ရွေးကောက်ပွဲ ပထမပိုင်း မဲပေးသူ ၅၂ ရာခိုင်နှုန်းကျော်ဟု စစ်ကော်မရှင်ပြော


001

မဇ္ဈိ။ ။ စစ်ကော်မရှင် ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် မဲပေးသူ ၅၂ ရာခိုင်နှုန်းကျော်ရှိကြောင်း စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ထိန်းချုပ် မီဒီယာများမှတဆင့် ယနေ့ (ဒီဇင်ဘာ ၃၁) တွင် ပြောသည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲပထမပိုင်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့က မြို့နယ် ၁၀၂ မြို့နယ်တွင် ကျင်းပခဲ့ပြီး မဲပေးပိုင်ခွင့်ရှိသူ ၁၁ သန်းကျော်ရှိတွင် မဲပေးခဲ့သူ ခြောက်သန်းကျော်ရှိကာ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း မဲပေးကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ဒီမိုကရေစီထွန်းကားတဲ့နိုင်ငံတွေမှာတောင် မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်းမကျော်တဲ့အခြေအနေမှာ ကျွန်တော်တို့မြန်မာနိုင်ငံမှာ မဲပေးသူဦးရေ ၅၀ ရာခိုင်နှုန်းကျော်ရှိခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်အတွက်အားရဂုဏ်ယူဖွယ်ဖြစ်ပြီး အောင် မြင်တဲ့ ရွေးကောက်ပွဲဖြစ်ခဲ့ကြောင်း ပြောလိုပါတယ်” ဟု သူက ပြောသည်။

ရွေးကောက်ပွဲဥပဒေတွင် ဆန္ဒမဲပေးသူ မည်သည့်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲအောင်မြင်မည်ဟု သတ်မှတ်ထားခြင်းမရှိဘဲ ၅၀ ရာခိုင်နှုန်းအထက် ဆန္ဒမဲပေးပါက လူထုအများစု၏ ဆန္ဒပါဝင်သည်ဟု သတ်မှတ်နိုင်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြီးခဲ့သည့် ဩဂုတ်လထဲတွင် ပြောဆိုခဲ့ဖူးသည်။

တဖက်တွင်လည်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲပထမပိုင်းသည် မဲပေးသူဦးရေနည်းပါးကြောင်း ပြည်တွင်းသတင်းများမှာသာမက နိုင်ငံတကာသတင်းများမှာပါ ဖော်ပြခဲ့သည်။

ထို့ပြင် အဆိုပါရွေးကောက်ပွဲတွင် အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်ခဲ့သည့် ပြည်သူ့ပါတီ (PP)မှ ဦးရဲကျော်စွာကလည်း ယင်းမြို့နယ်တွင်ရှိသည့် မဲရုံ ၂၀ တွင် ကိုယ်တိုင်လာရောက်မဲပေးသူ ၂၀ ရာခိုင်နှုန်းကျော် ၊ ၃၀ ရာခိုင်နှုန်းဝန်းကျင်သာရှိကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက မီဒီယာတခုနှင့် အင်တာဗျူးတွင် ဖြေဆိုထားသည်။

“ရာခိုင်နှုန်း ၂၀ ကျော်ကနေ ၃၀ ရာခိုင်နှုန်းနီးပါးဝန်းကျင်အတွင်းပေါ့ အကြမ်းဖျင်း။ ဒါမဲရုံတရုံနဲ့ တရုံ ရာခိုင်နှုန်းနည်းနည်းလေး ကွာတာရှိတယ်၊ သိပ်အများကြီးတော့ မကွာဘူးပေါ့နော်” ဟု သူက ဆိုထားသည်။

အဆိုပါ ရွေးကောက်ပွဲတွင် မဲပေးရန် ဖိအားပေးမှုများလည်းရှိခဲ့ပြီး စစ်ကော်မရှင်လက်အောက်ခံ ဝန်ထမ်းများကိုလည်း မဲပေးပြီးကြောင်း ပြန်တင်ပြရန် ညွှန်ကြားခဲ့သည့်အတွက် မဖြစ်မနေမဲ ပေးခဲ့ရကြောင်း နေပြည်တော်ရှိ ဝန်ထမ်းအသိုင်း အဝိုင်းက မဇ္ဈိမကိုပြောထားသည်။

နိုင်ငံတဝန်း မြို့နယ် ၃၃၀ တွင် မြို့နယ်ပေါင်း ၆၅ မြို့နယ်နှင့် ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်များထဲမှ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၄,၀၀၀ နီးပါးကို ချန်လှပ်ကျင်းပမည့် စစ်ကော်မရှင်ရွေးကောက်ပွဲ၏ ဒုတိယပိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့နှင့် တတိယပိုင်းကို ဇန်နဝါရီလ ၂၅ ရက်နေ့တို့တွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သည့် အထွေထွေရွေး ကောက်ပွဲတွင်မူ ဆန္ဒမဲပေးသူ ၇၀ ရာခိုင်နှုန်းကျော်အထိရှိခဲ့သည်။

စစ်ကော်မရှင်၏ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိမည် မဟုတ်ကြောင်း ၊ အသိအမှတ်မပြုကြောင်း တော်လှန်ရေးအင်အားစုများအပြင် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများက ပြောထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)

Popular posts from this blog

ထိုင်းဘတ်ငွေတန်ဖိုး မာပြီး ရွှေဥ ဥပေးသော ငန်းကြီး ပျောက်ကွယ်သွားသောအခါ

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်