‘ဆန္ဒစောပြီး တရားဝင်မှု ပေးအပ်ခြင်း’ မျိုး မဖြစ်အောင် ရွေးကောက်ပွဲအပြီး မြန်မာကို အာဆီယံ အကဲဖြတ်မည်
အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ပထမအဆင့် ရွေးကောက်ပွဲများအပြီး ပြောင်းလဲဖြစ်ပေါ်မှုများကို အကဲဖြတ်သွားမည်ဖြစ်ကာ မည်သည့် အဖွဲ့အစည်းကိုမျှ “ဆန္ဒစောပြီး တရားဝင်မှု ပေးအပ်ခြင်း” မျိုး ဖြစ်စေမည့် လုပ်ရပ်များကို ရှောင်ကြဉ်သွားမည်ဟု မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဒီဇင်ဘာ ၃၀ ရက်တွင် ပြောသည်။
စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲများသည် စစ်အာဏာရှင်စနစ်ကိုသာ ပိုမို ခိုင်မာစေလိမ့်မည်ဟု ဒီမိုကရေစီစောင့်ကြည့်ရေးအဖွဲ့များက သတိပေးနေသည့်ကြားမှ ပထမအဆင့် ရွေးကောက်ပွဲတွင် စစ်တပ်လိုလားသော အဓိက ပါတီကပဲ တောင်ပြိုကမ်းပြို အနိုင်ရသွားသည့်နောက် အန်ဝါ၏ မှတ်ချက်စကား ထွက်ပေါ်လာခြင်းပဲ ဖြစ်သည်။
၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီး ပြည်တွင်းစစ် ဖြစ်ပွားစေခဲ့သည့် မြန်မာစစ်တပ်က ပြည်သူ့ထံ အာဏာ ပြန်လည်
အပ်နှင်းမည် ကတိပေးပြီး တလကြာ အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၂၈ ရက်က စတင်ကျင်းပသည်။
မြန်မာအပါအဝင် ၁၁ နိုင်ငံ ပါဝင်သော ဒေသတွင်းအဖွဲ့အစည်း အာဆီယံ ခေါင်းဆောင်များအနေဖြင့် မြန်မာ့နိုင်ငံရေးဖြစ်စဉ်နှင့် ပတ်သက်သည့် လုပ်ဆောင်ချက်များ အပါအဝင် ဖြစ်ပေါ်ပြောင်းလဲမှုများကို “ဂရုတစိုက် ဆက်လက် အကဲဖြတ် သုံးသပ်သွားမည်” ဟု ယခုနှစ်ကုန်အထိ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ် အန်ဝါက ပြောသည်။
“ဘယ်လို အကဲဖြတ် သုံးသပ်ချက်မျိုးမဆိုက အကြမ်းဖက်မှုတွေ လျှော့ချဖို့၊ အကွဲအပြဲတွေ ပိုမို မနက်ရှိုင်းစေဖို့၊ ဆန္ဒစောပြီး အချိန်မတိုင်မီ တရားဝင်မှု ပေးတာမျိုးတွေကို ရှောင်ရှားဖို့နဲ့ အားလုံး ပါဝင်နိုင်ပြီး ယုံကြည်စိတ်ချရတဲ့ ရှေ့ဆက် လမ်းစဉ် ဖြစ်ပေါ်လာစေဖို့ ဆိုတဲ့ လိုအပ်ချက်တွေအပေါ် မူတည်ပြီး အဆင့်လိုက် လုပ်ဆောင်သွားမှာပါ” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။
အတိုက်အခံများကို နှိပ်ကွပ်ခြင်းနှင့် စစ်တပ် အုပ်ချုပ်မှုကို သက်တမ်းရှည်စေမည့် စစ်တပ်လက်ဝေခံ ကိုယ်စား လှယ်လောင်း စာရင်းများကြောင့် လှုပ်ရှားတက်ကြွသူများ၊ အနောက်နိုင်ငံသံတမန်များနှင့် ကုလသမဂ္ဂ လူ့အခွင့် အရေးဆိုင်ရာ အကြီးအကဲတို့က ယခု ရွေးကောက်ပွဲကို ရှုတ်ချထားကြသည်။
စစ်တပ်ကို ဆန့်ကျင်သည့် ဒီမိုကရေစီလို လားသော ပြောက်ကျားတပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက စစ်ပွဲအတွင်း သိမ်းပိုက်ထားသော နယ်မြေများတွင် ရွေးကောက်ပွဲ ကျင်းပခြင်းကို တားဆီးပိတ်
ပင်သွားမည်ဟု စိတ်ပိုင်းဖြတ်ထားကြသည်။
ယခု ရွေးကောက်ပွဲ၏ တရားဝင် ရလဒ်ကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း စစ်တပ်လိုလားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) မှ အဆင့်မြင့် အရာရှိတဦးက ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ယှဉ်ပြိုင်ခဲ့သည့် ပြည်သူ့ လွှတ်တော် အမတ်နေရာ ၁၀၂ နေရာအနက် ၈၂ နေရာတွင် အနိုင်ရရှိခဲ့ကြောင်း ဒီဇင်ဘာ ၂၉ ရက်တွင် အေအက်ဖ်ပီသို့ ပြောခဲ့သည်။
The Straits Times မှ ASEAN to assess developments in Myanmar after polls: Anwar ကို မိုးသဲ ဘာသာ ပြန်သည်။
