Wednesday, September 29, 2010

မြို့တော်ဝန်နှင့် ရင်ဆိုင်မည့် ချင်းအမျိုးသမီး

ဆလိုင်းထွန်း

နယူးဒေလီ (မဇ္ဈိမ) ။      ။ ဒီမိုကရက်တစ်ပါတီမှ ချင်းတိုင်းရင်းသူ ဒေါ်ကမ်းခန့်ဒိမ်းက ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်အတွက် လာမည့်ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ပါတီအမတ်လောင်း ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

၄၂ နှစ်အရွယ် သူမသည် ရန်ကင်းမြို့တွင် နေထိုင်ကာ ဗဟိုတရားရုံးရှေ့နေအဖြစ် သက်မွေးဝမ်းကြောင်းခဲ့သည်မှာ ၁၀ နှစ်ခန့်ရှိပြီး၊ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ မဟုတ်ကြောင်း ဒီမိုကရက်တစ်ပါတီ NDF အဆိုအရ သိရသည်။

“လာမယ့်ရွေးကောက်ပွဲက ပြိုင်ပွဲမဟုတ်ဘူး။ ပြည်သူတွေရဲ့ ဆန္ဒအဆုံးအဖြတ်ကို ခံယူရမှာ။ ဒီမိုကရေစီရေးအတွက် ပြည်သူ့ရဲ့ ဆန္ဒက အဓိကပဲ၊ ဒါကြောင့် အဲဒီမှာ ၀င်ရောက်အရွေးချယ်ခံမှာ ဖြစ်တယ်” ဟု NDF ပါတီ ရန်ကုန်တိုင်းဒေသကြီး စည်းရုံးရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဥာဏစိုးက မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ပြိုင်ပွဲဆိုရင်တော့ တာတိုပြေးမယ်ဆိုရင် ကိုယ်ခန္ဓာထွားကြိုင်းဖို့၊ ခြေလက်တွေ တောင့်တင်းဖို့၊ အားသန်ဖို့ လိုမယ်။ မာရသွန်ပြေးပွဲဆိုရင် သက်လုံကောင်းဖို့ လိုတာပေါ့။ ဒါက ပြိုင်ပွဲမဟုတ်တဲ့အတွက်၊ ပြည်သူရဲ့ အဆုံးအဖြတ်ကို ခံယူမှာ ဖြစ်တဲ့အတွက် ပြည်သူတွေက ကျနော်တို့ ချင်းတိုင်းရင်းသူ အပေါ်မှာရော၊ NDF အပေါ်မှာရော အပြည့်အ၀ ပူးပေါင်းပါဝင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ပြောသည်။

တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် ဒေါ်ကမ်းခန့်ဒိမ်းနှင့် ဦးအောင်သိန်းလင်းအပြင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) မှ ဦးစိန်ထွန်း၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်တင်တင်မြနှင့် တသီးပုဂ္ဂလအဖြစ် ဦးကောင်းမြင့်ထွဋ်တို့  ၅ ဦး ယှဉ်ပြိုင်အရွေးချယ်ခံမည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင်သည့် ချင်းတိုင်းရင်းသား လူဦးရေမှာ သတ်မှတ်ထားသည့် ရာခိုင်နှုန်း မပြည့်မီသဖြင့် ဒေါ်ကမ်းခန့်ဒိမ်းအနေဖြင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် နေရာတွင် ၀င်ရောက်အရွေးခံခွင့် မရရှိခဲ့ကြောင်း NDF အဆိုအရ သိရသည်။

ဒေါ်ကမ်းခန့်ဒိမ်းသည် တောင်ဥက္ကလာပတွင် စည်းရုံးရေးဆင်းနေပြီး၊ ၎င်း၏ ကိုယ်ရေးရာဇ၀င် လက်ကမ်းစာစောင်များ ဖြန့်ဝေသွားရန် စီစဉ်နေပြီဖြစ်သည်။

“ရန်ကုန်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသားအကုန်လုံး စည်းရုံးနိုင်တဲ့ အရည်အချင်းရှိတယ်။ ချင်းအဖွဲ့အစည်းတွေကလည်း အပြည့်အ၀ ထောက်ပံ့ကူညီပေးနေပါတယ်။ မဲရုံကိုယ်စားလှယ်အပြည့် ချင်းတိုင်းရင်းသားတွေကပဲ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီမြို့နယ်တင်မကဘဲ တခြားမြို့ကနေ ပူးပါင်းဆောင်ရွက်ပေးမယ့် အခြေအနေ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသားမဆို ခမောက်ပုံကို မဲပေးရင် ဘယ်မြို့နယ်မှာပဲ မဲပေးပေး၊ သူ့ကို မဲပေးတာနဲ့ အတူတူပါပဲလို့ နှိုးဆော်ထားပါတယ်” ဟု ဒေါက်တာမြတ်ဥာဏစိုးက ပြောသည်။

လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံရပါက မည်သည့်လုပ်ငန်းများ ဦးစားပေး လုပ်ဆောင်သွားမည်နှင့် လက်ရှိ မဲဆွယ်စည်းရုံးရေး အခြေအနေတို့ကို သိရှိနိုင်ရန်အတွက် ဒေါ်ကမ်းခန့်ဒိမ်းထံ ဆက်သွယ်ကြည့်သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။

ရန်ကုန်တိုင်းဒေသကြီးရှိ ၄၄ မြို့နယ်တွင် NDF သည် အမတ်လောင်း ၅၃ ဦးဖြင့် ယှဉ်ပြိုင်မည်ဖြစ်ရာ အမျိုးသား လွှတ်တော်တွင် ၁၀ ဦး၊ ပြည်သူ့လွှတ်တော်တွင် ၃၇ ဦးနှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ၆ ဦး ဖြစ်သည်။ တောင်ဥက္ကလာပတွင်မူ ပြည်သူ့လွှတ်တော်အတွက်သာ ဒေါ်ကမ်းခန့်ဒိမ်း တဦးတည်း အရွေးခံမည်။

တောင်ဥက္ကလာပ လွှတ်တော် ၃ ရပ်လုံးတွင် ကြံ့ဖွံ့က ပြည်သူ့လွှတ်တော်တွင် ဦးအောင်သိန်းလင်း၊ တိုင်းဒေသကြီး လွှတ်တော်တွင် ဦးအောင်ကျော်မိုးနှင့် ဦးမျိုးမင်းအောင်၊ အမျိုးသားလွှတ်တော်တွင် ဒေါက်တာမောင်သင်းတို့ ယှဉ်ပြိုင်မည်။

ယခုလ ၂၇ ရက်နေ့တွင် အဆိုပါ ကြံ့ဖွံ့အမတ်လောင်း ၄ ဦး၏ ကိုယ်ရေးအကျဉ်း လက်ကမ်းစာစောင်များကို တောင်ဥက္ကလာပတွင် ပေးဝေခဲ့ကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates