ပြင်ပ စက်သုံးဆီဈေးကွက်အတွင်း ဈေး ကျဆင်းမှုရှိ

ခင်မျိုးသွယ် | ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၀၆ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၅၀ မိနစ်

ပြည်တွင်းထွက် ချက်ဆီများ ရန်ကုန်သို့ ၀င်ရောက်လာမှုနှင့် အတူ ပြင်ပစက်သုံးဆီ ဈေးကွက်အတွင်း တပီပါလျှင် ကျပ်နှစ်ထောင်ခန့် ဈေးကျဆင်းမှု ရှိနေသည်ဟု ကုန်သည်များက ပြောသည်။

“မုံရွာခရိုင် ကျောက္ကာရွာ ဘက်မှာ ပြီးခဲ့တဲ့ သုံးလေးလလောက် ကတည်းက ချက်ဆီတွေ တအားထွက်
နေတယ်။ ရန်ကုန်ဘက်က ကုမ္မဏီတွေရုံးခန်းဖွင့်ပြီး လာဝယ်နေတယ် ကြားတယ် ” ဟု မုံရွာမြို့ခံ ဦးထွန်းမြင့်က မဇ္ဈိမကို ပြောသည်။

လက်ရှိ အနေအထားတွင် စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်အတွင်းရှိ ခရေလမ်းသို့ တရက်လျှင် စက်သုံး ဆီပီပါ အလုံး ၃၀မှ ၇၀အထိ ၀င်ရောက်မှု ရှိနေသည်ဟု ဆီကုန်သည်များက ဆိုသည်။

“မန္တာလေးကုန်တွေ အဝေးပြေးဂိတ်မှာ သွားစောင့်ရင်း ချက်ဆီတွေ ပေပါအလိုက် ၀င်လာတာတွေ့ရတယ်။ ဒီဆီတွေက ရန်ကုန်အပြင်ကိုလည်း ပြန်ထွက်တယ် မကြားမိဘူး။ ရန်ကုန်ထဲမှာ သုံးနေတာ သေချာ သလောက်ပါပဲ ” ဟု ကုန်သည် ဦးဝင်းစိုးက ပြောသည်။

အလားတူ သရက်ခရိုင်မှလည်း ချက်ဆီများလည်း ရန်ကုန် စက်သုံးဆီ ဈေးကွက်အတွင်း ၀င်ရောက်မှု ရှိနေကြောင်း ဆီကုန်သည် အသိုင်းအ၀ိုင်းမှ သိရသည်။

ထို့အပြင် ရန်ကုန်စက်သုံးဆီ ပြင်ပဈေးကွက်တွင် ဓါတ်ဆီ တဂါလံ လျှင် ၄၂၀၀ကျပ်နှင့် ဒီဇယ် တဂါလံလျှင် ၃၂၀၀ ကျပ် နှုန်းဝယ်ယူလျက်ရှိပြီး ရောင်းဈေးမှာ ဓါတ်ဆီတဂါလံလျှင် ၄၅၀၀ကျပ်နှင့် ဒီဇယ် ၃၅၀၀ ကျပ်တို့ဖြင့် ရောင်းချလျှက်ရှိသည်။

“မော်လမြိုင်မှာ စက်သုံးဆီ တဂါလန် ဈေးတွေအနေနဲ့ ဓါတ်ဆီ ၄၂၀၀ကျပ်၊ ဒီဇယ်က ၄၀၀၀ ကျပ်တွေနဲ့
ပြင်ပဈေးကွက်မှာ ရောင်းချနေတာတွေ ရှိပါတယ်” ဟုမော်လမြိုင် ကမ်းနားလမ်းမှ ဦးစိန်အေးက မဇ္ဈိမကို ပြောသည်။

မန္တလေး စက်သုံးဆီ ပြင်ပဈေးကွက်တွင် တဂါလန် ရောင်းဈေးများမှာ ဓါတ်ဆီ ၄၀၀၀ကျပ်၊ ဒီဇယ် ၃၇၀၀ - ၃၈၀၀ ကျပ်တို့ဖြစ်သည်။

ရန်ကုန် စက်သုံးဆီ ဈေးကွက်အတွင်း ယခင်အပတ်က ဓါတ်ဆီ တပေပါလျှင် ၁၉၈၀၀၀ ကျပ်ရှိနေပြီး ယခုအပတ်တွင် ၁၉၆၀၀၀ ကျပ် ရှိနေသည်။

အလားတူ ဒီဇယ်ဈေးကွက်တွင် ယခင်အပတ်က ကျပ် ၁၆၀၀၀၀ ရှိနေပြီး ယခုအပတ်တွင် ကျပ်၁၅၉၀၀၀ ရှိနေကြောင်း အဆိုပါဈေးကွက်များမှ သိရသည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်