မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ မေလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၃ မိနစ်
အယ်ဒီတာခင်ဗျား.....
ကျနော်ကတော့ ချင်းအမျိုးသားတယောက်ပါ။
အစိုးရသစ် မတိုင်ခင်ကတည်းက နယ်စပ်ဒေသ ဖွံ့ဖြိုးရေးဆိုပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ အပေါ်ယံ လုပ်ပြခဲ့တာလေးတွေကို ထောက်ပြရင်း၊ အခု သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အဲဒီလို မဖြစ်စေချင်လို့ ကျနော်တို့ ချင်းပြည်နယ်ဘက်က လမ်းအကြောင်း ပြောပြလိုပါတယ်။
မန္တလေးကနေ ကလေးမြို့ကို သွားတဲ့ ယာကြီးလမ်းဟာ မိုးတွင်းဆို သုံးလို့ မရလောက်အောင် ကြမ်းတမ်းပါတယ်။ အဲဒီလမ်းပေါ်က မင်းကင်းရွာကနေ ၁၇ မိုင်ဆိုတဲ့ နေရာအထိကတော့ အဆိုးဆုံးပါပဲ။ တံတားကြီးတွေ တည်ဆောက်ပေးပြီးနောက် အဲဒီလမ်းကို သုံးလာကြတာပါ။ အခုတော့ အရင် လမ်းဟောင်းဖြစ်တဲ့ မဟာမြိုင်တောကို ဖြတ်တဲ့လမ်းကိုပဲ ပြန်သုံးနေကြရပါတယ်။ မိုးမကုန်မချင်းတော့ ယာကြီးလမ်းက သုံးလို့ မဖြစ်ပါဘူး။
လမ်းဟောင်းကတော့ ကလေးဝမြို့ကနေ ချင်းတွင်းမြစ်ကို ဇက်သင်္ဘောနဲ့ ကူးရတာပါ။ တံတားမရှိတာကလွဲရင် အခုထိ သုံးနေရပါတယ်။
လမ်းတံတားတွေကို သတင်းစာထဲမှာ ဖွင့်ပွဲပြရုံသက်သက်နဲ့ ဆောက်လုပ်ပေးတာမျိုး မလုပ်ဘဲနဲ့ လမ်း၊ တံတား အသုံးပြုခ တနင့်တပိုး ပေးထားရတာဖြစ်သလို၊ ပြုပြင်ထိန်းသိမ်းမှုတွေလည်း လိုအပ်နေကြောင်း မဇ္ဈိမကတဆင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ ပါလီမန်အတွင်းက ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကို အသိပေး ပြောကြားချင်ပါတယ်။
လေးစားလျက်
ချင်းလေး