Wednesday, September 29, 2010

ဆရာတော် ဦးပညာစာရကို ထောင်ဒဏ် ၈ နှစ် ကျော်ချမှတ်

ခိုင်စု

နယူးဒေလီ(မဇ္ဈိမ)။     ။ မာတုကာမနှင့် ဖောက်ပြားသည်ဟု စွပ်စွဲကာ ၂ လခန့်ကြာ လူဝတ်လဲ ဖမ်းဆီးခံနေရသည့် စစ်တွေမြို့မှ ရခိုင်သမိုင်းသုတေသီ ဆရာတော် ဦးပညာစာရကို ခရိုင်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၈ နှစ်နှင့် ၃ လ ချမှတ်လိုက်သည်။


သာသနာတော် ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၂ အရ ထောင်ဒဏ် ၃ လ၊ ၂၉၅ အရ အလုပ်နှင့် ထောင်ဒဏ် ၂ နှစ်၊ ယုံကြည်အပ်နှံမှုကို ဖောက်ဖျက်မှု ပုဒ်မ ၄၀၆ အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံခြားငွေ လဲလှယ်မှု အက်ဥပဒေ ပုဒ်မ ၂၄ (၁) အရ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်၊ စည်ပင် အက်ဥပဒေ ပုဒ်မ ၆၈ (ဂ) အရ ဒဏ်ငွေ ၁၀၀၀၀ ကျပ်၊ မဆောင်ပါက ထောင်ဒဏ် ၆ လ ကျခံရန် ခရိုင် ဒုတိယတရားသူကြီး ဒေါ်ဝါ၀ါထွန်းက ချမှတ်ခြင်း ဖြစ်သည်။

“စုစုပေါင်း ထောင်ဒဏ်အဖြစ် ၈ နှစ်နဲ့ ၃ လ ချလိုက်ပါတယ်” ဟု  ဆရာတော် ဦးပညာစာရ၏ အကျိုးဆောင်ရှေ့နေ ဒေါ်အေးနုစိန်က မဇ္ဈိမကို ပြောသည်။ ပြစ်ဒဏ်ပြင်ဆင်ရန်အတွက် ဆရာတော်၏ သဘောထားအတိုင်း အထက်ရုံး အဆင့်ဆင့်သို့ အယူခံ ၀င်သွားမည်ဟု ဆိုသည်။

ဇူလိုင်လ ၂၇ ရက်နေ့တွင် သက်တော် ၅၇ နှစ်အရွယ် ဆရာတော်ကို စစ်တွေအာဏာပိုင်များက မာတုကာမနှင့် ဖောက်ပြားသည်ဟု စွပ်စွဲချက်ဖြင့် လူဝတ်လဲကာ ဖမ်းဆီးစစ်ဆေးခဲ့သလို၊ သီတင်းသုံးရာ မဟာမုနိဗုဒ္ဒ၀ိဟာရ ကျောင်းတိုက်ကိုပါ ချိတ်ပိတ်ထားခဲ့သည်။ သြဂုတ်လ ၁ဝ ရက်နေ့မှစတင်၍ စစ်တွေခရိုင် တရားရုံးတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ ယနေ့တွင် ပြစ်ဒဏ်ချခြင်း ဖြစ်သည်။

ယနေ့ တရားရုံးသို့ ဒေသခံ ၆၀ ဦးခန့် လာရောက်နားထောင်ခဲ့ကာ၊ စီရင်ချက်ချအပြီး မည်သူနှင့်မျှ အတွေ့မခံဘဲ စစ်တွေထောင်သို့ ဆရာတော်ကို အချုပ်ကားဖြင့် ပို့ဆောင်ခဲ့သည်။

ဆရာတော် ရှာဖွေစုဆောင်းထားသည့် ရခိုင်စာပေ အထောက်အထားများ၊ ရှေးဟောင်း ဒင်္ဂါးများကို အာဏာပိုင်များက သိမ်းယူခဲ့သည့်အပြင် ပြုစုစောင့်ရှောက်ထားသော မိဘမဲ့ကလေး ၁၀၀ ကျော်အနက် ၁၀၀ နီးပါးကို အာဏာပိုင်များက ရခိုင်ပြည်နှင့်ဝေးရာ အရပ်များသို့ ပို့ဆောင်ခဲ့ကြသည်။

ယင်းလုပ်ရပ်နှင့်ပတ်သက်၍ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ကလေးငယ်များ မူလနေရပ်တွင် ပြန်ထားရန်နှင့် ရခိုင်အမွေအနှစ်ကို ရခိုင်ပြည်တွင် ပြန်ထားရန် သြဂုတ်လ ၉ ရက်နေ့တွင် ကြေညာချက်ထုတ် ပြန်ခဲ့သည်။

ထို့ပြင် ယခုလ ၇ ရက်နေ့တွင် စစ်တွေ၊ မင်းပြားနှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ သက်တော် ၀ါတော်ကြီး ဆရာတော် ၁၅ ပါးကလည်း ဆရာတော်ကို ဥပေဒေဘောင်အတွင်းမှ စစ်ဆေးရန် အနောက်ပိုင်းတိုင်း တိုင်းမှူးထံ လက်မှတ်ရေးထိုးကာ စာရေးသား တောင်းဆိုခဲ့သေးသည်။

ယနေ့တွင် ဆရာတော်ကို ထောင်ချလိမ့်မည်ဟု ဒေသခံများက ခန့်မှန်းထားကြောင်းနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခြင်းမှာ အထက်အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် ဖြစ်နိုင်ကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးခိုင်ပြည်စိုးက မဇ္စိမကို ပြောသည်။

“နှစ်ရှည်ထောင်ဒဏ်ချတာက ကြီးသောအမှု ငယ်အောင်၊ ငယ်သောအမှု ပပျောက်အောင် မဟုတ်ဘဲ အမှုကြီးအောင် လုပ်နေသလိုပဲ။ ဘာပဲဖြစ်ဖြစ်။ ခရိုင်ရုံးဖြစ်ဖြစ်၊ ပြည်နယ်ရုံးဖြစ်ဖြစ် လျှော့လျှော့ပေါ့ပေါ့ စဉ်းစားပေးဖို့ လိုအပ်ပါတယ်” ဟု သူက ပြောသည်။

ဆရာတော်သည် ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲဇာတိဖြစ်သော်လည်း မြောက်ပိုင်းမြို့ စစ်တွေတွင် သီတင်းသုံးကာ ပရဟိတလုပ်ငန်း လုပ်ကိုင်နေသည့်အပြင်၊ ရှေးရခိုင်စာပေ သမိုင်းအမွေအနှစ်များ ဖော်ထုတ်ထိန်းသိမ်းနေသူ ဖြစ်သည်။

ယနေ့တွင် စစ်တွေမြို့ပေါ်ရှိ လမ်းဆုံးလမ်းခွများနှင့် ဘုန်းကြီးကျောင်းများ အနီးတ၀ိုက်တွင် လူခြုံရေးများ ချထားကြောင်း ဒေသခံများက ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates