ကသာမြို့တွင်း တော်လှန်ရေးတပ်များရောက်ရှိ တိုက်ပွဲဆက်ပြင်းထန်
မဇ္ဈိမ။ ။ စစ်အုပ်စု ရွေးကောက်ပွဲအပိုင်း(၁) ကျင်းပနေစဉ် တိုက်ခိုက်ခဲ့သည့် စစ်ကိုင်းတိုင်း ၊ ကသာမြို့တွင်းသို့ တော်လှန်ရေးတပ်ဖွဲ့များ ရောက်ရှိနေပြီး ယနေ့ (ဇန်နဝါရီ ၂ ရက်) ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ကသာမြို့ကို ရွေးကောက်ပွဲကျင်းပနေချိန် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က စတင်တိုက်ခိုက်ခဲ့ပြီး လက်ရှိတွင် မြို့တွင်းနေရာအချို့ကို ဝင်ရောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။
“တော်လှန်ရေးတပ်ဖွဲ့တွေက မြို့ထဲဝင်သွားပြီဗျ။ ကသာထောင်ပွင့်သွားတယ်ဆိုတာတော့မဟုတ်ပါဘူးဗျ။ လိုက်လျှောက်ဖွနေတာ။ မြို့ထဲဝင်သွားတာတော့ဟုတ်ပါတယ်။ အခြေအနေရလဒ်တွေက အကုန်ကောင်းပါတယ်။ ဒီနေ့လည်း တောက်လျှောက်ဖြစ်နေတယ်” ဟု ကသာမြို့အခြေစိုက် KPDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ဒီဇင်ဘာ ၁ ရက်တွင် ကသာအကျဉ်းထောင်ပွင့်ပြီဟူသောသတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေရာ ထိုသတင်းမှာ သတင်းမှားဖြစ်ပြီး သတင်းဖြေကြားသည့် ယနေ့ နေ့လယ် ၁၂ နာရီထိ အကျဉ်းထောင်ပွင့်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။
ကသာတိုက်ပွဲမှ အခြား KPDF တပ်ဖွဲ့ဝင်တဦးကလည်း မြေပြင်တွင် ထောင်ပွင့်သည့်အကြောင်း မကြားရကြောင်းနှင့် ၎င်းတို့တပ်ဖွဲ့အနေဖြင့် ကသာမြို့အဝင် လေးလမ်းဆုံ နှင့် ကသာပညာရေးကောလိပ်တို့ကို ရယူထားနိုင်ကြောင်း ဆိုသည်။
“မြေပြင်မှာတော့ ထောင်အကြောင်း မသိဘူး။ ကျွန်တော်တို့ရှိတဲ့ ဇုန် (နေရာ) ရဲ့မြေပြင်မှာတော့ မြို့အဝင် လေးလမ်းဆုံ၊ ကသာ ပညာရေးကောလိပ်ကို ရပြီ” ဟု ၎င်းက ပြောသည်။
ကသာမြို့တွင် စစ်အခြေစိုက်စခန်းအနေဖြင့် ခြေမြန်တပ်ရင်း အမှတ်(၃၀၉) တခု တည်းသာ ရှိသော်လည်း စစ်ကော်မရှင်တပ်က ခမရ(၃၀၉) အပြင် အမှတ်(၁)ရဲစခန်း၊ အမှတ်(၂) ရဲစခန်း၊ အကျဉ်းထောင် နှင့် အထပ်မြင့်အဆောက်အဦးတချို့တွင် တပ်ဖြန့်ထားကြောင်း သိရသည်။
လက်ရှိ ထိုနေရာများတွင် အဓိက တိုက်ပွဲဖြစ်နေပြီး စစ်ကော်မရှင်တပ်မှ မြေပြင်တပ်ကူပို့နိုင်ခြင်းမရှိသောကြောင့် တော်လှန်ရေးတပ်မှ အသာစီးရနေကြောင်း ဆိုသည်။
“မြေပြင်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ အကုန်ပိတ်ဆို့ထားတော့လေ။ လာမယ်ဆိုရင်တော့ လေကြောင်းကနေပဲ လာလို့ရမယ်ဗျ။ လေကြောင်းဆိုတာ ဟက်စကီး နဲ့ပဲရမယ်။ ဟိုလိုလေယာဉ်နဲ့ဆို ရိက္ခာပဲချလို့ရမယ်။ လေကြောင်းတိုက်ခိုက်မှုက သူတို့လုပ်ချင်သလိုလုပ်နေတာ။ မြို့ထဲမှာပိတ်မိနေတဲ့သူတွေတော့ အနည်းအကျဉ်းကျန်ဦးမယ်” ဟု ကသာအခြေစိုက် KPDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။
ကသာမြို့ ဒေသခံအများစုသည် တိုက်ပွဲဖြစ်ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်နေ့မှစတင်ကာ မြို့ကို စွန့်ခွာ တိမ်းရှောင်ခဲ့ပြီး ယနေ့ချိန်ထိ မြို့တွင်း၌ ပိတ်မိနေသူအချို့ရှိသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကသာမြို့၌ ရွေးကောက်ပွဲ ကျင်းပနေခဲ့ပြီး မြို့ပြင်နေရာအချို့ကို တော်လှန်ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာ ၃၁ ရက်နေ့တွင် မြို့တွင်းနေရာအချို့ကို တော်လှန်ရေးတပ်ဖွဲ့များက စတင်ဝင်ရောက်နိုင်ခဲ့သည်။
ရွေးကောက်ပွဲလုပ်သည့်နေ့တွင် ကသာမြို့ခံများ အနည်းအကျဥ်းသည် တိုက်ပွဲသံများကြားမှ မဲထည့်ကြကြောင်း ဒေသတွင်း မီဒီယာများ၌ ဖော်ပြထားသည်။
ရွေးကောက်ပွဲကျင်းပပြီး ငါးရက်မြောက်ဖြစ်သည့် ယနေ့ထိ ကသာမြို့ ရွေးကောက်ပွဲရလဒ်မထွက်ရှိသေးသကဲ့သို့ ကသာမြို့၏ မဲရလဒ်စာရင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန် ကသာမြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မင်းဦးကို ဆက်သွယ်ရန်ကြိုးစားသော်လည်း အဆက်သွယ်မရပေ။
စာတည်း။ ။အောင်ကျော်ဖြိုး
