ပိတ်ဆို့မှုများကြောင့် ဗင်နီဇွဲလားငွေကြေးနှင့် ဒေါ်လာလဲလှယ်နှုန်း ၄၈၀ ရာခိုင်နှုန်းခန့် စံချိန်တင် မြင့်တက်

Euro News

ဗင်နီဇွဲလားနိုင်ငံသုံး ငွေကြေးဖြစ်သော ဘိုလီဗာတန်ဖိုး သိသိသာသာ ထိုးဆင်းနေခြင်း၊ တရားဝင် ဒေါ်လာလဲလှယ်နှုန်းအတိုင်းရရှိရန် ခက်ခဲခြင်းတို့ကြောင့် နိုင်ငံတကာပိတ်ဆို့အရေးယူမှုများနှင့် ငွေကြေးဖောင်းပွမှုများကြားတွင် ဗင်နီဇွဲလားနိုင်ငံသားအများစုသည် နိုင်ငံခြားငွေရရှိရန်အတွက် ခရစ်တိုငွေကြေးအခြေပြု ဈေးကွက်များကို အသုံးပြုလာကြသည်။

ဗင်နီဇွဲလားရေနံကုန်သွယ်မှုအပေါ်ပိတ်ဆို့အရေးယူမှုများ ပိုမိုတင်းကျပ်လာခြင်း အပါအဝင် အမေရိကန် နှင့် ဗင်နီဇွဲလားအကြား တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ဘိုလီဗာငွေကြေး တန်ဖိုးကျဆင်းမှုများ ကို ပိုမိုဆိုးရွားစေခဲ့သည်။

ပြီးခဲ့သည့် ၁၂ လတာကာလအတွင်း အမေရိကန်ဒေါ်လာနှင့် တရားဝင်လဲလှယ်နှုန်းမှာ ၄၈၀ ရာခိုင်နှုန်း နီးပါးအထိ မြင့်တက်လာခဲ့သည်။

ဗင်နီဇွဲလား ဗဟိုဘဏ်က ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က တရားဝင်ငွေလဲနှုန်းကို အမေရိကန်တဒေါ်လာလျှင် ၃၀၁ ဒသမ ၃၇ ဘိုလီဗာအဖြစ် သတ်မှတ်ခဲ့ပြီး ယင်းနှုန်းထားမှာ ဇန်နဝါရီ ၂ ရက်အထိ အတည်ဖြစ် သည်။ ၂၀၂၅ ခုနှစ် အစောပိုင်းက တဒေါ်လာလျှင် ၅၂ ဒသမ ၀၂ ဘိုလီဗာသာ ရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းငွေကြေး မည်မျှအထိ တန်ဖိုးကျဆင်းသွားသည်ကို သိသာစွာ မြင်တွေ့နိုင်သည်။

သို့သော် တရားဝင်သတ်မှတ်ထားသော ငွေလဲနှုန်းမှာ ဖြစ်ပျက်နေသည့် အခြေအနေမှန်၏ တစိတ်တပိုင်း သာ ရှိသေးသည်။ လက်တွေ့တွင်မူ ဗင်နီဇွဲလားပြည်သူအများစုနှင့် လုပ်ငန်းရှင်များသည် အစိုးရသတ် မှတ်နှုန်းထားဖြင့် ဒေါ်လာဝယ်ယူခွင့် မရရှိကြသဖြင့် စည်းကမ်းထိန်းချုပ်မှုမရှိသော မှောင်ခိုဈေးကွက် ကိုသာ အားကိုးနေရသည်။

ခရစ်တိုငွေကြေးအခြေပြု လဲလှယ်ရေးစနစ်များပေါ်တွင် အခြေခံ၍ ဈေးနှုန်းသတ်မှတ်သည့် မှောင်ခို ဈေးကွက်တွင် အမေရိကန်တဒေါ်လာလျှင် ၅၆၀ ဘိုလီဗာဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီး ယင်းမှာ တရားဝင်ပေါက်ဈေးထက် ၈၅ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားနေသည်။

လက်ရှိတွင် ဗင်နီဇွဲလားတွင် ငွေကြေးလဲလှယ်မှု သုံးပုံနှစ်ပုံကျော်မှာ ယင်းကဲ့သို့သော ခရစ်တိုပလက် ဖောင်းများမှတဆင့် ပြုလုပ်နေကြသည်။

အစိုးရနှုန်းထားဖြင့် ဒေါ်လာရရှိမှု ကန့်သတ်ချက်များကြောင့် လုပ်ငန်းရှင်များနှင့် အိမ်ထောင်စုများသည် ငွေကြေးတန်ဖိုး အလွန်အမင်းကျဆင်းနေသော ပြင်ပဈေးကွက်ကိုသာ မှီခိုနေရသည်။

ဤကဲ့သို့ တရားဝင်နှုန်းထားနှင့် ပြင်ပနှုန်းထားအကြား ကွာဟချက် ကြီးမားလာခြင်းက နေ့စဉ်လူမှု ဘဝအပေါ် သိသိသာသာသက်ရောက်မှုများ ရှိလာသည်။

