Wednesday, September 29, 2010

မီတာခလျှော့မည်ဟု ဦးဋ္ဌေးမြင့် မဲဆွယ်စည်းရုံး

ဆလိုင်း ဟံသာစန်း

နယူးဒေလီ (မဇ္ဈိမ) ။ ။ မီတာခ တယူနစ်လျှင် ကျပ် ၁ဝဝ သက်သာရန် တနင်္သာရီတိုင်း မြိတ်မြို့ခံများကို စီစဉ်ပေးခြင်းဖြင့် စစ်အစိုးရနှင့်နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင် ဦးဋ္ဌေးမြင့် (ယုဇန ကုမ္ပဏီ) သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဆင်းနေကြောင်း သိရသည်။

မီးစက်မောင်းကာ လျှပ်စစ်ဓာတ်အားပေးသည့် လုပ်ငန်းရှင်များနှင့် မြိတ်မြို့ ခရိုင်ကောင်စီရုံး၌ ယခုလ ၁၅ ရက်နေ့တွင် တွေ့ဆုံကာ ဒေသခံများထံမှ လျှပ်စစ်တယူနစ်လျှင် ၄ဝဝ ကျပ်မှ ၃ဝဝ ကျပ်သို့ လျှော့ယူရန် သူက ဆွေးနွေးညှိုနှိုင်းကာ၊ အပြန်အလှန်အားဖြင့် ပြင်ပပေါက်ဈေး ကျပ် ၁ သိန်း ၄ သောင်းရှိသည့် ဒီဇယ်ဆီတပေပါကို ကျပ် ၁ သိန်း ၂ သောင်းဖြင့် ၎င်းတို့ကို ရောင်းချပေးမည်ဟု သူက သဘောတူညီခဲ့သည်။

“ကျနော်တို့ မြိတ်ကပဲလေ ယုဇန ဦးဋ္ဌေးမြင့်က မီးလင်းရေးအဖွဲ့တွေကို ခယကရုံးမှာ အစည်းအဝေးခေါ်ပြီးတော့ ဈေးလျှော့ပေးဖို့ ပြောတာ။ ဒီစက်တင်ဘာလကနေ စပြီးတော့ ၄ လ ပေါ့နော်။ တယူနစ်ကို ၃ဝဝ ကျပ်ပဲ ပေးရမယ်” ဟု မြိတ်မြို့ရှိ လျှပ်စစ်ရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ဦးဋ္ဌေးမြင့်သည် ၎င်း၏ မွေးဇာတိ မြိတ်မြို့ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်။

မြိတ်တွင် ၂ဝဝ၈ ခုနှစ်မှစ၍ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များက ကိုယ်ထူကိုယ်ထစနစ်ဖြင့် မီးစက်မောင်းကာ လျှပ်စစ်မီး ပေးဝေခဲ့သည်။ လက်ရှိတွင် ကန်ဖျားနှင့် ဆိပ်ငယ် ရပ်ကွက်များတွင် ဘိုးသီးချို၊ တလိုင်းစုရပ်ကွက်တွင် ဦးကျားမောင်နှင့် ထားဝယ်ရပ်ကွက်တွင် ရပ်မိရပ်ဖများက ၂၄ နာရီ မီးပေးလျက်ရှိသည်။

“မီတာခက တလကို ၄ သောင်းကနေ ၈ သောင်းလောက်အထိ ကုန်နေတော့ အခုလို လျှော့ပေးတာက အကုန်ကျ နည်းနည်း သက်သာသွားတာပေါ့။ မဲပေးဖို့တော့ ဘယ်သူ့ကိုပေးမလဲ မစဉ်းစားရသေးဘူး” ဟု ဆိပ်ငယ်ရပ်ကွက်မှ လုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။

မြိတ်မြို့တွင် ကြံ့ဖွံ့နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ တစည သာ အဓိက ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ကြံ့ဖွံ့မှ ပြည်သူ့လွှတ်တော်တွင် ယုဇန ဦးဋ္ဌေးမြင့်၊ အမျိုးသားလွှတ်တော်တွင် ဦးတင်ရှိန်နှင့် ဦးမိုးမြင့်၊ တိုင်းဒေသကြီး လွှတ်တော်တွင် ဦးခင်ဇော်နှင့် ဒေါက်တာ ကျော်ဆန်း၊ လူမျိုးစုလွှတ်တော်တွင် ဦးစောဟာဘီးတို့ ယှဉ်ပြိုင်မည်။

တစညကမူ ပြည်သူ့လွှတ်တော်တွင် ဦးပြည်အေး၊ အမျိုးသားလွှတ်တော်တွင် ဦးဟန်စိုးနှင့် ဦးဟန်တင့်၊ တိုင်းဒေသကြီး လွှတ်တော်တွင် ဦးကံထွန်းနှင့် ဦးမောင်မောင်နိုင်တို့ ဝင်ရောက်မည်။

မြန်မာနိုင်ငံ၌ လက်ချိုးရေတွက်နိုင်သည့် အနည်းငယ်သော လုပ်ငန်းရှင်ကြီးများထဲတွင် ပါဝင်သူ ဦးဋ္ဌေးမြင့်သည်  မြိတ်မြို့ ကန်ဖျားရပ်ကွက်သားဖြစ်ပြီး၊ လက်ရှိတွင် ယုဇန ဆီအုန်းစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ဟိုတယ်၊ ပုဇွန်နှင့် ငါးမွေးမြူရေး လုပ်ငန်းများကို နိုင်ငံတဝှန်း လုပ်ကိုင်နေသည်။ ထို့ပြင် မြန်မာနေရှင်နယ်လိဂ်ရှိ Southern Myanmar ဘောလုံးအသင်း ပိုင်ရှင်လည်း ဖြစ်သည်။

ဦးဋ္ဌေးမြင့်အပြင် အခြား စီးပွားရေးသမားကြီးများဖြစ်သည့် ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်ရွှေက ကွမ်းခြံကုန်း၊ တွံတေး၊ ကော့မှူးမှလည်းကောင်း၊ မြန်မာနိုင်ငံ စက်မှုကုန်သည်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၎င်း၏ ဇာတိမြို့ ရွှေဘိုမှလည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ရန် တာဝန်မှ ရပ်နားခဲ့ကြသည်။

အရပ်ဝတ်လဲ ဝန်ကြီးချုပ် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ဖွံ့ပါတီသည် မြန်မာတနိုင်ငံလုံးရှိ မဲဆန္ဒနယ် ၃၃ဝ တွင် ကိုယ်စားလှယ်လောင်း ၁၁၃၄ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates