Wednesday, September 29, 2010

ကြံ့ဖွံ့က ကျောက်တော် စည်းရုံးရေးတွင် အခွင့်အရေး ပိုရ

သိန်းဇော်
မီဇိုရမ် (မဇ္ဈိမ)။       ။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ပေါ်နှင့် ဒေသတွင်း ကျေးရွာအချို့ရှိ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ၌ ကြံ့ဖွံ့နှင့် တစည ပါတီတို့ကို ဟောပြောစည်းရုံးခွင့် ပေးခဲ့သော်လည်း၊ ရခိုင်ပါတီ RSNUPM ကိုမူ ဒေသခံ အာဏာပိုင်များက ခွင့်မပြုကြောင်း သိရသည်။



ယခုတပတ်အတွင်း မြို့ပေါ်နှင့် မြို့နယ်တွင်းရှိ ရွာသစ်၊ ဂုတ်ပွီထောင့်ရွာများတွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသားနိုင်ငံရေး အင်အားစု Rakhine State National Unity Party (Myanmar) - RSNUPM က စည်းရုံးရေးဆင်းခဲ့ရာ ကျေးရွာ ရပ်ကွက် အာဏာပိုင်များနှင့် ရဲက ဖိအားပေးသဖြင့် ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်း နေရာများ၌ ဟောပြောခွင့် မရခြင်း ဖြစ်သည်။

’’ကြံ့ခိုင်ရေးနဲ့ တစည ပါတီတွေကတော့ ဘုန်းကြီးကျောင်းတို့၊ စာသင်ကျောင်းတို့မှာ စည်းရုံးရေး လုပ်ခဲ့တာတွေ ရှိတယ်။ ကျနော်တို့ အဲဒီနေရာတွေမှာ လုပ်မယ်ပြောတော့ ဒေသခံ အာဏာပိုင်တွေက လုပ်ခွင့်မပေးဘူး။ အသံချဲ့စက် သုံးခွင့်မရှိဘူး’’ ဟု RSNUPM အထွေထွေအတွင်းရေးမှူးဖြစ်ပြီး ကျောက်တော်မြို့ မဲဆန္ဒနယ်တွင် အမျိုးသားလွှတ်တော်အတွက် အရွေးခံမည့် အမတ်လောင်း ဦးဇော်မြင့်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ဒေသများတွင် ကြံ့ဖွံ့နှင့် တစည ပါတီက ၎င်းတို့ အမတ်လောင်းစာရင်းကို ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ထားစဉ်ကပင် စည်းရုံးခဲ့ပြီးသော်လည်း RSNUPM ကိုမူ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က ယခုလ ၂၂ ရက်နေ့မှစ၍ စည်းရုံးခွင့်ပေးခြင်း ဖြစ်သည်။

ကြံ့ခိုင်ရေးနှင့် တစည ကဲ့သို့ အခွင့်အရေးမျိုး မရကြသဖြင့် RSNUPM စည်းရုံးရေးမှူးများသည် ကျောက်တော်ရှိ ဗီဒီယိုရုံများ၌ ဟောပြောပွဲများ ကျင်းပခဲ့ကြသည်။ ယင်းဟောပြောပွဲများသို့ သွားရောက်လျှင် ဓာတ်ပုံရိုက်မည်ဟု ရဲနှင့် ထောက်လှမ်းရေးက ပြောဆိုသဖြင့် လူအများ မလာရဲဘဲ ဖြစ်ခဲ့သည်။ 

’’ပါတီစည်းရုံးရေုးကို သွားမယ့်သူတွေကို ဓာတ်ပုံရိုက်မယ်ပေါ့။ ရပ်ကွက်လူကြီးတွေကို ရဲက ပြောထားတာတွေ ရှိတယ်။ ရဲတွေ၊ ထောက်လှမ်းရေးတွေကလည်း ဓာတ်ပုံရိုက်တာ၊ အသံဖမ်းထားတာတွေ လုပ်နေတယ်။ ဆိုတော့ လူတွေ မလာရဲကြဘူးဗျာ့။ ကျနော်တို့ မဲဆွယ်စည်းရုံးတာကို အာဏာပိုင်တွေ နှောင့်ယှက်တဲ့ သဘောပဲ’’ ဟု ဦးဇော်မြင့်က ပြောသည်။

နိုဝင်ဘာလ ၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သဖြင့် ရရှိသည့် စည်းရုံးရေးကာလမှာ နည်းပါးကြောင်း RSNUPM က ဆိုသည်။

“စစ်တွေကားလမ်းမကြီးက တဆင့်လွဲလို့ တခြားနေရာတွေကို စက်လှေတွေ၊ မော်တော်ဘုတ်တွေနဲ့ သွားရတဲ့ နေရာတွေပါပဲ။ ပေးထားတဲ့အချိန်နဲ့ လုပ်ရတဲ့အလုပ်က အများကြီး လိုအပ်ချက်တွေ ရှိပါတယ်။ ကျနော်တို့က စည်းရုံးရေးဆင်းတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ကျောက်တော်မြို့နယ်ထဲမှာ ကျေးရွာပေါင်း ၃၁၁ ရှိပါတယ်။ တောင်ပိုင်းမြောက်ပိုင်း သွားရမှာဆိုတော့ အချိန်လောက်ငမှု မရှိဘူး။ တကယ်တမ်း ကျောက်တော်မြို့နယ်ကို စည်းရုံးရေး ပေးရမယ့် ကာလက ၂ လ ၊ ၃ လ ပေးမှသာလျှင် လုံလောက်မှု ရှိနိုင်ပါတယ်။ မိုးတွင်းကာလဆိုတော့ ရေကြီးနေရတဲ့ နေရာတွေ ဆိုလို့ရှိရင် သွားလို့ မရဘူး” ဟု သူက ပြောသည်။

ရခိုင်ပြည် တိုးတက်ရေးပါတီ RNDP သည်လည်း စစ်တွေမြို့နယ် မောင်နီပြင်နှင့် ရေချမ်းပြင် ကျေးရွာများ၌ ယခုလ ၂၇ ရက်နေ့တွင် မဲဆွယ်စည်းရုံးရာ ရဲများက အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

’’ရဲတွေကတော့ အပြင်ကနေ စောင့်ကြည့်နေတယ်။ ပြည်သူတွေ ၁၀၀ လောက်တော့ ရောက်ပါတယ်။ ဒါပေမဲ့ ပါတီစည်းရုံးရေးကို သွားမယ့် လူတွေကို ရဲတွေက စောင့်ကြည့်တာတွေ ရှိတယ်။ ကြီးမားတဲ့ အဟန့်အတားတော့ မရှိဘူးဗျ’’ ဟု RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

ကျောက်တော်မြို့ မဲဆန္ဒနယ်တွင် အမျိုးသားလွှတ်တော်အတွက် ကြံ့ဖွံ့မှ ဦးကျော်ရင်၊ တစညမှ ဦးထွန်းလင်းနှင့် ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ကပ္ပတိန်သာစိန်တို့ ယှဉ်ပြိုင်အရွေးခံမည်ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates