Wednesday, November 3, 2010

မဲမပေးရေး ဆော်သြသူများ လုံထိန်းလမ်းပိတ်စောင့်ခံနေရ

ကိုဝိုင်း
ချင်းမိုင် (မဇ္ဈိမ) ။      ။  ရွေးကောက်ပွဲ မဲမပေးရေးလှုံ့ဆော်နေသူများ လုံထိန်းရိုက်မှာ  စိုးနေရသည်။

“အခု ကျနော်တို့ အပြင်ထွက်လို့မရဘူးဖြစ်နေတယ်။  လမ်းတိုင်း ဟိုဘက်ဒီဘက် ထိပ်တွေမှာ သူတို့က အနီပတ်တွေနဲ့” ဟု မြောက်ဥက္ကလာ အမှတ် ၂ ရပ်ကွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများအဖွဲ့မှ ကိုသိန်းအောင်မြင့်က မဇ္ဈိမကို ပြောသည်။

မဲမပေးရေး လက်ကမ်းစာစောင်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်များနှင့် ပါတီဝင်မဟုတ်သော တက်ကြွလှုပ်ရှားသူ များက ရန်ကုန်နေရာအချို့တွင် အရင်ပတ်ကုန်က လိုက်ဖြန့်ခဲ့ပြီးနောက် ရဲက စောင့်ကြည့်လာသည်။

ရဲမဖမ်းသေးသော်လည်း ဟန့်တားသလို ဖြစ်နေသည်ဟု ရန်ကုန်ရှိ မဇ္ဈိမ သတင်းထောက်တဦးက ပြောသည်။

ထို့ပြင် လက်မောင်း အနီပတ်များဖြင့် လုံခြုံရေး အဖွဲ့ဝင်အချို့သည် ၂ဝဝ၇ စက်တင်ဘာ  သံဃာ့ အရေးအခင်းကို ဖြိုခွင်းရာတွင် ပါဝင်ခဲ့သော စွမ်းအားရှင်များ ဖြစ်သည်ဟုလည်း ကိုသိန်းအောင်မြင့်က ပြောသည်။

“ကျနော်တို့ ဆန္ဒပြနေတာ မဟုတ်ဘူး။ မသိတဲ့လူတွေကို အကူအညီပေးတာပါဗျာ” ဟု သူက ပြောသည်။

မဲမပေးပဲ နေခြင်းသည် ဥပဒေ ချိုးဖောက်မှု မဟုတ်ကြောင်းနှင့် မဲထည့်လျှင်လည်း လျှို့ဝှက်မဲပေးခွင့် ရှိရေးနှင့် မဲရုံများ စောင့်ကြည့်ရန် လှုပ်ရှားသူများက တိုက်တွန်းထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates