှစ်သစ်ကူးမိန့်ခွန်းတွင် ထိုင်ဝမ်၏ အချုပ်အခြေအာဏာကို ကာကွယ်ရန် သန္နိဋ္ဌာန်ချထားကြောင်းနှင့် တရုတ်၏ ဖိအားပေးမှုများကို တုံ့ပြန်ရန် ထရမ့်အစိုးရက တောင်းဆိုထားသည့်အတိုင်း ကာကွယ်ရေးစွမ်းရည်များကို မြှင့်တင်သွားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
တရုတ်က ၂၀၂၇ ခုနှစ်တွင် ထိုင်ဝမ်ကို သိမ်းပိုက်နိုင်ရေး စစ်အင်အားပြင်ဆင်နေသည်ဆိုသည့် အမေရိကန်၏ ပြောဆိုချက်နှင့် ပတ်သက်၍ သမ္မတလိုင်က “တရုတ်က သူတို့ရဲ့ ရည်မှန်းချက်ကို အချိန်မီ အကောင်အထည်ဖော်နိုင်မလား ဆိုတာကတော့ တပိုင်းပေါ့။ လာမယ့် ၂၀၂၆ ခုနှစ်ဟာ ထိုင်ဝမ်အတွက် အလွန်အရေးကြီးတဲ့ နှစ်ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်တို့ဟာ အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီး အကောင်းဆုံးကို မျှော်လင့်ရမှာပါ” ဟု ပြောကြားခဲ့သည်။
တရုတ်၏ “Justice Mission 2025” စစ်ရေးလေ့ကျင့်မှုအတွင်း ထိုင်ဝမ်ဘက်သို့ ဒုံးကျည် ၂၇ စင်း ပစ်လွှတ်ခဲ့ပြီး ၁၀ စင်းမှာ ထိုင်ဝမ်ကမ်းခြေမှ ရေမိုင် ၂၄ မိုင် အကွာအတွင်းသို့ ကျရောက်ခဲ့ကာ ၎င်းမှာ ကျည်ဆန်အစစ်ဖြင့် အနီးကပ်ဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ကြောင်း ထိုင်ဝမ် ကာကွယ်ရေးအရာရှိများက ဆိုသည်။
The Japan Times မှ U.S. urges China to halt military pressure on Taiwan, days after Japan and othersအား Brownie ဘာသာပြန်သည်။
