အနုပညာရှင်တွေလည်း ငြိမ်းချမ်းစေလိုတဲ့ ကချင်ပြည်နယ်


ကျော်ခ | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၀၇ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၃ မိနစ်

ချင်းမိုင် (မဇ္ဈိမ)။        ။ မြန်မာနိုင်ငံ၏ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များက အပစ်ရပ်ရန် အကြိမ်ကြိမ်ဆွေးနွေးပြီး မအောင်မြင်ဘဲ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်
 မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်အတွင်း အစိုးရတပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် KIA တို့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကို ရပ်တန့်ပြီး ငြိမ်းချမ်းစေလိုနေကြသည်။

ခြောက်လခန့်ကြာပြီဖြစ်သည့် နှစ်ဘက်တိုက်ခိုက်မှုများကြားတွင် မိမိတို့၏ ပရိသတ်များဖြစ်သည့်
ဒေသခံပြည်သူများ သုံးသောင်းကျော်မှာ နေရပ်၊ အိုးအိမ်နှင့် လယ်ယာမြေများကို စွန့်ခွာ၍ ထွက်ပြေး တိမ်းရှောင်နေကြရဖြင့်  ယင်းဒုက္ခ များမှ အမြန်ဆုံး ကင်းလွတ်ရန် ငြိမ်းချမ်းရေး အမြန်ရစေလိုကြောင်း ရုပ်ရှင်သရုပ်ဆောင်များနှင့် အဆိုတော်များက မဇ္ဈိမက မေးမြန်းမှုတွင် ဖြေဆိုကြသည်။

မိုင် - အဆိုတော်

“ဒီသတင်းတွေကြားနေရတာကိုက ဘယ်စိတ်ကောင်းပါ့မလဲ။ အန်တီတို့က အနုပညာသမားဆိုတော့ ဟိုးအရင် ကတည်းက မြစ်ကြီးနားတို့ တနိုင်းဘက်တို့မှာ သီချင်းသွားဆိုကြတယ်။ အဲဒီတုန်းကတော့
အေးအေးချမ်းချမ်းပဲလေ။ အခုအချိန်ကြတော့ စစ်တွေဖြစ်နေကြတော့ မအေးချမ်းတော့ဘူးပေါ့။”

“နယ်မြေမအေးချမ်းတော့ ပြည်သူ၊ ပြည်သားတွေကလည်း မအေးချမ်းတော့ဘူး။ စိတ်ဆင်းရဲကြတယ်။ ဒုက္ခတွေ ရောက်ကြရတာပေါ့။ အဲဒီဘက်မှာလဲ အန်တီတို့၊ သမီးရတနာမိုင်တို့ရဲ့ ပရိသတ်တွေက အများကြီးရှိတယ်လေ။ ဒီအနေအထားမှာ သွားပြီးတော့ ဖြေဖျော်ဖို့ဆိုတာလည်း ခက်ခဲသွားတာပေါ့။”

“အဲဒီလို ပဋိပက္ခတွေကြားရောက်နေတဲ့ သူတို့ (ကချင်း စစ်ပြေးဒုက္ခသည်များ) အတွက် စိတ်မကောင်း
ဖြစ်ရတယ်။ ဒါကြောင့်အရင်တုန်းကလို အေးချမ်းတဲ့ နေရာလေးဖြစ်အောင် နှစ်ဘက်စလုံးက ညှိညှိနှိုင်းနှိုင်းနဲ့
ပြည်သူတွေ အကျိုးငဲ့ပြီး လုပ်စေချင်ပါတယ်။”

မို့မို့မြင့်အောင် ရုပ်ရှင်သရုပ်ဆောင်

“ပရိသတ်ဆိုတာ၊ မမို့တို့ရဲ့ ထမင်းရှင်တွေပါ။ ဒါကြောင့် မမို့တို့ရဲ့ ထမင်းရှင်တွေ ဘယ်သူမှ ဒုက္ခမရောက်စေချင် ပါဘူး။ ဆရာကြီး ဒဂုံတာရာ ရေးထားတဲ့စာလိုပေါ့။ အားလုံးအေးချမ်းတာ၊ ငြိမ်းချမ်းတာကိုဖြစ်ချင်တာပေါ့နော်။”

“သာမန်လူတွေကတောင် မေတ္တာပို့ကြတာပဲ မမို့တို့လို မင်းသမီးတွေက ပိုပြီးပို့ရတာပေါ့။ ဒါကြောင့် ရှေ့က ဆရာကြီးတွေ ပြောသလိုပေါ့။ အားလုံးငြိမ်းချမ်းတာကောင်းပါတယ်။”

ဦးကျော်သူ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌနှင့် ရုပ်ရှင်သရုပ်ဆောင်

