'တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ အဆင့်တွေ အများကြီး'


ဖနိဒါ | ကြာသပတေးနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၂၃ နာရီ ၁၃ မိနစ်

        
ချင်းမိုင်(မဇ္ဈိမ) ။         ။ ကရင်အမျိုးသားအစည်းအရုံး KNU က ကြာသပတေးနေ့တွင် မြန်မာအစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီ လက်မှတ်ရေးထိုးလိုက်သည့် အခြေအနေများ သိရှိရန် ငြိမ်းချမ်းရေး အကျိုးဆောင်တဦး ဖြစ်သည့် ဦးလှမောင်ရွှေ အား မဇ္စျိမသတင်းထောက် ဖနိဒါက ဆက်သွယ် မေးမြန်းထားသည်။

ဘယ်လိုအချက်တွေကို လက်မှတ်ရေးထိုးခဲ့ကြလဲရှင်။

ဒီနေ့က ပြည်နယ်အဆင့်နဲ့ အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးတွေ ၁၄ ရုံးအတွက် နေရာရွေးချယ်တယ်။ လက်နက်မပါဘဲ လွတ်လွတ်လပ်လပ် သွားလာခွင့်ရှိမယ်။ နောက်တခုက ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့ လူစာရင်းအရ ညှိနှိုင်းဖို့လိုတယ်ဆိုတဲ့ အချက် ၄ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ ပြည်ထောင်စုအဆင့်မှာက Political Dialoge အပါအဝင် တခြားဟာတွေ ဆွေးနွေးမယ်ဆိုတာတွေ ပါတယ်။ ကျနော်တို့အနေနဲ့ မူအားဖြင့် သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်။

ပြည်နယ်အဆင့်မှာ လက်မှတ်လဲတာကတော့ ပြည်နယ်အစိုးရဘက်က လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး အောင်လွင်နဲ့ KNU တပ်မဟာ ၇ က ဗိုလ်မှူးချုပ် စောကျော်လေးတို့က လဲကြတယ်။ ပြည်ထောင်စုအဆင့်မှာ ကျတော့ ဝန်ကြီး ဦးအောင်မင်းနဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောဆေးတူးဖိုးတို့ လဲကြပါတယ်။

KNU နဲ့ အစိုးရတို့ နှစ်ပေါင်း ၆၃ နှစ်အကြာမှာ အပစ်အခတ်ရပ်စဲဖို့ တရားဝင် လက်မှတ်ရေးထိုး လိုက်တဲ့ အပေါ် ဘယ်လို မြင်လဲရှင်။

ကျနော်က တွေ့ဆုံပွဲ ၄ ကြိမ်မြောက်မှာ တက်ရောက်ခွင့်ရခဲ့တယ်။ ကျနော့်ရင်ထဲမှာ တကယ့်ကို ပြောမပြတတ်
လောက်အောင် ကျေနပ်တယ်။ ၆၃ နှစ်လုံး လက်နက်ကိုင်ပြီး ဖြေရှင်းလို့ မရခဲ့တဲ့ဟာကို နှစ်ဦးနှစ်ဘက် စားပွဲပေါ် မှာ ဖြေရှင်းမယ်ဆိုတာဟာ ကျနော်တို့ နိုင်ငံဖွံ့ဖြိုးရေးမှာ အများကြီး အကျိုးရှိသွားနိုင်ပါတယ်။ ဒါပေမယ့် တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့ အဆင့်တွေ အများကြီး၊ တဖက်က သဘောထားကြီးပြီးတော့ ကြိုးစားဆောင်ရွက်ဖို့ လိုပါသေးတယ်။

မနက် ၉ နာရီကနေစပြီးတော့ ဆွေးနွေးတာ နေ့လည် ၂ နာရီလောက်မှာ လက်မှတ် ထိုးရေးထိုးနိုင်တယ်။ ကျနော့်အနေနဲ့ လုံးဝကို အားရကျေနပ်တယ်လို့ ပြောရမယ်။ ဒါက တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို သွားနိုင်ဖို့ အခြေခံ အဆင့်ဖြစ်တဲ့ အပစ်အခတ် ရပ်စဲရေးကို ၆၃ နှစ်အတွင်းမှာ ခုထိုးနိုင်တာက ကျေနပ်ပါတယ်။

ညနေ ၄ နာရီမှာ ဘားအံ့ကနေ မော်လမြိုင်ကို ထွက်လာပါတယ်။ မွန်ပြည်နယ် ဝန်ကြီးချုပ်က ညစာစားပွဲ သူတို့ပြီးသွားတော့ ဧည့်ခံတယ်။ အဲဒီမတိုင်ခင်မှာ KNU က ၁၉ ဦးနဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ဆွေးနွေးပွဲတွေ လုပ်ပါတယ်။ ဒါလည်း အပြုသဘောဆောင်ပြီးတော့ ဆွေးနွေးတယ်။ မနက်ဖြန်မှာ ပဲခူးကို သွားမယ်။ ပဲခူးတိုင်း အစိုးရအဖွဲ့နဲ့ KNU အဖွဲ့တွေနဲ့ တွေ့ဦးမယ်။

KNU ခေါင်းဆောင် မန်းငြိမ်းမောင် အပါအဝင် အခြားအကျဉ်းကျခံ အဖွဲ့ဝင်တွေကို လွှတ်ပေးဖို့ရော
ပြောဆိုတာတွေ ရှိလား။


မန်းငြိမ်းမောင် အပါအဝင် ကျန်တဲ့ KNU ရဲ့ Criminal case ကလွဲပြီး ယုံကြည်မှုကြောင့် အကျဉ်းကျနေတဲ့ အကျဉ်းသားစာရင်းကို ဝန်ကြီးများဘက်က တောင်းပြီးတော့ အမြန်ဆုံး လွှတ်ပေးဖို့အတွက် ဆောင်ရွက်ပေးပါ့ မယ်လို့ ပြည်ထောင်စုဝန်ကြီးများဘက်ကနေ KNU တောင်းဆိုတာကို သူတို့ သဘောတူကြောင်း ပြောတယ်။

လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်း အတာထိ ရောက်နေပြီလို့ ပြောလို့ရမလဲ။

ထာဝရ ငြိမ်းချမ်းရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့က ကိစ္စက ဒီအဆင့်တွေက အများကြီး ဖြတ်ရမှာဘဲ။ ဒီအဆင့်တွေ မဖြတ်ဘဲတော့ နောက်အဆင့်တွေ မရောက်နိုင်ပါဘူး။ ဒါကြောင့် နှစ်ဘက် သဘောထားကြီးကြီး စိတ်ရှည်စွာနဲ့ ဆက်ညှိနှိုင်းကြရဦးမှာပါ။

တခြား ဘာများ ဖြည့်စွက်ပြောချင်လဲရှင်။

ကျနော်တို့ ၆၃ နှစ်ကြာ မရခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပြီးတော့ ၄ နာရီကြာမှာ အထူးအကျဉ်းသား ၆၅၁ ဦးကို လွတ်လိုက်တယ်ဆိုတဲ့ဟာပါဘဲ။ ဒီနေ့လွတ်တဲ့အထဲမှာ ကိုကိုကြီး၊ မင်းကိုနိုင်၊ ကိုဂျင်မီ၊ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ အများကြီး ပါပါတယ်ဗျ။

ပြည်ထောင်စုအဆင့် ကိုယ်စားလှယ်တွေနဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ အားလုံးဘယ်နှစ်ဦး ပါဝင် ခဲ့လဲ။

ကျနော်တို့ Egress ရဲ့ အဖွဲ့ဝင်နေနဲ့ ကျနော်ရယ်၊ ဦးတင်မောင်သန်းရယ်၊ ဒေါက်တာ ကျော်ရင်လှိုင်ရယ် ငြိမ်းချမ်းရေး အကျိုးဆောင်အနေနဲ့ ဝင်ပြီးတော့ ကူညီနိုင်ခဲ့တယ်။ KNU နဲ့ ၄ ကြိမ်မြောက်မှာ နိုင်ငံသား တာဝန်အနေနဲ့ သဘော တူညီမှု ရခဲ့တယ်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ဗိုလ်ချုပ် ခင်ရီတို့ ဒီဆွေးနွေးပွဲ တက်တယ်။ ကရင်ပြည် နယ်။ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းက လုံခြုံရေးဝန်ကြီးတွေ ဒီအခမ်းအနား တက်ကြတယ်။ သက်ဆိုင်ရာ စစ်ဦးစီးမှူးတွေလည်း တက်ကြပါတယ်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး