ဆက်ဆံရေးတင်းမာနေချိန် ဂျပန်စီးပွားရေးကိုယ်စားလှယ်အဖွဲ့ တရုတ်ခရီးစဉ် ရွှေ့ဆိုင်း
ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တရုတ်နှင့် ဂျပန်ကြား ဆက်ဆံရေးတင်းမာနေချိန်တွင် ထင်ရှားသော ဂျပန်စီးပွား ရေးခေါင်း ဆောင် ၂၀၀ ခန့်ပါဝင်သည့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့၏ တရုတ်သို့ နှစ်စဉ် သွားရောက်သည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်သည်။
ယင်းကဲ့သို့ ရွှေ့ဆိုင်းခြင်းမှာ ဆယ်စုနှစ်တခုကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်သည်။
ယင်းခရီးစဉ်ရွှေ့ဆိုင်းမှုက နှစ်နိုင်ငံ၏ ရှုပ်ထွေးသော ဆက်ဆံရေးတွင် တည်ငြိမ်မှုပေးနိုင်သည့် လမ်း ကြောင်းတခုအဖြစ် ကာလရှည်ကြာ ရှုမြင်ခံခဲ့ရသော ‘ကော်ပိုရိတ်သံတမန်ရေး’ ပျက်ယွင်းလာနေသည့် စိုးရိမ်ဖွယ် လက္ခဏာတရပ်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။
ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီက နိုဝင်ဘာလ ၇ ရက်တွင် ထိုင်ဝမ်တိုက်ခိုက်ခံရပါက ဂျပန်၏ စစ်ရေးအရ တုံ့ပြန် မှုများ ရှိလာနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက်၊ တရုတ်က ဂျပန်ကို စစ်ဝါဒပြန်လည်အသက်သွင်းနေသည်ဟု စွပ်စွဲခဲ့သည်။
ထို့ပြင် အရှေ့အာရှနှင့် အခြားဒေသများတွင်ပါ ဂျပန်ကို ဆန့်ကျင်သည့် ညီညွတ်သောတပ်ဦးတရပ် တည်ထောင်ရန် တရုတ်က အရှိန်အဟုန်မြှင့် ကြိုးပမ်းလာချိန်တွင် ယခုခရီးစဉ်ရွှေ့ဆိုင်းမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သို့သော် ဂျပန်က အလျှော့မပေးဘဲ တင်းခံနေပြီး၊ ဂျပန်ခေါင်းဆောင်က နှစ်သစ်ကူးမိန့်ခွန်းတွင် နိုင်ငံ၏ ကာကွယ် ရေးကဏ္ဍကို ပိုမိုအားကောင်းအောင် လုပ်ဆောင်သွားမည်ဟု ကတိပြုခဲ့ကာ ဒေသတွင်းတွင် တရုတ်၏ ‘အာဏာရှင်ဆန်သည့် လှုပ်ရှားမှုများ’ တိုးပွားလာနေကြောင်း သတိပေးခဲ့သည်။
ဂျပန်-တရုတ် စီးပွားရေးအသင်း (JCEA) မှ စီစဉ်ထားပြီး ဇန်နဝါရီ ၂၀ ရက်တွင် စတင်မည့် ဂျပန် စီးပွားရေးခေါင်းဆောင်များ၏ လေးရက်ကြာ ပေကျင်းခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း အဖွဲ့က ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံနိုင်ရန် အခက်အခဲရှိနေခြင်းနှင့် ‘ထူးခြားသောရလဒ်များ’ ရနိုင်ခြေ နည်းပါးခြင်းတို့ကြောင့် ယခုကဲ့သို့ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
“လက်ရှိ ဂျပန်-တရုတ်ဆက်ဆံရေး အခြေအနေများအောက်တွင် ယခုကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ် လက်တွေ့ဖြစ်လာစေရန် ကျွန်ုပ်တို့ဘက်မှ အစွမ်းကုန် ကြိုးပမ်းခဲ့ပါသည်” ဟု JCEA က ပြောကြား ခဲ့သည်။
သို့သော် နိုင်ငံတော်အဆင့် ခေါင်းဆောင်များနှင့် တွေ့ဆုံမှုများ အပါအဝင် တရုတ်အစိုးရဌာနများနှင့် လုံလောက်သော အမြင်ချင်းဖလှယ်မှုများ ပြုလုပ်နိုင်ရန် ခက်ခဲနေသည်ကို တွေ့ရှိရပါသည်ဟုလည်း ဖြည့်စွက်ပြောဆိုခဲ့သည်။
ဂျပန်ကိုယ်စားလှယ်အဖွဲ့တွင် Mitsubishi နှင့် Panasonic ကဲ့သို့သော ကုမ္ပဏီကြီးများမှ ထိပ်တန်းအမှု ဆောင်များပါဝင်သလို၊ ဂျပန်စီးပွားရေးအဖွဲ့ချုပ်၊ ဂျပန်-တရုတ်စီးပွားရေးအသင်းနှင့် ဂျပန်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးအသင်းချုပ် (JCCI) ဟူသည့် ဂျပန်၏ အဓိကစီးပွားရေးအဖွဲ့အစည်းကြီး သုံးခုမှ ကိုယ်စားလှယ်များလည်း ပါဝင်ရန် စီစဉ်ထားသည်။
ဂျပန်ကိုယ်စားလှယ်အဖွဲ့သည် သမ္မတ ရှီကျင့်ဖျင်နှင့် ဝန်ကြီးချုပ် လီချန်တို့နှင့် တွေ့ဆုံရန် ကြိုးပမ်းခဲ့ သည်။
ယင်းစီးပွားရေးအဖွဲ့ကြီး သုံးခု၏ ပေကျင်းခရီးစဉ်သည် ၁၉၇၅ ခုနှစ်ကတည်းက စတင်ခဲ့သည့် နှစ်စဉ်ခရီး စဉ်ဖြစ်ပြီး၊ COVID-19 ကပ်ရောဂါကာလနှင့် ၂၀၁၂ ခုနှစ်တွင် အရှေ့တရုတ်ပင်လယ်ရှိ ဂျပန်အခေါ် ဆန်ကာကုကျွန်းများကိစ္စ ဂျပန်နှင့် အငြင်းပွားပြီးနောက်ပိုင်း နှစ်နိုင်ငံဆက်ဆံရေး ဆိုးရွားခဲ့စဉ်ကသာ ခရီးစဉ်များရပ်ဆိုင်းခဲ့ဖူးသည်။
သို့သော် ခရီးစဉ်များကို ၂၀၁၃ ခုနှစ်တွင် ပြန်လည်စတင်ခဲ့သည်။ ယခုခရီးစဉ်ရွှေ့ဆိုင်းလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ မေးမြန်းသည့်အခါ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်းကျန့်က ဝန်ကြီးချုပ် တာကာအီချီ၏ ထိုင်ဝမ်အရေးအပေါ် ‘မှားယွင်းသော’ ပြောကြားချက်များကို အစိုးရအနေဖြင့် ကန့်ကွက်ကြောင်းကိုသာ ဗုဒ္ဓဟူးနေ့တွင် ထပ်လောင်းပြောဆိုခဲ့သည်။
SCMP မှ Japanese business leaders shelve annual China trip as tensions mount အား သောမတ် ဘာသာပြန်သည်။