အစားအသောက်၊ အိမ်ငှားခ၊ သယ်ယူပို့ဆောင်ရေးနှင့် သွင်းကုန်ပစ္စည်းများ၏ ဈေးနှုန်းများကို မှောင်ခို ဈေးကွက်ပေါက်ဈေးဖြင့်သာ သတ်မှတ်လေ့ရှိသော်လည်း၊ လစာငွေကို တရားဝင်ဘိုလီဗာ ငွေကြေး ဖြင့်သာ ဆက်လက်ပေးနေသဖြင့် အမည်ခံလစာများ တိုးမြှင့်ပေးသည့်တိုင် ပြည်သူတို့၏ အမှန်တကယ် ရရှိသော ဝင်ငွေမှာ တဖြည်းဖြည်း လျော့နည်းလာနေသည်။

တည်ငြိမ်မှုရရှိရန် နည်းလမ်းတခုအဖြစ် ခရစ်တိုအခြေပြု လဲလှယ်ရေးစနစ်များကို အသုံးပြုခြင်း

ဗင်နီဇွဲလားတွင် ငွေကြေးဖောင်းပွမှုနှင့် ငွေကြေးမတည်ငြိမ်မှုများကို တုံ့ပြန်ရေးအတွက် ဒေါ်လာ အခြေပြုစီးပွားရေးပုံစံသို့ ပိုမိုကူးပြောင်းလာခဲ့ကြသည်။

ဘဏ်များနှင့် တရားဝင်ငွေလဲလှယ်ရေးစနစ်များမှာ တင်းကျပ်စွာ ထိန်းချုပ်ခံထားရသဖြင့် ခရစ်တို ပလက်ဖောင်းများသည် ဒေါ်လာဝယ်ယူရန်အတွက် အသုံးများသော ပြင်ပဈေးကွက်တခုအဖြစ် ပေါ်ပေါက်လာခဲ့သည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေ ရရှိရန် ခက်ခဲသော စီးပွားရေးအခြေအနေတွင် ခရစ်တိုပလက်ဖောင်းများသည် ငွေကြေးဖြစ်လွယ်မှုအတွက် အဓိကထွက်ပေါက် ဖြစ်လာသည်။

သမ္မတ နီကိုလပ်စ် မာဒူရိုက ၂၀၂၅ ခုနှစ်တွင် စီးပွားရေး ၉ ရာခိုင်နှုန်းနီးပါး တိုးတက်ခဲ့သည်ဟု ဆိုသော် လည်း ၂၀၂၆ ခုနှစ်တွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၅၀၀ ရာခိုင်နှုန်းကျော် အထိ ရှိလာနိုင်ကြောင်း ပုဂ္ဂလိကလုပ်ငန်းများက ခန့်မှန်းထားသည်။

တရားဝင် ငွေကြေးဖောင်းပွမှု အချက်အလက်များကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ နောက်ပိုင်း ကတည်းက အစိုးရက ထုတ်ပြန်ခြင်း မရှိတော့ပေ။

ဒေါ်လာနှင့် နိုင်ငံခြားငွေသား (အကြွေစေ့နှင့် ငွေစက္ကူ) ပြတ်လပ်မှုသည် ဘိုလီဗာငွေအပေါ် ဖိအားများ ပိုမိုသက်ရောက်စေပြီး ဗင်နီဇွဲလားနှင့် ဝါရှင်တန်အကြား ကာလရှည်ကြာ ဖြစ်ပွားနေသည့် တင်းမာမှု များကြောင့် ယင်းပြဿနာမှာ ပိုမိုဆိုးရွားလာခဲ့သည်။

ဗင်နီဇွဲလားသည် ၂၀၁၉ ခုနှစ်ကတည်းက အမေရိကန်၏ ရေနံတင်ပို့မှု ပိတ်ဆို့မှုကို ခံထားရသည်။

အမေရိကန်၏ ပိတ်ဆို့မှုများ ပိုမိုတင်းကျပ်လာပြီး ရေနံတင်သင်္ဘောများ ဖမ်းဆီးခံရမှုများ ရှိလာသော ကြောင့် ဗင်နီဇွဲလားသည် ယင်း၏ ရေနံစိမ်းများကို တရားမဝင်လမ်းကြောင်းများမှတဆင့် ဈေးလျှော့၍ တင်ပို့နေရသည်။

ယင်းကဲ့သို့ ဈေးလျှော့ရောင်းချရခြင်းသည် နိုင်ငံအတွင်းသို့ ဒေါ်လာဝင်ရောက်မှုကို ကန့်သတ်လိုက်သလို ဖြစ်စေပြီး၊ ငွေကြေးတန်ဖိုး ကျဆင်းခြင်းနှင့် ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းဟူသည့် သံသရာကို ပိုမို ဖြစ်ပေါ်စေခဲ့သည်။

Euro News မှ Venezuelan bolívar–dollar rate jumps to nearly 480% as sanctions bite deepens အား သောမတ်ဘာသာပြန်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်