ကလေးမြို့တွင် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံရသည့် ဒေသခံ ညတွင်းချင်း သတ်ဖြတ်ခံရ
ပါခွီး
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်တခုတွင် ဖမ်းဆီးခံလိုက်ရသည့် ဒေသခံအမျိုးသားတဦးမှာ တညတာအတွင်း သတ်ဖြတ်ခံလိုက်ရကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။
သတ်ဖြတ်ခံရသူမှာ ကလေးမြို့၊ မြို့လှကျေးရွာတွင် နေထိုင်သည့် အသက် (၄၃) နှစ်အရွယ် တောင်သူတဦးဖြစ်သူ ကိုမောင်ကြီး ဖြစ်သည်။ ၎င်းသည် ဒီဇင်ဘာလ ၂၈ ရက် ညဦးပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် သေဆုံးသွားခြင်း ဖြစ်သည်။
သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ထိုညက စစ်ဆေးရေးဂိတ်တွင် လူနှစ်ဦးကို ဖမ်းဆီးကာ ကြိုးတုပ်ထားခဲ့ကြောင်း သိရသည်။
“အဲဒီညက ဂိတ်မှာ နှစ်ယောက်ဖမ်းပြီး ကြိုးတုပ်ထားတာ။ အခု သေတဲ့သူက ထွက်ပြေးဖို့ ကြိုးစားလို့ဆိုပြီး သေနတ် နဲ့ပစ်လို့မှန်သွားတယ်။ ဒါပေမဲ့ ချက်ချင်းမသေဘူး ၊ ဆေးကုမပေးဘဲ ဒီအတိုင်းထားတဲ့အတွက် မနက်ကျ သွေးထွက်လွန်ပြီးသေသွားခဲ့တာ” ဟု မိသားစုနှင့် နီးစပ်သူက မဇ္ဈိမကိုပြောသည်။
ကိုမောင်ကြီး၏ ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာ အပြင် မျက်နှာတွင် သေနတ်ဒင်ဖြင့် ထုနှက်ထားသည့် ဒဏ်ရာများ ကိုပါ တွေ့ရှိခဲ့ရကြောင်း မိသားစုနှင့် နီးစပ်သူက ပြောသည်။ ၎င်းနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် အခြားဒေသခံတဦး၏ အခြေအနေကိုမူ လက်ရှိအချိန်ထိ အတည်မပြုနိုင်သေးပေ။
သေဆုံးသူ၏ ရုပ်အလောင်းအား ခက်ခဲစွာ ပြန်လည်ထုတ်ယူခဲ့ရသည်။ ရုပ်အလောင်းကို ရွာခံများက တောင်းခံခဲ့သော်လည်း စစ်ကော်မရှင်တပ်သားများက အစပိုင်းတွင် ပြန်မပေးခဲ့ပေ။
ထို့ကြောင့် ကလေးမြို့၊ အောင်ဇေယျရပ်ကွက်တွင် နေထိုင်သည့် မိခင်ဖြစ်သူက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ထံ ဆက်သွယ်အကူအညီတောင်းခံခဲ့ပြီးနောက်မှသာ ဒီဇင်ဘာ ၂၉ ရက်နေ့တွင် မြို့လှဂိတ်၌ ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
ကိုမောင်ကြီး၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် မိသားစုက မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
“ပစ်သတ်လိုက်ပြီးရင် PDF နာမည် တပ်၊ ထွက်ပြေးလို့ဆိုတာမျိုးအကြောင်းပြပြီး သူတို့လူတွေကိုလည်း အရေးယူတာမရှိပါဘူး။ ပြည်သူ တယောက်သေသွားတာသူတို့အတွက်ဘာမှ မထူးဆန်းသလို့ ဒီလိုဖြစ်ရပ်တွေက တတိုင်း ပြည်လုံး အနှံ့ဖြစ်နေတာ။ စစ်တပ်ရဲ့ စည်းကမ်းမရှိတာ ၊ ပျက်ပြားနေတာတွေက မျက်ဝါးထင်ထင်မြင်ရတဲ့ ဖြစ်ရပ်ပါ” ဟု နိုင်ငံရေးအကျဉ်းသားတဦးက မဇ္ဈိမသို့ ပြောသည်။
ကလေးမြို့အတွင်း ဒီဇင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက လက်နက်အပြည့်အစုံဖြင့် ကားများဖြင့် လှည့်ကင်းပတ်ခြင်းနှင့် လမ်းသွားလမ်းလာများကို တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းခြင်းများ ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများက ဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဒီဇင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူ ၃၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ၇,၆၄၀ ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားသည်။ ထို့အပြင် အတည်ပြုရန် ကျန်ရှိနေသေးသည့် သေဆုံးသူ ၄,၄၀၀ ခန့် ရှိနေသေးကြောင်းလည်း သိရသည်။
စာတည်း။ ။ နောင်နောင်
