မြန်မာ့ရွေးကောက်ပွဲနှင့် တရုတ်၏ အကျိုးစီးပွား တွက်ကိန်း
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းပြီးနောက် ငါးနှစ်အကြာတွင် ကျင်းပသည့် မြန်မာ့ အထွေထွေ ရွေးကောက်ပွဲ၏ ပထမအဆင့်က ဒီဇင်ဘာလ ၂၈ ရက်တွင် ပြီးဆုံးသွားခဲ့သည်။
ကျန်ရှိသည့် အဆင့်နှစ်ဆင့်ကို ဇန်နဝါရီလ ၁၁ ရက်နှင့် ၂၅ ရက်တို့တွင် ကျင်းပရန် သတ်မှတ်ထားပြီး၊ ရွေးကောက် ပွဲရလဒ်များကို ဖေဖော်ဝါရီလတွင် ထုတ်ပြန်မည်ဖြစ်သော်လည်း ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ယခုရွေးကောက်ပွဲသည် စစ်တပ်၏ နိုင်ငံရေးအာဏာချုပ်ကိုင်မှုကို တရားဝင်ဖြစ်စေရန် ကြိုးပမ်းသည့် ဟန်ပြသက်သက်သာဖြစ်ကြောင်း ဖော်ပြထားသည်။
အာဏာသိမ်းမှုကြောင့် မြန်မာသည် တိုင်းရင်းသားအရေးနှင့် နိုင်ငံရေးပဋိပက္ခများကြားတွင် ပြင်းထန် သော ပြည်တွင်းစစ်အတွင်းသို့ ကျရောက်ခဲ့ရသည်။ ထို့ကြောင့် ယခုရွေးကောက်ပွဲသည် ရှိရင်းစွဲ လူမှုရေး အကွဲအပြဲများကို ပိုမိုနက်ရှိုင်းစေမည့်အပြင် အကြမ်းဖက်မှုများလည်း ပိုမိုဖြစ်ပွားနိုင်သည်ဟု အများက သုံးသပ်နေကြသည်။
ကံကောင်းထောက်မစွာဖြင့် ပထမအဆင့်တွင် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် ကြီးကြီးမားမား အကြမ်း ဖက်မှုများ မရှိခဲ့သော်လည်း ကျန်ရှိသည့် အဆင့်များတွင်လည်း ယခုကဲ့သို့ပင် အေးချမ်းလိမ့်မည်ဟု ခန့်မှန်းရန် စောလွန်းနေသေးသည်။
ပြည်ထောင်စုလွှတ်တော်နှစ်ရပ်နှင့် တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိ လွှတ်တော်များအတွက် နိုင်ငံရေးပါတီ ၅၇ ပါတီသာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး၊ ယခုရွေးကောက်ပွဲသည် အနှစ်သာရကင်းမဲ့နေသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး အာဏာရလာခဲ့သော်လည်း သုံးလ အကြာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော စစ်အာဏာသိမ်းမှုဖြင့် ဖယ်ရှားခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် အခြားသော ပါတီအများ အပြားမှာ ယခုရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။
NLD နှင့် အခြားပါတီအချို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ရန် ငြင်းဆိုခဲ့ကြ သဖြင့် အလို အလျောက် ဖျက်သိမ်းခြင်းခံခဲ့ရသည်။
ခန့်မှန်းချက်များအရ ယင်းပါတီများသည် ၂၀၂၀ ပြည့်နှစ်တွင် စုစုပေါင်းဆန္ဒမဲ၏ ၇၀ ရာခိုင်နှုန်းကို ရရှိခဲ့ကြပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာများ၏ ၉၀ ရာခိုင်နှုန်းကို အနိုင်ရရှိခဲ့ကြသူများ ဖြစ်သည်။
ထို့ပြင် နိုင်ငံတဝန်းရှိ မြို့နယ် ၃၃၀ အနက် ၆၅ မြို့နယ်တွင် လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲ ကျင်းပမည်မဟုတ်ပေ။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်အရ လွှတ်တော်အသီးသီးရှိ နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် သီးသန့်ဖယ်ထားသည်။
ပြည်ထောင်စုလွှတ်တော် နှစ်ရပ်အနက် ပြည်သူ့လွှတ်တော်တွင် အမတ် ၄၄၀ ရှိပြီး ၃၃၀ မှာ ရွေးကောက် ခံရသူ များဖြစ်ကာ ၁၁၀ မှာ စစ်တပ်က ခန့်အပ်ထားသူများဖြစ်သည်။ အမျိုးသားလွှတ်တော်တွင် ၂၂၄ နေရာရှိပြီး ၁၆၈ နေရာမှာ ရွေးကောက်ခံရသူများဖြစ်ကာ ၅၆ နေရာမှာ စစ်တပ်မှ ဖြစ်သည်။
ယခုကဲ့သို့ အရေးကြီးသော အလှည့်အပြောင်းတွင် ‘ရှေ့ဆက် ဘာဖြစ်မလဲ’ ဆိုသည်မှာ အရေးကြီးသော မေးခွန်းဖြစ်သည်။ ကျယ်ကျယ်ပြန့်ပြန့် ကြည့်မည်ဆိုပါက ချဉ်းကပ်ပုံ နှစ်မျိုးရှိသည်။ တမျိုးမှာ ကိုယ်ကျင့်တရားနှင့် စံနှုန်းများအပေါ် အခြေခံခြင်းဖြစ်ပြီး အခြားတမျိုးမှာ လက်တွေ့ကျမှုကို အခြေခံ ခြင်းဖြစ်သည်။
ပထမတမျိုးမှာ တကမ္ဘာလုံးက လက်ခံထားကြသဖြင့် ထပ်မံရှင်းပြရန် မလိုသော်လည်း ဒုတိယတမျိုး ကိုမူ တရုတ် ၏ ရပ်တည်ချက်တွင် အထင်ရှားဆုံး တွေ့မြင်နိုင်သည်။
စင်ကာပူအခြေစိုက် တရုတ်မူဝါဒဂျာနယ်ဖြစ်သော ThinkChina မဂ္ဂဇင်း၏ မကြာသေးမီက ဆောင်းပါး တပုဒ်တွင် ယင်းရပ်တည်ချက်ကို အကောင်းဆုံး ရှင်းလင်းဖော်ပြထားသည်။
တရုတ်က မြန်မာ့အရေးကို ကိုယ်ပိုင်ပထဝီနိုင်ငံရေး အကျိုးစီးပွားရှုထောင့်မှ ကြည့်မြင်ပြီး ‘ပြိုကွဲနေ သော မြန်မာ နိုင်ငံထက် အသင့်အတင့် တည်ငြိမ်မှုရှိသော မြန်မာသည်သာ အရှေ့တောင်အာရှတွင် ပေကျင်း၏ အဓိကအကျိုး စီးပွားများနှင့် ပိုမိုကိုက်ညီသည်’ ဟု ယူဆထားသည်။
စတင်အာဏာသိမ်းစဥ်က တရုတ်အစိုးရက စစ်ကော်မရှင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ် ဆန့်ကျင်ရေးသမားများအဖြစ် ရှုမြင်ခဲ့သည်။ အထူးသဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တရုတ်နိုင်ငံသား များကို လိမ်လည်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းရန် စစ်ကော်မရှင်ဘက်က တစိုက်မတ်မတ် ငြင်းဆိုနေခြင်းက ယင်းအမြင်ကို ပိုမိုခိုင်မာစေခဲ့သည်။
အာဏာသိမ်းပြီးစ လအနည်းငယ်အတွင်းတွင် တရုတ်က ရွေးချယ်စရာလမ်းစများကို ဖွင့်ထားခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) နှစ်ဖက်စလုံးနှင့် အဆက်အသွယ်ရှိခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်ခဲ့သည်။
ရခိုင်လူမျိုးများ၏ အာရက္ခတပ်တော် (AA)၊ ကိုးကန့်လူမျိုးများ၏ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းလူမျိုးများ၏ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ဟူသော အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့သုံးဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ‘ညီနောင်မဟာမိတ်သုံးဖွဲ့’ ပေါ်ပေါက်လာရေးတွင် တရုတ်အစိုးရက ပါဝင်ပတ်သက်မှု ရှိနိုင်သည်ဟုပင် ခန့်မှန်းတွက်ဆမှုများ ရှိခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် ယင်းမဟာမိတ်အဖွဲ့သည် စုပေါင်းထိုးစစ်ဆင်ခဲ့ပြီး ရှမ်းပြည်နယ်ရှိ စစ်ကော်မရှင်၏ စခန်းများကို အပြတ်အသတ် ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်။ နယ်စပ်ကုန်သွယ်ရေး ဗဟိုချက်ဖြစ်သော လားရှိုးမြို့အပါအဝင် အရေးပါသည့် မြို့နယ်များစွာကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်။
ယင်းအောင်ပွဲများသည် တနိုင်ငံလုံးရှိ အခြားသော တော်လှန်ရေးအဖွဲ့များကို အားတက်စေခဲ့ပြီး စစ်ကော် မရှင်၏ ထောက်ပို့လုပ်ငန်းများကို အကျပ်အတည်းဖြစ်စေကာ အကြီးအကျယ် ဖိအားပေးနိုင်ခဲ့သဖြင့် အလွန်အရေးပါသော အောင်ပွဲများ ဖြစ်ခဲ့သည်။
ယင်းအခြေအနေသို့ ရောက်ရှိလာသောအခါ တရုတ်က ရပ်တည်ချက်ကို ပြောင်းလဲခဲ့သည်။ အကြောင်း မှာ စစ်တပ်ရှုံးနိမ့်သွားပါက မြန်မာနိုင်ငံသည် နိုင်ငံငယ်လေးများစွာအဖြစ် ပြိုကွဲသွားနိုင်ခြေရှိပြီး၊ ထိုသို့ ဖြစ်လာပါက တရုတ်၏ ပထဝီနိုင်ငံရေး မဟာဗျူဟာကို ထိခိုက်စေနိုင်ကြောင်း တရုတ်က သဘော ပေါက်လာသောကြောင့်ဖြစ်သည်။
ထိုသို့ပြိုကွဲသွားပါက တရုတ်က နိုင်ငံတနိုင်ငံတည်းနှင့် ဆက်ဆံရမည့် အစား နယ်မြေဒေသများစွာနှင့် ဆက်ဆံရမည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်ပြီး၊ ပြိုင်ဘက်အင်အားကြီးနိုင်ငံများ၏ အကျိုးစီးပွားများ ယင်းဒေသများအတွင်း အမြစ်တွယ်လာမှုကိုလည်း ဖိတ်ခေါ်သကဲ့သို့ ဖြစ်သွားနိုင်သောကြောင့် ဖြစ်သည်။
စိတ်ဝင်စားစရာကောင်းသည်မှာ နိုင်ငံပြိုကွဲမှုကို ရှောင်ရှားရန် ဗဟိုချုပ်ကိုင်မှု လိုအပ်နေခြင်းကပင် ပြည်တွင်းစစ်ကို ပိုမိုရှုပ်ထွေးသွားစေသည်။
အပြည်ပြည်ဆိုင်ရာ ပဋိပက္ခလေ့လာရေးအဖွဲ့၏ အစီရင်ခံစာတခုတွင် ဖော်ပြထားသည့်အတိုင်း စစ်ကော်မရှင်ဘက်မှ ပါဝင်တိုက်ခိုက်ပေးနေသည့် ‘ပျူစောထီး’ ဟုခေါ်သော အရပ်သားပြည်သူ့စစ်များ လည်း အများအပြား ရှိနေသည်။
စစ်ကော်မရှင်နှင့် တရုတ်က ဩဇာလွှမ်းမိုးမှုရှိသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အထူးသဖြင့် MNDAA နှင့် TNLA အကြား ငြိမ်းချမ်းရေးရရှိရန် ကြားဝင်စေ့စပ်ပေးခဲ့သည်။
ထို့ပြင် လက်နက်အင်အား အတောင့်တင်းဆုံးဟု ယူဆရသည့် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ကိုလည်း အခြားအဖွဲ့များထံ လက်နက်ရောင်းချခြင်းမပြုရန် တားမြစ်ပိတ်ပင်ခဲ့သည်။
ယင်းလုပ်ဆောင်ချက်များကြောင့် စစ်ကော်မရှင်သည် တော်လှန်ရေးအဖွဲ့များ သိမ်းပိုက်ထားသည့် နယ်မြေအတော်များများကို ပြန်လည်ရရှိခဲ့သည်။ ထို့ပြင် တရုတ်က စစ်ကော်မရှင်အား ရွေးကောက်ပွဲ အစီအစဉ်ကို ရှေ့ဆက်လုပ်ဆောင်ရန်လည်း စတင်တိုက်တွန်းလာခဲ့သည်။
