တရုတ်စစ်ရေးလေ့ကျင့်မှုအပြီး အချုပ်အခြာအာဏာကိုကာကွယ်မည်ဟု ထိုင်ဝမ်သမ္မတ ကတိပြု

AFP

တရုတ်နိုင်ငံက စစ်ရေးလေ့ကျင့်မှုများလုပ်ဆောင်ပြီးနောက် ဒီမိုကရက်တစ် ကျွန်းနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်သွားမည်ဟု ထိုင်ဝမ်သမ္မတ လိုင်ချင်တဲ (Lai Ching-te) ကသူ့နှစ်သစ်ကူးမိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်ပင်မကုန်းမြေကို ဝိုင်းဝန်းပိတ်ဆို့သည့်အနေနှင့် ပေကျင်းက ဒါဇင်ပေါင်းများစွာသော တိုက်လေယာဉ်များ၊ ရေတပ်သင်္ဘောများ၊ ကမ်းခြေစောင့်ရေယာဉ်များကို ယခုအပတ်အတွင်းစေလွှတ်ချထားလေ့ကျင့်ခဲ့သည်။ ထိုသို့စစ်လေ့ကျင့်ခန်းများပြုလုပ်မှုကို ‘အလွန်ရန်လိုသည့်’ လုပ်ရပ်ဟု ထိုင်ပေက ကန့်ကွက်ရှုတ်ချခဲ့ သည်။

ဒီမိုကရက်တစ်ထိုင်ဝမ်ကို သူတို့၏ပိုင်နက်နယ်မြေဟု တရုတ်က တောင်းဆိုပြောကြားထားပြီး အင်အားသုံး သိမ်းသွင်းမည်ဟုလည်း ခြိမ်းခြောက်ပြောဆိုထားသည်။

“ကျွန်တော့်ရဲ့ရပ်တည်ချက်က အမြဲတမ်းရှင်းရှင်းလင်းလင်းရှိပါတယ်။ အမျိုးသားအချုပ်အခြာအာဏာကို တသမတ်တည်းကာကွယ်သွားမယ်။ အမျိုးသားကာကွယ်ရေးကိုခိုင်မာအောင်လုပ်သွားမယ်။ လူ့အဖွဲ့အစည်း တခုလုံးခံနိုင်ရည်ရှိအောင်လုပ်မယ်။ ထိရောက်ဟန့်တားနိုင်တဲ့စွမ်းရည်ကိုအလုံးစုံတည်ဆောက်သွားမယ်၊ သန်စွမ်းပြီးခံနိုင်ရည်ရှိတဲ့ ဒီမိုကရက်တစ် ကာကွယ်ရေးယန္တရားကိုတည်ဆောက်သွားမယ်” ဟု သူက သမ္မတ အိမ်တော်မှ တိုင်းပြည်သို့ပြောကြားသည့် ရုပ်သံမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ထိုင်ဝမ်သို့အမေရိကန်က လက်နက်အများအပြားရောင်းချခဲ့ပြီး ဂျပန်ဝန်ကြီးချုပ်ကလည်း ထိုင်ဝမ်ကိုအင်အား သုံးတိုက်ခိုက်ခဲ့ပါက တိုကျို၏စစ်ရေးအရတုံ့ပြန်မှုကိုခံရမည်ဟု သဘောထားမှတ်ချက်ပေးပြောကြားခဲ့ပြီး နောက် တရုတ်၏ အင်အားပြပွဲကြီးပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ အမေရိကန်သည် ထိုင်ဝမ်လုံခြုံရေးအတွက် အဓိကကျောထောက်နောက်ခံပေးကူညီနေသည့်နိုင်ငံဖြစ်သည်။

ထိုင်ဝမ်အပေါ် နိုင်ငံတကာ၏ထောက်ခံမှုသည် “မည်သည့်အခါမျှဝေဝါးယိမ်းယိုင်ခြင်းမရှိ” ဟု လီကပြောကြား ခဲ့ပြီး “ထိုင်ဝမ်သည် အရင်လို ထိုင်ဝမ်မျှသာမဟုတ်တော့” ဟုလည်း အချက်ပြပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာမရှိမဖြစ်နိုင်ငံမျှသာမဟုတ်၊ ယုံကြည်ရတဲ့နိုင်ငံ၊ နိုင်ငံတကာအသိုင်းအဝန်းအတွက် ကောင်း မွန်အောင်လုပ်ဖို့ တာဝန်သိအင်အားတရပ်လည်း ဖြစ်တယ်” ဟု လီက ပြောကြားခဲ့သည်။

သို့သော် အတိုက်အခံများသည် အစိုးရ၏နှစ်စဉ်ဘတ်ဂျက်အတည်ပြုရေးကို နှောင့်နှေးကြန့်ကြာအောင်ပြု လုပ်နေသည်ဟု သူက သတိပေးခဲ့သည်။ ကာကွယ်ရေးအသုံးစားရိတ်အတွက် နောက်ထပ် ဒေါ်လာ ဘီလီယံ ၄၀ တောင်းခံထားမှုသည် မိမိကိုယ်ကိုကာကွယ်ရေးအတွက် “ထိုင်ဝမ်၏သန္နိဋ္ဌာန်” ကို မေးခွန်းထုတ်စေနိုင်သည်ဟုဆိုသည်။

“စိုးရိမ်စရာကောင်းတဲ့တရုတ်နိုင်ငံရဲ့စစ်ရေးရည်မှန်းချက်တွေနဲ့ကြုံနေရတဲ့အချိန်မှာ ထိုင်ဝမ်မှာစောင့်ဆိုင်း နေဖို့အချိန်မရှိဘူး။ ပြည်တွင်းပဋိပက္ခနဲ့အချင်းချင်းရန်ဖြစ်နေဖို့လည်းအချိန်မရှိဘူး” ဟု လီက ပြောခဲ့သည်။

“ပြဿနာပေါင်းများစွာအပေါ်မှာ ကျွန်တော်တို့မှာမတူညီတဲ့အမြင်တွေရှိနိုင်ပါတယ်။ ဒါပေမယ့် ဒူပေဒါပေ ခံ နိုင်တဲ့ကာကွယ်ရေးမရှိဘဲ နိုင်ငံဆိုတာလည်းမရှိနိုင်ဘူး။ ငြင်းခုံဆွေးနွေးနေဖို့အခြေအနေလည်းမရှိဘူး” ဟု သူက ပြောသည်။

အဆိုပါမိန့်ခွန်းကို ပေကျင်းက ကြာသပတေးနေ့က တုံ့ပြန်ခဲ့ရာ မိန့်ခွန်းမှာ “အလိမ်အညာများ” ပါဝင်နေသည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ရေးသားဖော်ပြခဲ့သည်။

“လိုင်ချင်တဲ ၏ မိန့်ခွန်းမှာ အလိမ်အညာများနှင့် အဓိပ္ပါယ်မဲ့စကားများဖြင့်သာပြည့်နှက်နေပြီးရန်လိုကာ အငြိုးအာဃာတစိတ်ထားများရှိနေသည်” ဟု ပေကျင်း၏ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ချင်ပင်းဟွာ (Chen Binhua) က ပြောကြောင်း ဆင်ဟွာက ရေးသားထားသည်။

“လိုင်သည် ‘ထိုင်ဝမ်လွတ်လပ်ရေး’ တည်းဟူသောအမှားကိုတကြိမ်ထပ်၍ပြောပြန်သည်။ ရေလက်ကြားဖြတ်ကျော်ထိပ်တိုက်တွေ့မှုကို လှုံ့ဆော်နေပြီး ‘ဒီမိုကရေစီနှင့်အာဏာရှင်စနစ်’ ဟူသည့်သီချင်းဟောင်းကြီးကိုပင် တဖန်ထပ်ဖွင့်နေပြန်သည်” ဟု ချင်က ဆက်ပြောထားသည်။

‘ညီညွတ်ရေး၊ ကွဲပြားရေးမဟုတ်’

တရုတ်၏ယခုနောက်ဆုံးစစ်ရေးလေ့ကျင့်ခန်းသည် ၂၀၂၂ ခုနှစ်က ထိုအချိန်ကအောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီ ပလိုစီ (Nancy Pelosi) ထိုင်ဝမ်ကိုလာရောက်လည်ပတ်ခဲ့၍ ပေကျင်းကိုစိတ်ဆိုးဒေါသထွက်စေခဲ့ပြီး ပြုလုပ် ခဲ့သည့် စစ်လေ့ကျင့်ခန်းများပြီးကတည်းက (၆) ကြိမ်မြောက်ပြုလုပ်သည့် စစ်လေ့ကျင့်ခန်း ဖြစ်သည်။

ကြီးထွားလာနေသာဖိအားကိုတုံ့ပြန်သည့်အနေဖြင့် ထိုင်ဝမ်ကလည်း ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ကာ ကြီးမားလှသောတရုတ်စစ်အင်အားကို အချိုးမညီစစ်ပွဲနည်းဗျူဟာဖြင့်ယှဉ်ပြိုင်တိုက်ခိုက်ရန်ပြင်ဆင်နေသည်။ ထိုဘတ်ဂျက်ဖြင့် ပိုမိုသေးငယ်ပြီး ပိုမိုထက်မြက်သည့် လက်နက်များတပ်ဆင်နေသည်။

သို့သော်ယခုထက်ပို၍လုပ်ဆောင်ရန် အမေရိကန်နိုင်ငံက ဖိအားပေးနေသည်။

၂၀၂၆ ခုနှစ်ဘတ်ဂျက်တွင် ကာကွယ်ရေးအသုံးစားရိတ်ကို ပြည်တွင်းစုစုပေါင်းထွက်ကုန် (GDP) သုံး ရာခိုင်နှုန်းကျော်အသုံးပြုရန် လိုင် ၏ အစိုးရက ရည်မှန်းထားသည်။ ၂၀၃၀ ခုနှစ်တွင် ထိုအသုံးစားရိတ်ကို GDP ၏ ငါး ရာ ခိုင်နှုန်းအထိသုံးစွဲသွားမည်ဖြစ်သည်။

ထိုင်ဝမ်တွင် ရက်သတ္တပတ်ပေါင်းများစွာ အဆန်းတကြယ်ဖြစ်ရပ်များပေါ်ထွက်ခဲ့ပြီးနောက် လီ၏မိန့်ခွန်းပေါ် ထွက်လာခဲ့ခြင်းလည်းဖြစ်သည်။ ထိုင်ပေ မြေအောက်ရထားဘူတာရုံတွင် ဒါးဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူသုံးဦးသေဆုံးခဲ့ရပြီး ပြည်တွင်းနိုင်ငံရေးအကြပ်အတည်းကိုပိုမိုနက်ရှိုင်းသွားစေခဲ့သည်။

လွှတ်တော်ကိုအတူတကွထိန်းချုပ်ထားသည့် ကူမင်တန်ပါတီ (KMT) နှင့် ထိုင်ဝမ်ပြည်သူ့ပါတီ တို့က လိုင်၏ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) က အတိုက်အခံကထောက်ခံထားသည့် အခွန်ရငွေမျှဝေရေးဥပဒေ ပြင်ဆင်ချက်ဥပဒေကြမ်းကို လက်မှတ်ထိုးရန်ငြင်းဆိုခဲ့ခြင်းကြောင့် ဥပဒေကြမ်းအသက်ဝင်မလာအောင် တား ဆီးခဲ့သည့်အတွက် ဝန်ကြီးချုပ် ချိုကျွန်းတိုင် (Cho Jung-tai) ကိုအကြီးအကျယ်စိတ်ဆိုးဒေါသထွက်ခဲ့ကြ သည်။

ချို၏ဆုံးဖြတ်ချက်ကို လီကလူသိရှင်ကြားထောက်ခံခဲ့သည်။ ထို့ကြောင့် အတိုက်အခံပါတီများကိုပိုမိုဒေါသ ထွက်စေခဲ့သည်။ အစိုးရသည် “ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိုအာခံနေသည်” ဟု သူတို့ကစွပ်စွဲခဲ့ကြပြီး အစိုးရကို စွပ်စွဲပြစ်တင်ရေးအတွက်ဆောင်ရွက်မှုများကိုစတင်ပြုလုပ်ခဲ့ကြသည်။

“ကျွန်တော်တို့အာဏာရပါတီနဲ့ အတိုက်အခံပါတီတွေ ညီညွတ်စွာရပ်တည်နိုင်ကြမယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်” ဟု လီကပြောကြားခဲ့သည်။

“ကွဲပြားမှုမဟုတ်ဘဲ ညီညွတ်မှုနဲ့သာလျှင် တရုတ်နိုင်ငံကိုမှားယွင်းတဲ့အချက်ပြတွေပေးပို့မိခြင်းမှ ရှောင်ရှားနိုင် ပါလိမ့်မယ်။ ဒီလိုမှားယွင်းတဲ့အချက်ပြတွေပေးပို့မိရင် တရုတ်ကထိုင်ဝမ်ကိုဝင်ရောက်ကျူးကျော်နိုင်သွားပါ လိမ့်မယ်” ဟု သူကပြောဆိုခဲ့သည်။

(AFP သတင်းဌာန၏ “Taiwan’s president vows to defend sovereignty after China drills” ကို ကိုတော ဘာသာပြန်သည်)

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်