ဒီပဲယင်းမြို့နယ် ဗုံးကြဲခံရမှု ၁၀ ဦး ဒဏ်ရာရ
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း ၊ ဒီပဲယင်းမြို့နယ် ၊ အရှေ့တောင်ခြမ်း မူးကမ်းကြီးကျေးရွာရှိ စစ်ရှောင်အများစု နေထိုင်သည့် စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခိုက်ခဲ့၍ ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း သိရသည်။
ယမန်နေ့( ဇန်နဝါရီ ၁ ရက်) ည ၇ နာရီခွဲ အချိန်တွင် စစ်ကော်မရှင်က ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဗုံးက စာသင်ကျောင်းရဲ့ အရှေ့ဘက်မှာ ကျရောက်ခဲ့တာပါ။ ကျောင်းဘေးနေတဲ့ အိမ်က လင်မယားကတော့ အတော်ပြင်းထန်ဒဏ်ရာ ရပါတယ်။ နားရွက် ပြတ်သွားတဲ့ သူနဲ့ ပါးစပ်တွေစုတ်ပြတ်သွားသူတွေရော ရှိတယ်” ဟု ဒီပဲယင်းမြို့နယ် ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်း စာသင်ကျောင်းနှင့် နေအိမ် တချို့ ပျက်စီးခဲ့ကြောင်း၊ဒဏ်ရာရရှိသူများအနက် နှစ်ဦးမှာ ပြင်းထန် ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူနေရကြောင်း ဒီပဲယင်း ဒေသခံ များထံက သိရဿည်။
“စာသင်ကျောင်းမှာ စစ်ရှောင်ပြည်သူတွေ ရာဂဏန်း နီးပါးနေထိုင်ကြတာပါ။ ဗုံးအစ ထိမှန်ခဲ့တဲ့ စစ်ရှောင်တွေကတော့ အသက်အန္တရာယ် စိုးရိမ်စရာ မရှိပါဘူး။ လေကြောင်းတိုက်ခိုက်ခံရတဲ့အတွက် နေထိုင်ရေးတော့ အခက်အခဲဖြစ်သွားတယ်” ဟု ဒီပဲယင်းမြို့နယ်မှ သံဃာတော် တပါးက မိန့်သည်။
အဆိုပါ စစ်ရှောင်အများစုသည် မန္တလေးတိုင်း ၊ မိုးကုတ် ၊ စဉ့်ကူး ၊ မတ္တရာ မြို့နယ်များမှ စစ်ရှောင်များဖြစ်ပြီး ၊ စားသောက်ရေး နှင့် နေထိုင်ရေး အခက်အခဲများစွာ ကြုံနေရကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ် မူးကမ်းကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်မှုမှာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမ အကြိမ်ဖြစ်စဉ်တွင် စစ်ဘေးရှောင် ခြောက်ဦးသေဆုံးခဲ့သည်။
စာတည်း ။ ။အောင်ကျော်ဖြိုး
