မဲမပေးရေး လှုံ့ဆော်ကျောင်းသားများ ဖမ်းဆီးမှု ဗကသ ရှုတ်ချ

(သတင်းအကျဉ်း)

နယူးဒေလီ (မဇ္ဈိမ)။      ။ ရွေးကောက်ပွဲ မဲမပေးရေး လှုံ့ဆော်သည့် ကျောင်းသား ၆ ဦး ဖမ်းဆီးမှုကို ကန့်ကွက်ရှုတ်ချကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က ယနေ့ ထုတ်ပြန်ကြေညာသည်။

ယခုလအတွင်း ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူများ မဲမပေးရေး လှုံ့ဆော်စာများကို မြောက်ဥက္ကလာမြို့နယ်မှ ၁၉ နှစ်မှ ၂၄ နှစ်အကြားရှိ တက္ကသိုလ်ကျောင်းသား ၆ ဦးက ဖြန့်ချိခြင်းသည် အခြေခံအခွင့်အရေးများနှင့်အညီ ဖြစ်သောကြောင့် ဖမ်းဆီးမှုကို ဗကသ က ရုတ်ချခြင်း ဖြစ်သည်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေ အခန်း (၁) အပိုဒ် (၃)(ဎ) တွင် ’’ရွေးကောက်မှုဆိုင်ရာ အခွင့်အရေး ဆိုသည်မှာ ရွေးကောက်ပွဲတွင် မဲမပေးနိုင်သော အခွင့်အရေး သို့မဟုတ် မဲပေးခြင်း မပြုဘဲ နေနိုင်သော အခွင့်အရေးကို ဆိုလိုသည်’’ ဟု ပြဋ္ဌာန်းဖော်ပြခဲ့ပြီး၊ မြန်မာနိုင်ငံ အစိုးရကိုယ်တိုင် ပါဝင်လက်မှတ် ရေးထိုးထားသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၁၉) တွင်လည်း ’’လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟဖော်ပြနိုင်ခွင့် ရှိကြောင်း’’ ဖော်ပြထားသည်ဟု ဗကသ ကြေညာချက်တွင် ရေးထားသည်။

ထို့ကြောင့် လူ့အခွင့်အရေးနှင့်အညီ နအဖ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေ၌ ပါရှိသည့် ဥပဒေပုဒ်မများအတိုင်း ၂၀၁၀ ရွေးကောက်ပွဲအား မဲမပေးဘဲနေနိုင်ပြီး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေသည့် ကျောင်းသားများကို မတရား ဖမ်းဆီးချုပ်နှောင်ခြင်းအပေါ် ဗကသ က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။

ကျောင်းသားများကို အမြန်ဆုံး ပြန်လွှတ်ပေးရန်လည်း စစ်အစိုးရကို တောင်းဆိုလိုက်သေးသည်။

ဖမ်းဆီးခံရသည့် ကျောင်းသားစာရင်း


၁။ သာထူးအောင် (ဘ) ဦးခင်မောင်ဦး၊ အသက် ၂၀ နှစ်၊ ဘီအီး နောက်ဆုံးနှစ်၊ ည ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

၂။ ဇင်မင်းထက် (ဘ) ဦးအုန်းခိုင်၊ ဒုတိယနှစ် (သမိုင်း) အဝေးသင်၊ ည ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

၃။ ကျော်သီဟ (ခ) ကျော်ကျော် (ဘ) ဦးညီညီလွင်၊ အသက် ၂၄ နှစ်၊ ၀ိဇ္ဇာ ပထ၀ီ၊ ဋ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

၎။ ဇာနည်လင်း (ခ) လင်းလင်း (ဘ) ဦးခင်ဇော်၊ အသက် ၂၁ နှစ်၊ နည်းပညာတက္ကသိုလ် မှော်ဘီ၊ ဋ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

၅။ ကျော်သူစိုး (ခ) အာနိုး (ဘ) ဦးအေးရွှေ၊ အသက် ၁၉ နှစ်၊ ပထမနှစ် ပထ၀ီ အဝေးသင် ဒဂုံတက္ကသိုလ်၊ ဋ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

၆။ ရဲလင်းဖြိုး (ခ) ကိုဖြိုး (ဘ) ဦးသောင်းမြင့်၊ အသက် ၂၁ နှစ်၊ ပထမနှစ် စီးပွားရေး အဝေးသင် ဒဂုံတက္ကသိုလ်၊ ည ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး