စောင့်ကြည့်ခံ နိုင်ငံ – တရုတ်၏ ကျယ်ပြန့်လာသော နှိပ်ကွပ်မှုများနှင့် ပျောက်ကွယ်လုနီးပါး အရပ်ဘက် လွတ်လပ်ခွင့်များ

မဇ္ဈိမ

တရုတ်နိုင်ငံတဝှမ်းတွင် အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်နေသော နှိပ်ကွပ်မှုသစ်များကြောင့် တကမ္ဘာလုံး ထိတ်လန့်တုန်လှုပ်ရပြန်ကာ နိုင်ငံအတွင်း အရပ်ဘက် လွတ်လပ်ခွင့်များက နှစ်များစွာအတွင်း မကြုံဖူးသော အဆင့်ထိ ကျုံ့ဆင်းသွားပြီဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့များကလည်း သတိပေးနေသည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) လက်အောက်တွင် တင်းကြပ်သည့် စောင့်ကြည့်မှု ကွန်ရက်၊ အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းမှုများနှင့် မသိုးမသန့်နိုင်သည့် ဥပဒေ လက်ကိုင်ပြု အပြစ်ပေးမှုများအတွင်း အလုပ်သမားရေး လှုပ်ရှားသူများ၊ ကျောင်းသား ဆန္ဒပြသူများမှသည် ရှေ့နေများ၊ ဘာသာရေး ယုံကြည်သူများနှင့် အွန်လိုင်း ဝေဖန်ရေးသမားများအထိ ကျယ်ပြန့်သော လူတန်းစား အသီးသီး ပိတ်မိနေကြသည်။

လက်ရှိ ဖြစ်ပေါ်နေသော ထို အရာများသည် သီးခြားဖြစ်ရပ်များ မဟုတ်ဘဲ ပုံစံတကျ စနစ်တကျ ဖိနှိပ်မှုများပဲ ဖြစ်သည်။ ထိုသို့သော ဖိနှိပ်မှုများက သာမန်ကဲ့သို့ ပို ဖြစ်လာကာ လူထု အမြင်မှလည်း ပို၍ ပုန်းကွယ်လာသည်။

တရုတ်တွင် အလုံးစုံသော လူ့အခွင့်အရေး အခြေအနေသည် သိသိသာသာ ဆိုးရွားလာပြီး တရားဥပဒေကြောင်းအရ ရသင့်ရထိုက်သော အခွင့်အရေးများကို ပုံမှန် ငြင်းပယ်ခြင်းနှင့် သဘောထားကွဲလွဲသူများကို နှုတ်ပိတ်ရန် မရေရာသော ရာဇဝတ်မှုများဖြင့် စွပ်စွဲခြင်းများ ရှိနေကြောင်း အခွင့်အရေး လှုပ်ရှားသူများက ပြောကြသည်။

ဟီနန်ပြည်နယ်မှ အလုပ်သမားအခွင့်အရေး လှုပ်ရှားသူ ရှင်းဝမ်လီကို မကြာသေးခင်ကမျှ ထောင်ဒဏ် သုံးနှစ် ချလိုက်ခြင်းသည် ထင်ရှားသော သာဓကတခုဖြစ်သည်။ အစိုးရကို ဝေဖန်သူများအား ဖမ်းဆီးရန် အသုံးများသည့် “ရန်ရှာခြင်းနှင့် ပြဿနာဖြစ်အောင် လှုံ့ဆော်ခြင်း” ဟူသော ပုဒ်မဖြင့် ရှင်းဝမ်လီကို ပြစ်ဒဏ်စီရင်ခံရပြီး အကျဉ်းထောင်ဆီ ချက်ချင်း ပို့လိုက်သည်။

