ရွေးကောက်ပွဲအပြီး အစိုးရသစ်ကို တာဝန်လွှဲမည်ဟု စစ်ခေါင်းဆောင် ဆို

ဂျူချန်း

မဇ္ဈိမ ။ ။ စစ်ကော်မရှင်က ကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရသည့်ပါတီကို အစိုးရတာဝန်များ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ယနေ့ (ဇန်နဝါရီ ၁ ရက်) ကျရောက်သည့် နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွင် စစ်ခေါင်းဆောင်က “ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရကို နိုင်ငံ့တာဝန်တွေ လွှဲပြောင်းပေးအပ်ပြီး ဒုတိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က မြို့နယ် ၁၀၂ မြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၁) စတင်ကျင်းပခဲ့ရာ လက်ရှိအချိန်အထိ မြို့နယ် ၈၃ ခု၏ ရလဒ်များထွက်ပေါ်နေသည်။ ထိုအထဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) က နေရာ ၆၈ ခုတွင် အနိုင်ရရှိထားကြောင်း သိရသည်။

လက်ရှိတွင် ယာယီသမ္မတရာထူးကိုပါ ရယူထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းကိုယ်တိုင် သမ္မတလုပ်၊ မလုပ်နှင့် ပတ်သက်၍ “လွှတ်တော်အတွင်း သမ္မတရွေးချယ်ရေးကာလရောက်မှသာ ပြောရန်သင့်တော်မည်” ဟု ရွေးကောက်ပွဲနေ့က ဆိုခဲ့ပြီး ယနေ့တွင်မူ အစိုးရသစ်ကို တာဝန်လွှဲအပ်မည်ဟု ထပ်မံပြောဆိုလာခြင်းဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အချက် ၄၃ ချက်ကို သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း၊ ယင်းအချက်များကို ထွက်ပေါ်လာမည့် လွှတ်တော်တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က ဆိုသည်။ သို့သော် မည်သည့်အဖွဲ့အစည်းများနှင့် သဘောတူညီချက်ရယူခဲ့သည်ကိုမူ ရှင်းလင်းစွာ ပြောဆိုခြင်းမရှိပေ။

စစ်ခေါင်းဆောင်က ၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာကြောင်းနှင့် နိုင်ငံရေးအပြောင်းအလဲကောင်းများ ရှိခဲ့ကြောင်း ပြောဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ပြည်သူများမှာ ကုန်ဈေးနှုန်းကြီးမြင့်မှု၊ လျှပ်စစ်မီးပြတ်တောက်မှု၊ အလုပ်လက်မဲ့ပြဿနာနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း စောင့်ကြည့်သူများက ထောက်ပြကြသည်။

စစ်အုပ်စုက ၎င်းတို့၏ ရည်မှန်းချက်အတိုင်း ရွေးကောက်ပွဲကို အကောင်အထည်ဖော်နေခြင်းဖြစ်ပြီး ကျန်ရှိနေသည့် ရွေးကောက်ပွဲ အပိုင်း (၂) နှင့် (၃) တို့တွင်လည်း ပြည်သူများ ပူးပေါင်းပါဝင်မဲပေးကြရန် တိုက်တွန်းပြောဆိုထားသည်။

ဓါတ်ပုံ- ဒီဇင်ဘာ ၂၈ ရွေးကောက်ပွဲတွင် နေပြည်တော်၌ မဲပေးပြီး သတင်းမီဒီယာများကို စစ်ခေါင်းဆောင် မေးခွန်းဖြေကြားစဉ်။ (Sai Aung MAIN / AFP)

စာတည်း။ ။ နောင်နောင်

Popular posts from this blog

ထိုင်းဘတ်ငွေတန်ဖိုး မာပြီး ရွှေဥ ဥပေးသော ငန်းကြီး ပျောက်ကွယ်သွားသောအခါ

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်