ThinkChina မှ လေ့လာဆန်းစစ်သူ ဒေးဗစ်မက်သီဆန်ဖော်ပြထားသကဲ့သို့ တရုတ်၏ ယင်းချဉ်းကပ်မှုမှာ ဒီမိုကရေစီကြောင့်မဟုတ်ဘဲ ယင်း၏ ကိုယ်ပိုင်မဟာဗျူဟာမြောက် အကျိုးစီးပွားကြောင့်သာ ဖြစ်သည် မှာ ထင်ရှားလှပါ သည်။
ဝါရှင်တန်ဒီစီရှိ စတင်မ်ဆင် စင်တာမှ တရုတ်စီမံကိန်း ညွှန်ကြားရေးမှူးနှင့် လေ့လာဆန်း စစ်သူ ဆန်ယွန်ကလည်း ယင်းအမြင်ကို ထောက်ခံပြီး ‘တခုတည်းသော ဖြစ်နိုင်ခြေရှိသည့် ဖြေရှင်းနည်းမှာ အလုံးစုံတော်လှန်ရေး မဟုတ်ဘဲ တဖြည်း ဖြည်းချင်း ပြုပြင်ပြောင်းလဲရေးသာဖြစ်သည်။ စနစ်တကျ ပြုလုပ်သော ရွေးကောက်ပွဲသည် ယင်းကို အကောင် အထည်ဖော်ရန် အလားအလာအရှိဆုံး နည်းလမ်း ဖြစ်သည်’ ဟု ဆိုသည်။
အိန္ဒိယ၏ ရပ်တည်ချက်ကလည်း တရုတ်လောက် သိသာထင်ရှားမှု မရှိသော်လည်း လက်တွေ့ကျမှုကို ဦးစားပေးသည့်ဘက်သို့ တိမ်းသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းက တီယန်ကျင်းမြို့၌ ကျင်းပသည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၏ ဘေးပန်းအစည်းအဝေးတွင် ဝန်ကြီးချုပ် မိုဒီနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ခြင်းက ယင်းသို့သော အရိပ်အယောင် တခု ဖြစ်သည်။
မြန်မာတွင် စစ်အုပ်ချုပ်ရေးနှင့် အရပ်သားအုပ်ချုပ်ရေး အလှည့်ကျဖြစ်ပေါ်နေသည်မှာ ယခုအခါ သံသ ရာလည်နေသကဲ့သို့ ဖြစ်နေသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြု ပြီးနောက် ကျင်းပသည့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း NLD နှင့် အခြားပါတီအတော်များများက သပိတ်မှောက်ခဲ့ကြ သည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ကို ဦးဆောင်သည့် အငြိမ်းစားစစ်အရာရှိ ဦးသိန်းစိန် သည် ၂၀၁၁ ခုနှစ်တွင် သမ္မတဖြစ်လာပြီးနောက် ဖျက်သိမ်းခံထားရသည့် ပါတီများကို ပြန်လည်မှတ်ပုံ တင်ခွင့်ကို လွတ်လပ်စွာ ပေးခဲ့သည်။
၂၀၁၂ ခုနှစ်တွင် လစ်လပ်နေရာ ၄၅ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသောအခါ NLD သည် ၄၄ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် NLD သည် တောင်ပြိုကမ်းပြို မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ယခုကဲ့သို့ စိတ်မကောင်းဖွယ်ရာ အခြေအနေမျိုးတွင် မြန်မာနိုင်ငံအတွက် အကောင်းဆုံးဖြစ်နိုင်ခြေမှာ ၂၀၁၂ ခုနှစ်ကကဲ့သို့ပင် ယခုရွေးကောက်ပွဲသည် စစ်ကော်မရှင်အတွက် ဂုဏ်သိက္ခာရှိရှိ ထွက်ပေါက် တခုဖြစ်စေပြီး အရပ်သားအုပ်ချုပ်ရေးသို့ ပြန်လည်ဦးတည်သွားရန်ဖြစ်သည်။
ယင်းကဲ့သို့သော ဖြစ်ရပ်များတကျော့ပြန်ဖြစ်ပေါ်မှုအပေါ်တွင် ဒေသတွင်း တည်ငြိမ်ရေး၏ အနာဂတ် သည် တည်ရှိနေပါသည်။
ယခုအတွေးအမြင်ကို ရေးသားသူ ပရာဒစ် ဖန်ဂျိုဘမ်သည် အင်ဖာ အနုပညာနှင့် နိုင်ငံရေး သုံးသပ်ချက် ဂျာနယ်မှ အယ်ဒီတာဖြစ်သည်။
New Indian Express မှ China counts its chickens as Myanmar votes အား သောမတ် ဘာသာပြန် သည်။
