Monday, November 1, 2010

မွန်ပြည်သစ်ဟောင်းတစု လက်နက်ချ

ကိုဝိုင်း
ချင်းမိုင် (မဇ္ဈိမ) ။       ။ မွန်ပြည်သစ်ပါတီဝင်ဟောင်း လက်နက်ကိုင် အဖွဲ့ငယ်တခုသည် အရှေ့တောင်တိုင်း စစ်ဌာနချုပ်တွင် အင်္ဂါနေ့က လက်နက်ချကြောင်း စစ်အစိုးရက ထုတ်ပြန်သည်။

”မွန်ငြိမ်းချမ်းကာကွယ်ရေးအဖွဲ့” ခေါင်းဆောင် ဦးနိုင်ရှောင်နှင့် အင်အားမဖော်ပြထားသော နောက်လိုက်တစုသည် ” မဲပေးချင်၍ လက်နက်စွန့်သည်” ဟုဆိုကာ ရတခ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းနေလင်းထံ ကာဘိုင်နှင့် အေကေ ၄၇ များပါဝင်သော လက်နက်မျိုးစုံ ခဲယမ်းမီးကျောက်များ အပ်နှံခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသည်။

ဦးနိုင်ရှောင် (အသက် ၇ဝ ကျော်) သည် အပစ်ခတ်ရပ် မွန်ပြည်သစ်ပါတီ၏ စစ်ရေး အကြံပေးဖြစ်ခဲ့ဖူးပြီး ဗိုလ်မှူးကြီး အဆင့်ဖြင့် အဖွဲ့မှ အနားယူခဲ့သည်ဟု ၁၉၇၃ ခုမှစ၍ လက်တွဲဖူးသူ NMSP လက်ရှိ စစ်ရေးအကြံပေး နိုင်ကောင်းရွတ် (ဗိုလ်မှူးကြီး-ငြိမ်း) က ပြောသည်။

ပုံမှန်အားဖြင့် လက်နက်ချ အခမ်းအနားကို အကျယ်တဝင့် ဖော်ပြလေ့ရှိသော်လည်း ယနေ့ သတင်းစာများတွင် အပ်နှံသည့် လက်နက် အရေအတွက်နှင့် လူဦးရေတို့ ဖော်ပြထားသည်ကို မတွေ့ရပေ။

မွန်ပြည်သစ်အဖွဲ့မှ စောင့်ကြည့်လေ့လာသူများက ယခုလက်နက်ချပွဲတွင် ပါဝင်သူများအနက် အမှန်တကယ် လက်နက်ကိုင် ပုန်ကန်မှု လုပ်ခဲ့သူဦးရေမှာ ဆယ်ဂဏန်းသာရှိပြီး ဟန်ပြကောင်းအောင် ရတခက လူစားထိုးခဲ့သည်ဟု ဆိုသည်။

လက်နက်ချအဖွဲ့က တင်ပြသော တပ်ဖွဲ့ဝင်နှင့် မိသားစုဝင်အင်အား ၄၀၀ ကျော်စာရင်းကို စစ်တိုင်းမှူးက အသိအမှတ်မပြုခဲ့ဟု နိုင်ကောင်းရွတ်က ပြောသည်။

လက်နက်ချ မွန်ငြိမ်းချမ်းကာကွယ်ရေး အဖွဲ့ဌာနချုပ်ကို ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်မှ မွန်အများစု နေထိုင်သည့် ခရားကျေးရွာအုပ်စုဝင် ကော့ယက္ခရွာတွင် ချပေးထားကြောင်း ဒေသခံများက ပြောသည်။

မွန်ပြည်သစ်ပါတီက နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝိုင်းဝန်းဆန့်ကျင်ရန် ထုတ်ပြန်အပြီး တပတ်အကြာတွင် လက်နက်ချမှုသတင်းထွက်လာခြင်းဖြစ်သည်။

တိုင်းရင်းသားအခွင့်အရေး “အနည်းအကျဉ်း” မျှသာပါသည့် ၂ဝဝ၈ ခု ဖွဲ့စည်းပုံကို အသက်သွင်းမည့် ရွေးကောက်ပွဲဟုဆိုကာ ဝိုင်းဝန်းဆန့်ကျင်ရန် မွန်ပြည်သစ်ပါတီက တောင်းဆိုထားသည်။

ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှုး ဗိုလ်ချုပ်သက်နိုင်ဝင်း ထံမှ ဆန်၊ ဆီ၊ အိမ်သုံး ပစ္စည်းနှင့် “ဂုဏ်ပြုချီးမြှင့်ငွေ” ကို လက်ခံခဲ့သည့် ဦးနိုင်ရှောင်၏ အဖွဲ့ဌာနချုပ် တည်ရှိရာ ဘားအံ မြို့နယ်ထဲတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ လူမျိုးစုကိုယ်စားလှယ်အဖြစ် တဦးသာ ဝင်ပြိုင်မည်ဖြစ်ပြီး သူ၏ပြိုင်ဖက်များမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီတို့ ဖြစ်သည်။

ဦးနိုင်ရှောင်သည် မွန်ပြည်သစ်ပါတီမှ နှုတ်ထွက်ပြီးနောက် စစ်အစိုးရကို လက်နက်ဖြင့်တိုက်ပွဲဝင် ရန်ဟုဆို၍ ရာမညတပ်ဖွဲ့ကို ထူထောင်ခဲ့သည်။ ယင်းအဖွဲ့ပျက်သွားပြီးနောက် မွန်ပြည်သစ်ပါတီမှ ဆေးခွင့်ဖြင့် အနားယူခဲ့သော ဗိုလ်ချုပ်ဟောင်း နိုင်အောင်နိုင်၏ မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ် ဖွဲ့တွင် ဒုဥက္ကဌဖြစ်လာသည်။ ယခုနှစ် သြဂုတ် တွင် နိုင်အောင်နိုင်ကွယ်လွန်ပြီးနောက် ဥက္ကဌ ဖြစ် လာသည်။ မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့ ကို (၂ဝဝ၈) ခုနှစ်က ဖွဲ့စည်းခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates