ခင်မျိုးသွယ် | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၅၇ မိနစ်
ကားအရောင်းပြခန်းများနှင့် ကားပွဲစားတန်းတွင် ရောင်းချသည့် ဈေးနှုန်းများ ကွာဟမှုများ ရှိနေခြင်းကြောင့် ကားပွဲစားတန်းလူပိုစည်လာကြောင်း မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးအသင်း (ဗဟို) ရန်ကုန်မှ
ပြန်ကြားရေးတာဝန်ခံ ဦးမင်းဦးက မဇ္ဈိမသို့ပြောကြားသည်။
၎င်းက “ကားပြခန်းတွေမှာရောင်းတဲ့ ဈေးနှုန်းနဲ့ ပွဲစားတန်းမှာ ရောင်းတဲ့ ဈေးနှုန်းက ကားတစ်စီးမှာကိုပဲ အနည်ဆုံး ကျပ် ၃သိန်း ကနေ ကျပ် ၅ သိန်းအများဆုံး ကျပ် ၁၀ သိန်းအထိ ကွာဟမှုရှိနေတဲ့အတွက် ပွဲစားတန်းမှာရောင်းတဲ့ ကားတွေကို ၀ယ်သူတွေက လာကြည့်တာ များလာတဲ့ အတွက်လူပိုစည်လာပါ တယ်။” ဟု ဆိုသည်။
အရောင်းပြခန်းတွင် ရှိသော ကားများ၏ တနေ့တာ ၀န်ဆောင်စရိတ်မှာ အနည်းဆုံးကျပ် ငါးသောင်းဝန်းကျင် ရှိပြီး ကားပွဲဈေးတန်းမှာ ၀န်ဆောင်စရိတ်မရှိပေ။
“ပိုင်ရှင်ကိုယ်တိုင် ရောင်းတဲ့အတွက် ညှိနှိုင်းဈေးနဲ့လည်းရောင်းလို့ရတယ်။ ၀ယ်သူခေါ်လာတဲ့ အကျိုး
ဆောင်ကိုလည်း အကျိုးဆောင်ခပေးတာကြောင့် လည်းပါတယ်။ ဒါကြောင့် ပွဲစားတန်းက ၀ယ်သူပိုစည် လာတာ ဖြစ်တယ်။”ဟု ဦးမင်းဦးက ပြောသည်။ ရန်ကုန် ၀ယ်လက်များမှာ ယာဉ်ကြောကျပ်တည်းမှု များကြောင့် ၀င်လွယ် ထွက်လွယ်ကောင်းသည့် မော်ဒယ်မြင့် ဖရီးပါမစ် ကားများကို ၀ယ်ယူရန် ကြည့်ရှု့မှုများလာသည်ဟု ကားပွဲစားများ က ဆိုသည်။
“ရန်ကုန်ထဲက အခုဝယ်တဲ့ သူတွေက ကိုယ်ပိုင်ကား၎-၅စီးရှိပြီးသားတွေ။ ကားတွေက ကြီးနေတော့ လိုင်းကား ကျပ်တာနဲ့ အဆင်မပြေလို့ ထသွား ထလာအတွက် ၀ယ်ကြတာများတယ်။”ဟု ကားပွဲစား ဦးမြင့်သန်းက ပြောပြခဲ့သည်။
လတ်တလောအရောင်းအ၀ယ်ရှိနေသည့် ကားများမှာမော်ဒယ် ၂၀၀၇ရှိ တိုရိုတာပရိုဘောက်၊ ဟွန်တာဖစ်၊ တိုရိုတာဗစ်၊တိုရိုတာဗစ်တာစသည့် ကားများဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဇန်န၀ါရီ လကုန်နဲ့ ဖေဖေါ်ဝါရီ လဆန်းရက်တွေမှာ အရောင်းအ၀ယ်တည့်ခဲ့တဲ့ ကားဈေးနှုန်းတွေမှာ တိုရိုတာ - RAV-4 မော်ဒယ် ၂၀၀၁ ကို ကျပ်သိန်း ၂၀၀ ၀န်းကျင်နဲ့၊ တိုရိုတာ-RAV-4 မော်ဒယ် ၉၉ကို ကျပ်သိန်း ၁၇၀ ဝန်းကျင်နဲ့ အရောင်းအ၀ယ်ရှိခဲ့တယ်။ တိုရိုတာ-ကာလ်ဒီးနား မော်ဒယ် ၂၀၀၀ ကို ကျပ်သိန်း ၁၆၀ ၀န်းကျင်နဲ့က အရောင်းအ၀ယ်ရှိခဲ့တယ်လို့ ကြားတယ် ”ဟု ဦိးမြင့်သန်းက ဆက်လက်ပြောကြားသည်။
နယ်ဝယ်လက်များ အ၀ယ်ကျဲ သွားသဖြင့် အင်ဂျင်ပါဝါကြီး ဖိုးရှီးလ်ဝက်ဂွန်များ ရောင်းအားကျ လျှက်ရှိနေသည်။
“ယာဉ်အို ယာဉ်ဟောင်း အပ်ပြီး စလစ်နဲ့ ၀ယ်ရတဲ့ အင်ဂျင်ကြီး မော်ဒယ်နိမ့်ကားတွေ အရောင်း
အေးလာတယ်။ စလစ် ဈေးတန်းလည်း ဈေးတအိအိ ကျလာနေတယ်၊ “ဘ” အက္ခရာ အမည်ပေါက်စလစ်ကို
ဖေဖေါ်ဝါရီ ၄ ရက်နေ့ ပေါက်ဈေးအနေနဲ့ ၈၁သိန်း၊ အပြီးအစီး ၈၆သိန်းနဲ့ ဈေးချရောင်းမှုတွေရှိပါတယ်။”ဟု ကားပွဲစား ဦးသန်းဌေး က ပြောကြားသည်။
အလားတူတက္ကစီဈေးကွက်မှာလည်းဝယ်လိုအားနည်းလာသဖြင့်၊တဖြည်းဖြည်းဈေးလျှော့ရောင်းချမှုများရှိလာသည်။
“အက္ခရာ အနက်ကနေအနီပြောင်းပြီး တက္ကစီလုပ်ချင်တဲ့သူတွေက ကျပ် သိန်း ၁၀၀ ၀န်းကျင် ကားတွေ ရှာပြီး လုပ်ကိုင်တဲ့သူတွေ များလာတဲ့အတွက် AA အက္ခရာပေါက် တက္ကစီတွေ၊ ကျပ်သိန်း ၁၀၀-၁၁၀ နဲ့ ဈေးချ ရောင်းလာကြတယ်။အရင် အက္ခရာဟောင်း တက္ကစီတွေလည်း ဈေးချရောင်းတာတောင် အမေး မရှိသလောက် ပါပဲ။” ဟု ၎င်းက ဆက်လက်ပြောကြားသည်။