စစ်အုပ်စုရွေးကောက်ပွဲရလာဒ်ကို လက်မခံရန် ချင်းပြည်ကောင်စီ ဥက္ကဋ္ဌ တိုက်တွန်း
မဇ္ဈိမ ။ ။ စစ်ကော်မရှင်က ကြိုးပမ်းပြုလုပ်နေသည့် ‘အတုယောင်’ ရွေးကောက်ပွဲ ရလာဒ် များကို လက်မခံကြရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ကြရန် ချင်းပြည်ကောင်စီ(CC) ဥက္ကဋ္ဌ က ယနေ့ (ဇန်နဝါရီလ ၁ ရက်) တွင် ကျရောက်သော နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားပြောကြားရာတွင် ထည့်သွင်းပြောကြားလိုက်သည်။
“ရွေးကောက်ပွဲသည် ပြည်သူ့အခွင့်အရေးများကို ကာကွယ်ပေးနိုင်သော နိုင်ငံရေးဝန်းကျင် ၊လွတ်လပ်သော မီဒီယာနှင့် ပြည်သူအားလုံးပါဝင်နိုင်သည့် အခြေအနေမျိုးမရှိဘဲ ၊မဖြစ်နိုင်တဲ့ အတွက် စစ်ကော်မရှင်၏ အတုယောင် နိုင်ငံရေးလုပ်ငန်းစဥ်များကို လက်ခံ၍ မရပါဘူး” ဟု ချင်းပြည် ကောင်စီဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောသည်။
ယင်းကြောင့် ချင်းပြည်ကောင်စီမှ ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော စစ်ကော်မရှင်၏ ရွေးကောက်ပွဲ ဆန့်ကျင်တားဆီးရေးနှင့် ပြည်သူ့အခွင့်အရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ အရေးယူဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။
ပြည်သူလူထုတရပ်လုံးအနေဖြင့် ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ကြရန်နှင့် ရွေးကောက်ပွဲ ရလာဒ်အပေါ် ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ကြရန် ပူးဇင်ကျုံးက တိုက်တွန်းပြောဆိုသည်။
ချင်းအမျိုးသားပြန်လည်တည်ဆောက်ရေးအတွက် “ ညီညွတ်မှသာ ချင်းပြည်တည်မြဲမှု” ဆိုသည့် ဆောင်ပုဒ်ကို ကိုင်စွဲ၍ ချင်းလူမျိုးများ ၊ အဖွဲ့အစည်းများက အပြန်အလှန်လေးစားမှုဖြင့် လက်တွဲ ကြရန်နှင့် လက်ရှိရင်ဆိုင်နေရသော အခက်အခဲများနှင့် ကြောက်ရွံ့မှုများကို အနိုင်ယူကာ ချင်းပြည် ကို ဘက်ပေါင်းစုံမှ ကာကွယ်ရန်မှာ ချင်းလူမျိုးတိုင်း၏ အမျိုးသားရေးနှင့် သမိုင်းပေးတာဝန်ဖြစ် ကြောင်း ပြောသည်။
ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒအပြည်ဖြင့် လက်တွေ့ အကောင်ထည်ဖော်ဆောင်ရွက်နေပြီး ၂၀၂၆ခုနှစ်သည် စည်းလုံးညီညွတ်ရေးကို အခြေခံ၍ ပြည်သူ့ အင်အားကို အလေးထားကာ အနာဂတ်စနစ်သစ်တရပ်တည်ဆောင်သွားရမည့်နှစ်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိအချိန်သည် ချင်းသမိုင်းတွင် အရေးကြီးဆုံးအချိန်ဖြစ်ရာ မိမိတို့ဌာနေကို စွန့်ခွာခြင်းထက် ချင်းပြည်ကို ကာကွယ်တည်ဆောက်ခြင်းကသာ မှန်ကန်သောရွေးချယ်မှုဖြစ်ပြီး ချင်းပြည်သည် ချင်းအမျိုးသားတို့၏ အသက် ၊ သမိုင်းနှင့် အနာဂတ်ဖြစ်သဖြင့် ၎င်းကို ကာကွယ်ရန် သမိုင်းပေး တာဝန် ဖြစ်ကြောင်း ဥက္ကဋ္ဌ ပူးဇင်ကျုံးက ပြောသည်။
ကာကွယ်ခြင်းဆိုသည်မှာ လက်နက်ဖြင့် တိုက်ခိုက်ခြင်းသာမက အမှန်တရားကိုထိန်းသိမ်းခြင်း၊ အချင်းချင်းကူညီခြင်း ၊ အသိပညာမျှဝေခြင်းနှင့် စည်းလုံးခြင်းများပါဝင်သောကြောင့် မိမိတို့ နယ်မြေကို ဘက်ပေါင်းစုံက ကာကွယ်ကြရန် တိုက်တွန်းသည်။
ချင်းပြည်သူများအနေဖြင့် ၂၀၂၅ခုနှစ်အတွင်း ကြုံတွေ့ခဲ့ရသော စိန်ခေါ်မှုများ ၊ နာကြီးမှုများ ၊ စမ်းသပ်မှုများကို သင်ခန်းစာအဖြစ်မှတ်ယူပြီး ချင်းလူမျိုးတို့၏ နိုင်ငံရေးရည်မှန်ချက်ပန်းတိုင်ဖြစ် သည့် အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရေးကို ယုံကြည်မှု ၊ စည်းလုံးညီညွတ်မှု ၊ စိတ်အားထက်သန်မှုများဖြင့် ဆက်လက်လျှောက်လှမ်းရမည့် နှစ်သစ်ဖြစ်ကြောင်း ဆိုသည်။
အနာဂတ်ကို ပြောင်းလဲစေနိုင်သော ပြည်သူ့အင်အားကို အဓိကထား စုစည်း၍ ၂၀၂၆ခုနှစ်တွင် တော်လှန်ရေးပိုမိုမြန်ဆန်ရေး၊ အရှိန်မြှင့်တင်သွားကြမည်ဖြစ်သည်ဟုဆိုကာ စည်းလုံးညီညွတ်မှု ၊အောင်မြင်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်နိုင်သော နှစ်ဖြစ်ပါစေကြောင်း နှစ်သစ်ကူးကြိုဆို နှုတ်ခွန်းဆက်စကားတွင် ပြောဆိုခဲ့သည်။
ချင်းပြည်ကောင်စီကို ချင်းအမျိုးသားတပ်ဦး ၊ ၂၀၂၀ ခုနှစ်ရွေးကောက်ခံလွှတ်တော်ကိုယ်စား လှယ်များ၊ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့များစုပေါင်းပြီး ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၆ရက်နေ့တွင် ဖွဲ့စည်း ထားသည်။
စာတည်း။ ။ နောင်နောင်
