မဇ္ဈိမသတင်းဌာန
ချင်းမိုင် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲတွင် မဲမပေးဘဲနေခြင်းဖြင့် ဖွဲ့စည်းပုံ ဥပဒေသစ်ကို ကန့်ကွက်ကြရန် ရန်ကုန် NLD လူငယ်များ စနေနေ့ မနက်က လှုံ့ဆော်ခဲ့ကြသည်။
တာမွေမြို့နယ်တွင် NLD လူငယ် ၂ဝ က “ မဲမပေးချင်က မပေးဘဲ နေထိုင်ခွင့်ရှိတယ်” ဟု ရေးထားသော လက်ကမ်းစာစောင် ၁,၅ဝဝ ခန့် နံနက်ပိုင်းတွင် နှစ်နာရီကြာ ဖြန့်ဝေခဲ့သည်။
“ပြည်သူတွေအစိုးရ အလိမ်မခံရအောင် မဲမပေးဘဲနေခြင်းဖြင့် ဖွဲ့စည်းပုံ ဥပဒေသစ်ကို ကန့်ကွက်ကြရန် ရန်ကုန် NLD လူငယ်များ လှုံ့ဆော်
လုပ်ရတာ ဖြစ်တယ်။ ပြည်သူတွေကို လိမ်နေတဲ့ အကြောင်း ပြည်သူတွေ သိအောင် ပြောပြခွင့်ရတဲ့အတွက် ကျနော်တို့ ကျေနပ်မိတယ်” ဟု လှုံ့ဆော်ရေး လူငယ်တဦးက မဇ္ဈိမကို ပြောသည်။
နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲ အတွက် ပြန်ကြားရေးဌာနက နိုင်ငံပိုင် မီဒီယာများမှ တဆင့် ဖျော်ဖြေရေးဟန် မဲပေးရေး လှုံ့ဆော်မှုများ အရှိန်မြှင့် ဖော်ပြနေစဉ် NLD က မဲမပေးဘဲ သပိတ်မှောက်ရန် လှုံ့ဆော်မှုကို သိသာစွာ ပြသလာခြင်းလည်း ဖြစ်သည်။
“ကျနော်တို့က ဥပဒေဘောင်တွင်းက လုပ်တာပါ” ဟုလည်း အဖွဲ့ဝင် လူငယ်က ပြောသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၂၂ နှစ်မြောက်နှစ်ပတ်လည်နေ့ တီရှပ်ဝတ်ထားသော လူငယ်တဦး
ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တခြား NLD ခေါင်းဆောင်များ ပုံပါ တီရှပ်ဆင်တူ ဝတ်ထားသော လူငယ်များ၏ ဝေစာတွင် ” ရွေးကောက်ပွဲဥပဒေနှင့် ဆန့်ကျင်တဲ့ မသမာမှုတွေရှိရင် ပြည်သူတွေ ရဲစခန်းကို တိုင်ရမယ်” ဆိုသည့် ဒေါ်အောင်ဆန်းစုကြည် စကားကို ကိုးကားထားသည်။
သို့သော်လည်း လျှို့ဝှက်စွာ မဲပေးခွင့်ရှိခြင်းနှင့် ကြိုတင်မဲကို အတင်းအကြပ် ပေးခိုင်း၍ မရကြောင်း ရှင်းလင်းချက်နှင့်အတူ မဲရေတွက်မှု စောင့်ကြည့်ခွင့်တို့ကိုလည်း လှုံ့ဆော်စာတွင် ဖော်ပြထားသည်။
၂ဝဝ၈ အခြေခံဥပဒေကို သဘောမတူသော ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ NLD က မဲမထည့်ရန် လှုံ့ဆော်နေစဉ် ကြံ့ဖွံ့စသည့် ပါတီ ၃၇ ခုက ဝင်ပြိုင်ကြမည် ဖြစ်သည်။