သူ့ကို ဖမ်းဆီးထားတလျှောက် တိုက်ပိတ်ထားကာ မည်သူနှင့်မျှ အဆက်အသွယ် မလုပ်နိုင်ဘဲ ရှေ့နေများ၊ ဆွေမျိုးများနှင့် တွေ့ဆုံခွင့်လည်း ငြင်းပယ်ခံရကြောင်း သူ့ မိသားစုက ပြောသည်။

ယခုအကြိမ်ကလည်း ရှင်းဝမ်လီအတွက် ပထမဆုံး ထောင်ကျခြင်း မဟုတ်ပေ။ ရှင်းဝမ်လီသည် ယခင်ကလည်း အကြိမ် ကြိမ် ပြစ်ဒဏ်ကျခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ဆယ်စုနှစ်တခုကျော် ကုန်ဆုံးခဲ့သူ ဖြစ်သည်။ ဤအချက်သည် တရားဥပဒေ စိုးမိုးရေးထက် လူ့အခွင့်အရေးအဖွဲ့များက ဖော်ပြသည့်အတိုင်း ရည်ရွယ်ချက်ရှိရှိ ထပ်ခါတလဲလဲ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ပေါ်လွင်စေသည်။

ထိုသို့သော ဖိစီးနှိပ်ကွပ်မှုများသည် ပြည်မကြီး ပိုင်နက်အတွင်းမှာတင် ရပ်တန့် မနေဘဲ နယူးဇီလန်တွင် နေထိုင်နေသော ရှင်းဝမ်လီ၏ သားဖြစ်သူကိုပါ ခြိမ်းခြောက်လာ၍ ပြည်ပအထိ လက်တံရှည် ရောက်ရှိရာ CCP ၏ အတိုက် အခံများအား နှိပ်ကွပ်ရန် ကြိုးပမ်းမှုများသည် နိုင်ငံဖြတ်ကျော် အဆင့်အထိ ရှိလာပြီဆိုကာ စိုးရိမ်မှုများ ပို၍ ဆိုးဝါးစေသည်။

ထိုအတွက် ပေးချင်သော သတင်းစကားက ရှင်းရှင်းလင်းလင်းပင်။ ငြိမ်းချမ်းစွာဖြစ်စေ၊ ဥပဒေဘောင်အတွင်းကဖြစ်စေ နိုင်ငံရေးလှုပ်ရှားမှု ပြုလုပ်ခြင်းသည် ရာသက်ပန် တသက်တာလုံး နောက်ဆက်တွဲ အကျိုးဆက်များ ခံစားရနိုင်သည် ဟူသောအချက်ပင် ဖြစ်သည်။

ဖိစီးနှိပ်ကွပ်မှုများ၏ သက်ရောက်မှုများကို ၂၀၂၂ ခုနှစ် “စက္ကူဖြူ” ဆန္ဒပြပွဲများ၏ နောက်ဆက်တွဲ ဖြစ်ရပ်များတွင် အထင်ရှားဆုံး တွေ့နိုင်သည်။ ကိုဗစ်-၁၉ ကန့်သတ်ချက်များအပေါ် စိတ်ပျက်မှုကြောင့် ဖြစ်ပေါ်လာသော အဆိုပါ ဆန္ဒပြပွဲများ သည် တရုတ်နိုင်ငံ၏ ကြောက်ရွံ့မှု သံသရာကို ခဏတာ ထိုးဖောက်ခွဲလိုက်ခြင်းပဲ ဖြစ်ကာ ဆန္ဒပြသူများက လွတ်လပ်စွာ ပြောဆိုခွင့် ဆင်ဆာပိတ်ခံရသည့် အဖြစ်များကို ထင်ဟပ်ပြရန် စက္ကူဖြူချပ်များ မြှောက်ကိုင်ကာ ဆန္ဒပြခဲ့ကြသည်။

သို့သော် ထို ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့သူများသည် နှစ်အနည်းငယ် ကြာသည့်တိုင်အောင် ဥပဒေစနစ်အတွင်း လူမသိ သူမသိ ပျောက်ကွယ်နေဆဲ ဖြစ်သည်။ ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များအတွင်း ဆန္ဒပြသူ အများအပြားကို လူထုနှင့် မိသားစုများပင် မသိရစေဘဲ တိတ်တဆိတ် ဖမ်းဆီးခြင်း၊ တရားစွဲခြင်းနှင့် ပြစ်ဒဏ်ချမှတ်ခြင်းများ ရှိခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

အချို့သော အမှုများသည် တိတ်ဆိတ်စွာ ဖုံးကွယ်ခံထားရဆဲ ဖြစ်သည်။ နန်ကျင်းမြို့မှ ပျောက်ဆုံးနေသော ကျောင်းသား ဆန္ဒပြသူတဦးအတွက် သူငယ်ချင်းများက အာဏာပိုင်များနှင့် ပညာရေးအဖွဲ့အစည်းများထံ အကြိမ်ကြိမ် စုံစမ်းသော်လည်း နှစ်များစွာ ကြာသည်အထိ ၎င်း ရှိသည့်နေရာကို မသိရသေးကြောင်း ပြောကြသည်။

ယခင်က ထင်ရှားသော အတိုက်အခံများနှင့်သာ သက်ဆိုင်လေ့ရှိသည့် အတင်းအဓမ္မ ဖျောက်ဖျက်ခံရမှုများသည် ယခုအခါ ပြယုဂ်တခုအနေဖြင့် ဆန္ဒပြခဲ့ရုံသာ ရှိသည့် သာမန်လူငယ်များအထိ သက်ရောက်ပျံ့နှံ့လာပုံရသည်။ မိသားစုများအတွက်မူ တရားတဘောင် စွဲချက်မရှိ၊ တရားခွင် မှတ်တမ်းမရှိဘဲ ဘယ်ဆီ ပို့၍ ဘယ်မှာ ရှိမှန်း မသိရသည့် မရေရာမှုများကပင် ကိုယ့်အပြစ်နှင့် ကို ဆိုသကဲ့သို့ ဖြစ်လာနေသည်။

တချိန်က တရုတ် တရားဥပဒေစနစ်အတွင်း နုနယ်သော အကာအရံအဖြစ် ရှုမြင်ခံခဲ့ရသည့် လူ့အခွင့်အရေး ရှေ့နေများသည်ပင် လက်ရှိတွင် ၎င်းတို့ ကိုယ်တိုင် ဖိအားများအောက် ရောက်နေတော့သည်။ ၂၀၁၅ ခုနှစ် “709 ဖြိုခွင်းမှု” တွင် ရှေ့နေများ အစုလိုက်အပြုံလိုက် ဖမ်းဆီးခံရပြီး ဆယ်စုနှစ်တခု နီးပါးကြာသည့်တိုင် အဆိုပါ ရှေ့နေလိုက်ခွင့် ပိတ်ဆို့ခံထားရဆဲ ဖြစ်သည်။

ကော့ကျိရှန်းကဲ့သို့ ထင်ရှားသူများ လူထုမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ နှစ်များစွာ ကြာမြင့်ပြီဖြစ်ပြီး ထိုသူတို့ တည် နေရာ သို့မဟုတ် ကျန်းမာရေးနှင့် ပတ်သက်၍ တရားဝင် သတင်းအချက်အလက် တစုံတရာ မရရှိပေ။ ယုဝန်ရှန်းနှင့် ကျာလင်းကဲ့သို့ အခြားသူများမှာ နိုင်ငံရေးအရ ထိရှလွယ်သော အမှုများကို လိုက်ပါဆောင်ရွက်ခြင်း သို့မဟုတ် “အစိုးရကို ဖြုတ်ချရန် လှုံ့ဆော်မှု” စွပ်စွဲချက်များဖြင့် ထောင်ဒဏ် နှစ်ရှည် ကျခံနေရသည်။

ဥပဒေစနစ်နှင့် အကျွမ်းတဝင်ရှိသော ရှေ့နေများ ကိုယ်တိုင် အဆိုအရ နှစ်စဉ် ရှေ့နေလိုင်စင် သက်တမ်းတိုးခြင်းကလည်း နိုင်ငံရေးအရ ထိန်းချုပ်စရာ လက်နက်တခု ဖြစ်လာသည်ဟု ဆိုကြသည်။

ပြည်နယ်ကြီးများနှင့် မြို့ကြီးများတွင် လွတ်လပ်စွာ ပြောဆိုခွင့်၊ မြေအောက် ခရစ်ယာန် ဘုရားကျောင်းများ၊ ဖာလွန်ဂေါင် ဘာသာရေး ကျင့်စဉ် ကျင့်ကြံသူများ သို့မဟုတ် အခြား ထိရှလွယ်သော ကိစ္စရပ်များနှင့် ပတ်သက်သည့် အမှုများကို ရှေ့နေများက တရားဝင် ခွင့်ပြုချက်မရှိဘဲ လက်ခံဆောင်ရွက်ခြင်းကို တားမြစ်ခံထားရသည်။

ရဲတပ်ဖွဲ့၏ တောင်းဆိုချက်ကို ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆိုပါက ရှေ့နေလိုင်စင် အသိမ်းခံရခြင်း သို့မဟုတ် ရှေ့နေရုံးတရုံးလုံး ဖိအားပေးခံရခြင်းများ ကြုံရနိုင်သည်။ သက်ရောက်မှုက ထိတ်လန့်ဖွယ် ကြီးမားသည်။ ရှေ့နေအများအပြားမှာ လူ့အခွင့်အရေးဆိုင်ရာ အမှုများကို လုံးဝရှောင်ကြဉ်လာကြရာ ဥပဒေကြောင်းအရ ခုခံကာကွယ်ပိုင်ခွင့် အနှစ်သာရမှာ အတွင်းမှလှိုက်၍ ပျက်စီးနေတော့သည်။

ဘာသာရေး အသိုက်အဝန်းများမှာလည်း ပြင်းပြင်းထန်ထန် နှိပ်ကွပ်မှုများကို ခံနေရသည်။ ယခုနှစ် အစောပိုင်းက ပြည်နယ်အများအပြား၌ မြေအောက် ခရစ်ယာန် အိမ်တွင်းဘုရားကျောင်းများကို စနစ်တကျ ဝင်ရောက်စီးနင်းပြီး လူပေါင်းများစွာကို ဖမ်းဆီးသွားသည်။

သင်းအုပ်ဆရာများနှင့် ဝတ်ပြုသူများက ထပ်ခါတလဲလဲ စစ်ဆေးမေးမြန်းခံရခြင်း၊ ဝတ်ပြုပွဲ တက်ရောက်မှုအပေါ် ကန့်သတ်ခံရခြင်းနှင့် မှတ်ပုံမတင်ထားသော ဝတ်ပြုမှုများကို စွန့်လွှတ်ကာ နိုင်ငံတော်က ထိန်းချုပ်ထားသော ဘုရားကျောင်းများဆီ ပြောင်းရွှေ့ရန် အမိန့်ပေးခံရကြောင်း ပြောကြားကြသည်။

CCP ၏ “ကိုယ်တိုင်စီမံ၊ ကိုယ်တိုင်ထောက်ပံ့၊ ကိုယ်တိုင်ဖြန့်ဝေ” (Three-Self) မျိုးချစ်စိတ်ဓာတ် လှုပ်ရှားမှုအောက်တွင် ဘာသာရေးဆိုင်ရာ အယူဝါဒနှင့် ကျင့်စဉ်များသည် ပါတီ၏ ကြီးကြပ်မှုအောက်သို့ ရောက်ရှိသွားပြီး လွတ်လပ်သော ယုံကြည်ကိုးကွယ်မှုအတွက် နေရာမရှိသလောက် ဖြစ်သွားသည်။

ဖာလွန်ဂေါင် ကျင့်ကြံသူများအပေါ် အပြင်းထန်ဆုံး ပြုမူကြသည်။ ထို ဖာလွန်ဂေါင် နာမ်ပိုင်းဆိုင်ရာ ကျင့်စဉ်ကို အမြစ်ဖြတ်မည့် လှုပ်ရှားမှု စတင်ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော် ကြာသော်လည်း ဖမ်းဆီးမှုများ၊ လျှို့ဝှက် တရားစီရင်မှုများနှင့် ထောင်ဒဏ် နှစ်ရှည် ချခြင်းများက ဆက် ဖြစ်နေတုန်းပင်။

မိသားစုများမှာ အမှုနှင့် ဆိုင်သော မည်သည့် စာရွက်စာတမ်းမျှ၊ ဥပဒေကြောင်းအရ ရှင်းပြချက်နှင့် အကျဉ်းသားနှင့် တွေ့ဆုံခွင့်မှန်သမျှ မရရှိကြပေ။ ထို အမှုများကို တရားရုံးများတွင် အလွန် သိုသိပ်စွာ စီရင်ကြသည်ဟု သိရှိသူများက ဆိုကြရာ ဥပဒေစနစ်မှာ တရားမျှတမှုကို ဆုံးဖြတ်ပေးသည့် ယန္တရားထက် နိုင်ငံရေးအရ ထိန်းချုပ်မှု၏ အစိတ်အပိုင်းတခုသာ ဖြစ်သည်ဟူသော စွပ်စွဲချက်များကို ပိုမိုခိုင်မာစေသည်။

တချိန်က လူထု ဟစ်တိုင်အဖြစ် အကန့်အသတ် ထွက်ပေါက်တခု ဖြစ်ခဲ့သည့် အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုခွင့်များလည်း အလျင်အမြန်ပင် ကျပ်သထက်ကျပ် ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာသည်။ အများပြည်သူဆိုင်ရာ ကိစ္စရပ်များကို လူမှုကွန်ရက်ပေါ်တွင် ပို့စ်တင်ခြင်းကြောင့် ဖမ်းဆီးခံရသူ အရေအတွက်က ပို၍ ပို၍ များပြားလာကြောင်း လူ့အခွင့် အရေး စောင့်ကြည့်သူများက မှတ်တမ်းတင်ထားသည်။

အွန်လိုင်း အသုံးပြုသူများက ပို့စ်အသစ်များ မတင်ဘဲနှင့် ခဏခဏ အကောင့် အပိတ်ခံရကြောင်း၊ ယင်းသည် သုံစွဲသည့် စက်ပစ္စည်းနှင့် IP လိပ်စာများကဲ့သို့သော အချက်အလက်များမှတဆင့် အယ်လ်ဂိုရီသမ်ဖြင့် စောင့်ကြည့်ခံနေရသည်ကို ပြသနေကြောင်း ပြောကြသည်။ ထိုသို့သော နောက်ဆက်တွဲ အကျိုးဆက်များကြောင့် ဒစ်ဂျစ်တယ် ပတ်ဝန်းကျင်တွင် မိမိဘာသာ ဆင်ဆာဖြတ်တောက်ခြင်းကပဲ ရှင်သန်ရေး နည်းဗျူဟာတခု ဖြစ်လာတော့သည်။

ဤ ဖြစ်ရပ်အားလုံးကို ခြုံငုံကြည့်ပါက ရံဖန်ရံခါ ဖြစ်သည့် နှိပ်ကွပ်မှုများ မဟုတ်ဘဲ အဆက်မပြတ် တင်းကျပ်လာနေမှုကို ညွှန်ပြနေသည်။

အများပြည်သူ့ရေးရာ ကိစ္စ အများအပြားမှာ လက်ရှိတွင် ပွင့်လင်းမြင်သာမှု မရှိသော တရားစီရင်ရေး ယန္တရားထဲ ရောက်ရှိသွားပြီး တရုတ်၏ ဥပဒေစနစ်၌ တာဝန်ခံမှုဆိုသည်က မဖြစ်နိုင်သလောက်ပဲဟု တရုတ်၏ ဥပဒေစနစ်ကို လေ့လာသူ ပညာ ရှင်များက ဆိုသည်။ တံခါးပိတ် တရားစီရင်မှုများ၊ အဆက်အသွယ်ဖြတ် ချုပ်နှောင်မှုများနှင့် နိုင်ငံရေးပုဒ်မများ တပ်ခြင်းတို့သည် ထူးခြားသော ဖြစ်ရပ်များ မဟုတ်တော့ဘဲ ပုံမှန်ကိစ္စများ ဖြစ်လာတော့သည်။

လက်ရှိ အခြေအနေကို သရုပ်ဖော်ရလျှင် ထိခိုက်ခံရသူများ နယ်ပယ်က ကျယ်ပြန့်လာရုံသာမက ဖိနှပ်မှုကပင် အုပ်ချုပ်ရေးယန္တရား၏ သာမန် ပုံစံ ဖြစ်လာခြင်းပဲ ဖြစ်သည်။

တက်ကြွလှုပ်ရှားသူများ၊ ကျောင်းသားများ၊ ရှေ့နေများ၊ ဘာသာဝင်များနှင့် အွန်လိုင်း အသုံးပြုသူများ အားလုံးသည် တူညီသော မူဝါဒအောက်တွင် ရှိနေကြသည်။ ယင်းမှာ ပါတီအပေါ် သစ္စာရှိမှုက တဦးချင်း အခွင့်အရေးထက် ပို အရေးကြီးပြီး မည်သည့် စိန်ခေါ်မှုမဆို (နုနယ်သည်ဖြစ်စေ၊ ပြယုဂ်သက်သက်ဖြစ်စေ) တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုအဖြစ် ပြောင်းလဲသတ်မှတ်ခံရနိုင်သည်ဟူသော အချက်ပင် ဖြစ်သည်။

တရုတ်နိုင်ငံတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများအတွက် နေရာသည် ရုတ်ခြည်း ကျုံ့လာနေကြောင်း နိုင်ငံတကာအဖွဲ့အစည်းများက အကြိမ်ကြိမ် သတိပေးနေကြသည်။ သို့သော်လည်း နိုင်ငံအတွင်း၌ ခုခံမှု သို့မဟုတ် ပြုပြင်ပြောင်းလဲမှုအတွက် လမ်းစများက အစပျောက်နေဆဲ ဖြစ်သည်။

ဖိစီးနှိပ်ကွပ်မှုသစ်များ ပေါ်ပေါက်လာသည်နှင့်အမျှ တွေ့မြင်ရသော ပုံရိပ်မှာ မည်သည့် ပုံစံဖြင့်မဆို ကိုယ်ပိုင် လွတ်လပ်ခွင့်ကို လုံးဝ သည်းမခံနိုင်သော နိုင်ငံတော်နှင့် ကြောက်ရွံ့မှု၊ တိတ်ဆိတ်မှုနှင့် အတင်းအဓမ္မ လိုက်နာရမှုများ၏ အရိပ်အောက်တွင် နေထိုင်နေရသော လူ့အဖွဲ့အစည်းတခုကိုပင် ဖြစ်သည်။

(Sun Lee သည် အာရှနှင့် ပထဝီနိုင်ငံရေးရာများကို ရေးသားနေသော စာရေးဆရာတဦး၏ ကလောင်အမည် ဖြစ်သည်။)

မဇ္ဈိမ အင်္ဂလိပ်ပိုင်းတွင်: Sun Lee ရေးသားသော A nation under watch: China’s expanding crackdowns and the vanishing space for civil liberties ကို မိုးသဲ ဘာသာပြန်သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်