Friday, December 23, 2011

ပြည်ပနေ နိုင်ငံသားများ ဝင်ငွေခွန် ကင်းလွတ်ပြီ

ကိုပေါက် | သောကြာနေ့၊ ဒီဇင်ဘာလ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၂၈ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ ပြည်ပနေနိုင်ငံသားများ အားလုံး ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိပြီ ဖြစ်ကြောင်း
နေပြည်တော် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ၂၁.၁၂.၂၀၁၁ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန် လိုက်သည်။

အဆိုပါ အခွန်ကင်းလွတ်ခြင်းသည် လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ တရက်နေ့မှ စတင်ကာ အကြုံးဝင်ကြောင်း၊ ပုဒ်မ ၅ ၊ပုဒ်မ၇ (ခ) အရ ရရှိသည့် နိုင်ငံခြားငွေအမျိုးအစားနှင့်
ပေးဆောင်ရသောဝင်ငွေခွန်ကို ကင်းလွတ်ခွင့် ပြုခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌါနမှ တာဝန်ရှိသူတဦးက ပြည်ထောင်စု အစိုးရ အဖွဲ့၏ ကြေငြာချက်ကို ရှင်းပြသည်။

“ဟုတ်ပါတယ်။ လစာကို ဘာမှ အခွန်ဆောင်စရာ မလိုတော့ဘူးပေါ့။ ဖြေလျှော့မှုပေးတာပေါ့။ အဓိကကတော့ ကျနော်တို့ သိသလောက်တော့ နိုင်ငံသားတွေဟာ သူတို့ရတဲ့ လစာတွေကို များများပြန်ပို့ဖို့ပေါ့။ flow in ပေါ့ဗျာ” ဟု ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ အစည်းအဝေး အမှတ်စဉ် ၁၈/၂၀၁၁ မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် ဝင်ငွေခွန် ဥပဒေ ပုဒ်မ ၄ တွင် အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍  အမိန့်ကြော်ငြာစာတစောင်ကို ထုတ်ပြန်ခဲ့သေး သည်။

ယင်းမှာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၀၀၆ ခုနှစ် ဇွန် ၅ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၁၂၄/ ၂၀၀၆ ၏ အပိုဒ်၂ အပိုဒ်ခွဲ(ခ)နှင့် အပိုဒ် ၃ တို့တွင် ထုတ်ပြန်ပြဋ္ဌာန်းချက်များအရ ပြည်တွင်းနေ
နိုင်ငံသားနှင့် ပြည်ပနေ နိုင်ငံသားများက နိုင်ငံခြားငွေဖြင့် ရရှိသည့် လစာခေါင်းစဉ်မှ ဝင်ငွေ စုစုပေါင်းအပေါ် ရရှိသသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ဝင်ငွေခွန်ကို နဂို ၁၀ ရာခိုင်နှုန်းမှ
နှစ်ရာခိုင်နှုန်းသို့ လျှော့ပေါ့ သတ်မှတ် ခဲ့သေးသည်။

ယခုမူ ထို နှစ်ရာခိုင်နှုန်းပါ ပေးဆောင်ရန် မလိုတော့သည့် အတွက် ပြည်ပရောက် နိုင်ငံသားများထံမှ
နိုင်ငံခြား ငွေရရှိမှု ပိုမိုများပြားလာတော့မည် ဖြစ်ကြောင်း အဆိုပါအရာရှိက ဆက်လက်၍ “အရင်တုန်းကတော့ အခွန်ဆောင် ရတော့ အခက်အခဲတွေ အများကြီးရှိတယ်လေ။ ခုလို ကင်းလွတ်ခွင့်
ပေးလိုက်တော့ ကျနော် တို့ဆီ နိုင်ငံခြားငွေ များများဝင်လာမှာပေါ့။ အရင်တုန်းက ဟွန်ဒီနဲ့လွှဲတော့ လမ်းကြောင်းက တရားမဝင်ဘူး။ ခုတော့ ဘဏ်ကနေတဆင့် ဝင်လာမှာ” ဟု မဇ္ဈိမကို ပြောဆိုသွားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates