ချင်းပြည်နယ် ရွေးကောက်ပွဲ ဘာဖြစ်ခဲ့လဲ


ပါခွီး

မဇ္ဈိမ ။ ။ စစ်ကော်မရှင်ကပြုလုပ်ခဲ့သည့် အပိုင်း(၁) ရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၈ရက်နေ့ တွင် ချင်းပြည်နယ် ဟားခါးနှင့် တီးတိန်မြို့နယ်တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

ချင်းပြည်နယ်တွင် မြို့နယ် ကိုးမြို့နယ်အနက် မြို့နယ်နှစ်ခုတွင်သာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပြီး ကျန် ခုနစ်မြို့နယ်ကို မကျင်းပနိုင်သော မြို့နယ်များအဖြစ် စစ်ကော်မရှင်က ကြေညာခဲ့သည်။

၂၀၂၅ ရွေးကောက်ပွဲရလဒ်နှင့် ၂၀၂၀ ရွေးကောက်ပွဲဖြစ်စဥ် ၊ ဖြစ်ပေါ်ပြောင်းခဲ့သည့် နယ်မြေ အခြေအနေများကို တင်ပြသွားပါမည်။

စစ်ကော်မရှင်က ပြုလုပ်ခဲ့သည့် ဟားခါးနှင့် တီးတိန်မြို့နယ် ၂၀၂၅ခုနှစ် ရွေးကောက်ပွဲရလဒ်မှာဟားခါးမြို့ပေါ်ရပ်ကွက်ရှစ်ခုတွင် မဲရုံ ၁၂ရုံထားရှိခဲ့ပြီး ပြည်နယ်လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သုံးနေရာအတွက် ပါတီလေးခုက ကိုယ်စားလှယ်ခုနစ်ဦးယှဥ်ပြိုင်ခဲ့ကာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) က သုံးနေရာစလုံးတွင် အနိုင်ရခဲ့သည်။

ထွက်ပေါ်လာသောမဲစရင်းများအရ ပြည်နယ်လွှတ်တော်တွင် လက်ရှိဝန်ကြီးချုပ် ဝုန်ဆွန်းထန် (USDP) ၂,၀၆၉ မဲဖြင့်လည်း ကောင်း ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဦးထလာထန်း(USDP) ၂,၄၄၆ မဲ နှင့် ပြည်သူ့ လွှတ်တော် အတွက် ဦးဗန်နီ(USDP) ၂,၀၀၆ မဲတို့ဖြင့် အသီးသီးအနိုင်ရရှိခဲ့သည်။

ဟားခါးမြို့တွင် ချင်းပြည်နယ်အစိုးရ ရုံးစိုက်ထားပြီး စစ်တပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများအပါအဝင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၂၇,၄၇၅ ဦးရှိခဲ့ပြီး လာရောက်မဲပေးသူ ၂,၈၃၆ဦး သာရှိခဲ့ ပြီး ယင်းအထဲတွင် ကြိုတင်မဲ ၆၀၀ ကျော်ပါရှိပြီးဖြစ်သည်။

တီးတိန်မြို့နယ်မှာ မြို့ပေါ်ရပ်ကွက်လေးခုတွင် မဲရုံငါးရုံနှင် ခိုင်ကမ်းမြို့တွင် မဲရုံတရုံ စုစုပေါင်း မဲရုံ ခြောက်ခုရှိပြီး လွှတ်တော်သုံးရပ်စလုံးအတွက် ကိုယ်စားလှယ် ၁၀ ဦးယှဥ်ပြိုင်ခဲ့ကာ ဇိုမီးအမျိုးသားပါတီ(ZNP) က နှစ်နေရာနှင့် USDP က တနေရာ တို့အနိုင်ရရှိသွားခဲ့သည်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်နေရာတွင် ဦးပေါင်ဇလန် (ZNP) က ၁,၉၀၄ မဲဖြင့်လည်းကောင်း ၊ ပြည်သူ့ လွှတ်တော်အတွက် ဦးဆလိုင်းအောင်ပြည့် (USDP) ၁,၈၀၇ မဲ ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးပေါင်လွန်မင်းထန်(ZNP) ၁,၇၇၉ မဲဖြင့် အသီးသီးအနိုင်ရရှိသွားခဲ့ကြသည်။

တီးတိန်မြို့နယ်တွင် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၁၂,၄၄၂ ဦးရှိခဲ့ပြီး ကြိုတင်မဲ ၆၀၀ ကျော်အပါအဝင် ၃,၉၇၀ မဲ ရှိခဲ့ကြောင်း သိရှိရသည်။