“ကျနော်တို့ကတော့ အားလုံးငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်တာပဲ။ အဲဒါကြောင့် ဒီစစ်ပွဲတွေ ရပ်ပစ်ဖို့အရေးကြီးတယ်။ အားလုံး ငြိမ်းချမ်းမှ တိုင်းပြည်ငြိမ်းချမ်းမှာလေ။ အဲလို စစ်ပွဲတွေ ရှိနေလို့ အခုလို ပြည်သူပြည်သားတွေက မြေဇာပင်ဖြစ်နေတာ။ အဲဒီတော့ အကုန်လုံးဒုက္ခရောက်တယ်။ စီးပွားရေးတွေ ပျက်တယ်။ မိသားစုတွေ ဖရိုဖရဲဖြစ်တယ်။ စားဝတ်နေရေးတွေ ကျပ်တည်းကုန်တယ်။ ကျန်းမာရေးတွေချို့တဲ့ကုန်တယ်။ ဒါကတော့ အမြန်ဆုံးငြိမ်ချမ်းမှုရဖို့ အရေးကြီးတယ်။”

“ဒါကြောင့်အဲဒီ့ စစ်ပြေးဒုက္ခသည်တွေစီကို တခြားသဘာဝဘေးအန္တရယ် ကျရောက်တဲ့နေရာတွေကို သွားလှူသလိုပဲ၊ ကျနော်တို့ တက်နိုင်သလောက် အလှူငွေရှိသလောက်သွားလှူပါတယ်။ အနုပညာရှင်တွေ ထဲကဆို ကိုရဲလွင်တို့၊ ဆောင်းဦးလှိုင်တို့ပါတယ်။ အမရပူရက ပရဟိတအဖွဲ့တဖွဲ့ပါတယ်။ အလှူငွေရှိသလောက်တော့ ကျနော်တို့က ထောက်ပံ့၊ လှူဒါန်းနေဦးမှာပဲ။”

“ကျနော်ကတော့ ငြိမ်းချမ်းမှုပဲလိုချင်တယ်။ လူတဦးချင်းရဲ့ငြိမ်းချမ်းမှု၊ တိုင်းပြည်ငြိမ်းချမ်းမှု ဒါပဲအရေးကြီးတယ် လောကကြီးမှာ။”

ကိုရဲလွင် အဆိုတော်

“ငြိမ်းချမ်းစေချင်တာပေါ့ဗျာ။ ငြိမ်းချမ်းမှပဲ အေးချမ်းမှာကိုး။ အဲဒါကြောင့် ပြည်တွင်းစစ်ရပ်စဲအောင် လုပ်ကြရမယ်။ ရပ်စဲရင်၊ ငြိမ်းချမ်းမှုတွေရမယ်။ ဒါမှလည်း နိုင်ငံတော်အေးချမ်းမယ်။ ဟိုဘက်နိုင်ငံ ဒီဘက်နိုင်ငံ လွတ်လွတ်လပ်လပ် ကူးသန်း သွားလာနိုင်မယ်။”

“ကျနော်တို့လည်း စစ်ပြေးဒုက္ခသည်တွေအတွက် အဝတ်အထည်၊ အစားအသောက်တွေနဲ့ ဆေးဝါးတွေကို ဦးကျော်သူနဲ့ အတူ ထပ်ပြီးလှူဖို့ အစီအစဉ်ရှိပါတယ်။ အခုဆိုရင် ဥပမာဗျာ အဲဒီဘက်မှာတိုက်ပွဲတွေ
ဖြစ်နေတဲ့ အခါကျတော့ ဟိုဘက်နိုင်ငံကလာမယ့် ဆေးဝါးတွေက မလာနိုင်တော့။ ဒီမှာ ဆေးတွေက
ပြတ်နေတယ်လေ။ အဲဒီလိုပြတ်တော့ ဒီကလူတွေလဲပဲ ဒုက္ခသည် ဖြစ်တာပဲ။”

“ဒုက္ခသည်တွေကို အားပေးချင်တယ်။ စိတ်တော့မလျှော့ကြနဲ့ အမှန်တရားအတွက်။ အခက်အခဲရှိတာ မှန်ပေမယ့် စိတ်ဓါတ်မကျဖို့ အရေးကြီးတယ်။ အမှန်တရားအတွက် မျှတဖို့ တရားဥပဒေစိုးမိုးရေးဆိုတာက တကယ်အဓိကကျတဲ့ အပိုင်းဖြစ်တော့ တရားစစ်၊ တရားမှန်ပေါ်ထွက်လာရင် ကင်းငြိမ်းသွားမယ်။ ကျနော်တို့လည်း တတ်နိုင်တဲ့ဘက်က ကူညီနိုင်အောင် ကြိုးစားနေပါတယ်။ လူငယ်တွေကိုလည်း ပူးပေါင်းကူညီကြဖို့တိုက်တွန်းတယ်။”

ဆောင်းဦးလှိုင် အဆိုတော်

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးလုပ်တဲ့ ကျနော်တို့အခုလုပ်မယ့် ခေါင်းစဉ်ကိုက ‘ပြည်ထောင်စု တိုင်းရင်းသား များ ပညာရေးရန်ပုံငွေ၊ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်’ ပေါ့ဗျာ။ ဆိုတော့ ဒီပြည်ထောင်စု တိုင်းရင်းသား ဆိုတဲ့ ခေါင်းစဉ်ကို တပ်ထားတဲ့အတွက် ရန်ကုန်နဲ့အနီးတဝိုက်က
ေ၁ကျာင်းတွေတို့၊ ကလေးတွေကိုလှူမှာမဟုတ်ပဲနဲ့ တိုင်းရင်းသားတွေ ဆိုတော့ ဒီနယ်စပ်ဒေသတွေအတွက် ပိုပြီးတော့ ရည်ရွယ်တယ်ဆိုတာမျိုးပေါ့ ဒီပွဲက။”

“စစ်နဲ့ငြိမ်းချမ်းရေးဆိုရင်တော့ အားလုံးက ငြိမ်းချမ်းရေးကိုပဲ လိုလားကြတာပေါ့။ ငြိမ်းချမ်းဖို့လည်း ကျနော်တို့က ဆုတောင်းသလို ကျနော်တို့ ဒီရေးတဲ့ သီချင်းတွေ၊ စကားပြောခွင့်ရတဲ့အခါတွေမှာလည်း တိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေ အမြန်ဆုံး ချုပ်ငြိမ်း ပြီးတော့ အမြန်ဆုံးငြိမ်းချမ်းရေးရပါစေ။ အမြန်ဆုံး တိုးတက်သာယာပါစေဆိုတာ ကျနော်တို့ အမြဲပြောနေသလို ခုနပြောတဲ့ စတိတ်ရှိုးကြီးဟာလည်း ကျနော်တို့နိုင်ငံရဲ့ ကျော်ကြားတဲ့ ခေတ်ပေါ် ဂီတပညာရှင်တွေရဲ့ ၉ဝ ရာခိုင်နှုန်းလောက်၊ ပါဝင်သီဆိုပေးမယ့် ပွဲကြီးပေါ့။”

“ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့နဲ့ တွေ့ဆုံတုန်းက ရေးရမယ့် သီချင်းတွေထဲမှာ တိုင်းရင်းသားတွေ အတွက်ကော။ ငြိမ်းချမ်းရေး အတွက်ကော ရေးကြရမယ်ဆိုပြီးတော့ ညွှန်ကြားထားလို့ ကျနော်တို့ အားလုံးလည်း ရေးကြ တယ်။ သီချင်း ရေးတယ်ဆိုတဲ့ သဘောက ချက်ချင်းအသီးအပွင့် မခံစားရပေမယ့် ငြိမ်းချမ်းရေး အတွက် နှိုးဆော်မှုတွေထဲမှာ ကျနော်တို့လည်း တတတ်တအားပါဝင်ကြတာပေါ့။”

“ကျနော်တို့ဟာ ငြိမ်းချမ်းရေးအတွက် ဆုံးဖြတ်ချက်ချပေးနိုင်တဲ့ လူတွေမဟုတ်ပေမယ့်။ တတ်နိုင်သလောက် လှုံ့ဆော်မှုတွေလုပ်ပြီးတော့ တောင်းဆို မေတ္တာရပ်ခံသွားမှာဖြစ်တယ်။ ကျနော်တို့ အနုပညာသမားတွေဟာ
ပြည်သူပြည်သားတွေ လွတ်လပ်ပြီး၊ တိုးတက်ချမ်းသာနေတာကိုပဲ မြင်ချင်တာဗျ။”

Lလွန်းဝါ အဆိုတော်

“ဒုက္ခသည်တွေအရေးနဲ့ပတ်သက်လို့ ကျနော်တို့ အဆိုတော်တွေ စုပေါင်းပြီးတော့ သွားလုပ်ပေးထားတာတွေ ရှိပါ တယ်။ တတ်နိုင်တဲ့ဘက်က စုပေါင်းပြီးတော့ပေါ့ဗျာ။ ငြိမ်းချမ်းစေချင်တာပေါ့။ ဘက်မလိုက်ဘဲ ပြောရရင်တော့ နှစ်ဘက်လုံးကို အဆင်ပြေငြိမ်းချမ်းစေချင်ပါတယ်။ အားလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြစ်စေချင်ပါတယ်။”

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး