NUG ထိန်းချုပ်နယ်မြေများရှိ အကျဉ်းသား ၁၁၀ ဦးကို လွတ်ငြိမ်းခွင့်ပြု

YT

မဇ္ဈိမ။ ။ NUG ထိန်းချုပ်မှုအောက်ရှိ အကျဉ်းထောင်၊ အကျဉ်းစခန်းများတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား အကျဉ်းသူ ၁၁၀ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း NUG က ယနေ့ (ဇန်နဝါရီလ ၁ ရက်) တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတဒူဝါလရှီးလ၏ လက်မှတ်ဖြင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့် ထုတ်ပြန်လာခြင်းဖြစ်သည်။

ပုဒ်မ ၄၀၁ ( ၁ ) တွင် ပြစ်မှုတစုံတရာအတွက် တဦးတယောက်ကို ပြစ်ဒဏ်ချမှတ်ပြီးသည့်အခါ နိုင်ငံတော်သမ္မတသည် မည်သည့်အခါတွင် မဆို စည်းကမ်းချက်မထားဘဲဖြစ်စေ၊ ပြစ် ဒဏ်စီရင်ခြင်းခံရသူ သဘောတူသည့် စည်းကမ်းချက်တခုခု ထား၍ဖြစ်စေ ပြစ်ဒဏ်ကို ဆိုင်းငံ့ထားနိုင်သည် သို့မဟုတ် ပြစ်ဒဏ်အားလုံး သို့မဟုတ် အစိတ်အပိုင်း တစုံတရာကို လွတ်ငြိမ်းချမ်းသာ ပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

“ယနေ့ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေ့ရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း” ဟု NUG က လွတ်ငြိမ်းခွင့်ပြုသည့်အကြောင်း ကြေညာချက်တွင် ပြောထားသည်။

ထို့ပြင် ကျန် အကျဉ်းသား၊ အကျဉ်းသူများကိုလည်း ယင်းတို့ထောင်ဒဏ်များ​၏ သုံးပုံတပုံအား ပြစ်ဒဏ်သက်သာခွင့်ပြုကြောင်း ပြောထားသော်လည် အရေအတွက် မည်မျှခန့်ကို ထောင်ဒဏ်များ​၏ သုံးပုံတပုံအား ပြစ်ဒဏ်သက်သာခွင့်ပြုလိုက်သည်ကို ဖော်ပြမထားပေ။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကလည်း NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ လက်မှတ်ဖြင့် NUG ထိန်းချုပ်မှုအောက်ရှိ အကျဉ်းထောင် အကျဉ်းစခန်းများ၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား ၁၆၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။

စာတည်း။ ။ နောင်နောင်

Popular posts from this blog

ထိုင်းဘတ်ငွေတန်ဖိုး မာပြီး ရွှေဥ ဥပေးသော ငန်းကြီး ပျောက်ကွယ်သွားသောအခါ

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်