စစ်ကော်မရှင်အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ် ဟားခါးနှင့် တီးတိန်မြို့နယ်ရွေးကောက်ပွဲအချက်လက်များ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်တွင် ချင်းပြည်နယ် မြို့နယ် ကိုးမြို့ နယ်စလုံးတွင် ပြုလုပ်နိုင်ခဲ့ပြီး ဟားခါးနှင့် တီးတိန်မြို့နယ်များ၏ ရွေးကောက်ပွဲဖြစ်စဥ်များကိုသာ ထုတ်နုတ်တင်ပြပါသည်။

ဟားခါးမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားနှင့် ပြည်သူ့လွှတ်တော် သုံးနေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(CNLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါ တီ(UBP) ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ(NUP) ၊ ချင်းအမျိုးသားပါတီ (CNP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP- နှင်းဆီပါတီ)နှင့် တသီးပုဂ္ဂလ တဦးအပါအဝင် ၂၈ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ ကြသည်။

ဟားခါးမြို့နယ် လွှတ်တော်သုံးရပ်စလုံးတွင် NLD ပါတီမှ အနိုင်ရခဲ့ပြီး မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ၃၄၀,၂၉၁ ရှိခဲ့ပြီး အမှန်တကယ်မဲပေးခဲ့သူ ၂၅၂,၄၂၄ ရှိခဲ့သည်။

တီးတိန်မြို့နယ် လွှတ်တော်သုံးရပ်အတွက် ပါတီ ရှစ်ပါတီမှ ကိုယ်စားလှယ်လောင်း ၂၉ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး NLD နှင့် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ZCD) တို့မှ အနိုင်ရရှိခဲ့သည်။

ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် နှစ်နေရာရှိခဲ့ပြီး ဦးထန်ဒေါ့ကျင်(NLD)၊ ဦးပေါင်လွန်းမင်း ထန် (NLD) ၊ ပြည်သူ့ လွှတ်တော် ဦးကျင်ရှင်းမန်(ZCD) နှင့် အမျိုးသားလွှတ်တော် ဦးမာန်လောမောင် (NLD) တို့ အသီးသီးအနိုင်ရရှိခဲ့ကြောင်းသိရသည်။

တီးတိန်မြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၅,၀၀၀ ကျော်ရှိခဲ့ပြီး ၃၉,၀၀၀ကျော် ဆန္ဒမဲပေးခဲ့ကြသည်။

ကျင်းပခဲ့သည့်၂၀၂၀နှင့် ၂၀၂၅ခုနှစ် ဟားခါး,တီးတိန်မြို့ ရွေးကောက်ပွဲ နှစ်ခု နှိုင်းယှဥ်ချက်

ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ၂၀၂၀ ပြည့်နှစ်တွင် ချင်းပြည်နယ် ကိုးမြို့နယ်စလုံးတွင် ကျင်းပနိုင် ပြီး ယခုနှစ်တွင် နှစ်မြို့နယ်သာကျင်းပနိုင်သည်။ ယခင်က လွှတ်တော်သုံးရပ်အတွက် ပါတီ ၁၄ ခုနှင့် တသီးပုဂ္ဂလအပါ ၅၇ ဦးယှဥ်ပြိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ပါတီလေးခုမှ ကိုယ်စားလှယ်လောင်း ၁၇ ဦး ယှဥ်ပြိုင်ခဲ့သည်။

မြို့နယ် နှစ်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၀၀,၀၀၀ ကျော်ရှိခဲ့ပြီး မဲပေးခဲ့သူ ၆၃,၀၀၀ကျော် ရှိခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်ရွေးကောက်ပွဲ၌ ၃၉,၉၁၇ဦး ဆန္ဒမပေးပိုင်ခွင်ရှိကာ ၆,၈၀၆ ဦး မဲပေးခဲ့ကြသည်။

ယခုနှစ်တွင် ပါတီဖျက်သိမ်းခြင်းနှင့် ဝင်ရောက်ယှဥ်ပြိုင်ခွင့် မရသည့်ပါတီများမှာ ချင်းဒေသခံပါတီ သုံးခု ပေါင်းစည်းထားသည့် အင်းအားအကြီးဆုံး ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) ၊ ချင်းအမျိုးသားပါတီ (CNP) ၊ ချင်းတိုးတက်ရေးပါတီ (CPP) နှင့် အရှိုချင်း အမျိုးသားပါတီ(ACNP) တို့ဖြစ်သည်။

နယ်မြေအခြေအနေ

ပါတီစုံရွေးကောက်ပွဲ ၂၀၂၀ ပြည့်နှစ်တွင် ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်း အရက္ခတပ်တော်နှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသဖြင့် မဲဆန္ဒနယ်မြေအများ ရွေးကောက်ပွဲမကျင်းပနိုင်သော်လည်း ကျန်မြို့နယ်များတွင် ရွေးကောက်ပွဲကျင်းပပြီး ဆန္ဒမဲပေးသူများပြားခဲ့ကြောင်း တွေ့ရသည်။

ယခုနှစ် ဒီဇင်ဘာ၂၈ ရက်တွင် ပြုလုပ်သည့်ရွေးကောက်ပွဲတွင် မင်းတပ်၊ မတူပီ ၊ ပလက်ဝ ၊ ကန်ပက်လက်များကို ရွေးကောက်ပွဲမပြုလုပ်နိုင်သည့် မြို့နယ်များအဖြစ် ကြေညာခဲ့ပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တွန်းဇံ ၊ ဖလမ်းနှင့် ထန်တလန်မြို့ကိုပါ ရွေးကောက်ပွဲမပြုလုပ်နိုင်တော့ကြောင်း စစ်ကော်မရှင်က ထပ်မံကြေညာခဲ့ရသည်။

ရွေးကောက်ပွဲပြုလုပ်ခဲ့သည့် မြို့နယ် နှစ်မြို့နယ်တွင်လည်း ချင်းတပ်ဖွဲ့များက ရွေးကောက်ပွဲကို အပြင်းအထန်ဆန့်ကျင်ကြပြီး ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်ခြင်းမပြုကြရန်၊ ပါဝင်ယှဥ်ပြိုင် သူများနှင့် နိုင်ငံရေးပါတီများ၏ ပိုင်ဆိုင်မှုများ သိမ်းယူခြင်းနှင့် ပြင်းထန်စွာအရေးသွားမည်ဖြစ် ကြောင်း ဒေသခံ CDF – Hakha နှင့် PDF – Zoland တို့က ထုတ်ပြန်ခဲ့ကြသည်။

၎င်းအပြင် ရွေးကောက်ပွဲမတိုင်မှီ နှစ်ရက်အလို ဒီဇင်ဘာ၂၆ ရက်နေ့တွင် ဟားခါးမြို့ပေါ်ရှိ စစ်ကော်မရှင်အခြေစိုက်စခန်းကို CDF – Hakha က ဝင်ရောက်တိုက်ခိုက်ပြီး ကင်းစခန်းအချို့ သိမ်းယူနိုင်ခဲ့ကာ ယင်းတိုက်ပွဲတွင် နှစ်ဖက်တပ်ဖွဲ့ ၁၀ဦးကျော်စီ အကျဆုံးရှိခဲ့သော တိုက်ပွဲဖြစ်ခဲ့သည်။

တိုက်ခိုက်ခံရသည့် စစ်ကော်မရှင်တပ်က လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အပြင်းအထန် ခုခံခဲ့ပြီး ရွေးကောက်ပွဲပြုလုပ်သည့်နေ၌ပင် ဟားခါးမြို့အထွက် သင်္ချိုင်းအနီး ဗုံးကြဲချရာ အုတ်ဂူ ၁၂လုံးပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ တီးတိန်မြို့၌လည်း ရွေးကောက်ပွဲမတိုင်မှီကပင် မြို့အတွင်း အဝင်အထွက်ကို PDF – Zoland က ပိတ်ဆို့ထားပြီး ရွေးကောက်ပွဲနေ့တွင် စစ်ကော်မရှင်အခြေစိုက်တပ်ရင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သေးသည်။

ယခုနှစ် ပြုလုပ်သော ချင်းပြည်နယ်ရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ်နှိုင်းယှဥ်ပါက မြို့ပေါ်ရပ်ကွက်အချို့နှင့် ကြိုတင်မဲများကိုသာ အခြေခံထားရသဖြင့် ချင်းပြည်နယ်သူ ပြည်နယ်သားများအားလုံး၏ ဆန္ဒအစစ်မှန်ကို ကိုယ်စားပြုထင်ဟပ်နိုင်ရန် အခက်အခဲများရှိနေကြောင်း မြင်တွေ့ရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

Popular posts from this blog

ထိုင်းဘတ်ငွေတန်ဖိုး မာပြီး ရွှေဥ ဥပေးသော ငန်းကြီး ပျောက်ကွယ်သွားသောအခါ

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်