Tuesday, December 11, 2007

ရှမ်းပြည်နှင့် မြို့ကြီးအချို့တွင် ရှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပ

မျိုးကြီး
Tuesday, 11 December 2007 16:58 - မြန်မာစံတော်ချိန်

၂၁ဝ၂ နှစ်ပြည့် ရှမ်းလူမျိုးများ နှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ် မြို့ကြီးများနှင့် အခြားဒေသ အချို့တွင် ကျင်းပနေကြပြီ ဖြစ်သည်။

ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းပြည်နယ်အတွင်းရှိ တောင်ကြီး၊ လားရှိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ မူဆယ် အစရှိသည့် မြို့ကြီးများတွင် ယခုလ ၈ ရက်နေ့က စတင်ကာ ကျင်းပခဲ့သည့်အပြင် ရန်ကုန်တိုင်း သံလျင်တံတား အနီးရှိ တိုင်းရင်းသား ကျေးရွာနှင့် မန္တလေးမြို့ ၂၆ လမ်း ရှမ်း သာရေးနာရေး အသင်းတိုက်နှင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ နမ္မတီးတို့တွင်လည်း နှစ်သစ်ကူး ပွဲတော်များ ကျင်းပကြခြင်း ဖြစ်သည်။

“မူဆယ်မှာကတော့ ၈ ရက်နေ့ကစပြီး လုပ်ကြတာပေါ့။ တရုတ်ပြည်ဘက်ခြမ်း ကျန်ဟောင်မှာ ဒီနေ့ ပွဲလုပ်တယ်။ မူဆယ်၊ နမ့်ခမ်းက ရှမ်း စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ကို ဖိတ်တော့ မနေ့က အဲဒီကို သွားကြတယ်ဓ ဟု မူဆယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။

ဒီဇင်ဘာလ ၉ ရက်နေ့ ည ၁၂ နာရီကျော်သည်နှင့် သက္ကရာဇ် ၂၁ဝ၂ နှစ်သို့ ကူးပြောင်းပြီ ဖြစ်သဖြင့် ယနေ့ကျရောက်သည့် နှစ်ဆန်း ၂ ရက်နေ့တွင် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ အခမ်းအနား တရပ်ကို မူဆယ်တွင် ကျင်းပသွားမည် ဖြစ်သည်။

“ဗဟို ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဒေါက်တာ စိုင်းမောက်ခမ်းရဲ့ သဝဏ်လွှာ ဖတ်ကြားမယ်။ နောက် စာပေနဲ့ ယဉ်ကျေးမှုဆိုင်ရာ နှီးနှောပွဲ သဘောမျိုးတွေ လုပ်မှာပါ” ဟု သူက ဆက်ပြောသည်။

သဝဏ်လွှာထဲတွင် နှစ်သစ်ကူးသည် ရှမ်းမျိုးနွယ် တခုလုံး၏ ယဉ်ကျေးမှု ဖြစ်သည့်အတွက် ဆက်လက် ထိန်းသိမ်း သွားကြရမည်ဟု အလေးထား တိုက်တွန်းထားကာ ရှမ်းလူမျိုးများ အကြားတွင် ပိုမို၍ စည်းလုံးညီညွတ်စွာ နေထိုင်သွားကြရန် တိုက်တွန်းထားသည်။

မူဆယ်တွင် ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲအတွက် လိုအပ်သည့် ရန်ပုံငွေကို အိမ်ခြေ ၅၄ဝဝ ကျော်ထံမှ ကျပ်ငွေ သိန်းပေါင်း ၁၉ဝ နီးပါး ကောက်ခံ ရရှိခဲ့သည်။

ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ဗဟိုဌာနချုပ်ဖြစ်သည့် လွိုင်တိုင်းလျံတွင်လည်း ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ယခင်နှစ်များထက် ပိုမိုစည်ကားစွာ ကျင်းပခဲ့သည်ဟု အမည်မဖော်လိုသူ ရှမ်းအရာရှိ တဦးက ပြောသည်။

ရှမ်းလူမျိုးတို့၏ သက္ကရာဇ်အစကို ယခုအခါ ရွှေလီချိုင့်ဝှမ်း လွင်ပြင်ဟု ခေါ်သော ဒေသတွင် မောရှမ်းဘုရင်များ လက်ထက် ဗုဒ္ဓသာသနာ သက္ကရာဇ် ၄၅ဝ ခုနှစ်မှစတင်၍ မှတ်သား ရေတွက်ခဲ့ခြင်း ဖြစ်ပြီး ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် သက္ကရာဇ် ၂၁ဝ၂ ခုနှစ်၏ နှစ်ဆန်းတရက်နေ့ ကျရောက်ခဲ့ခြင်း ဖြစ်သည်။



ရွှေဝါရောင် ရဟန်းပျိုတပါး ဘင်္ဂလားသို့ ထပ်မံရောက်ရှိ

ငြိမ်းချမ်း
Tuesday, 11 December 2007 16:52 - မြန်မာစံတော်ချိန်

ရွှေဝါရောင် တော်လှန်ရေး၌ ပါဝင်ခဲ့သော ရန်ကုန်တိုင်း ဇာဋိလာရာမ ကျောင်းတိုက်မှ ရခိုင် ရဟန်းပျိုတပါးသည် စစ်အာဏာပိုင်များမှ လိုက်လံ ဖမ်းဆီးနေသဖြင့် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ကော့စ်ဘဇားမြို့သို့ ယခုလ ၅ ရက်နေ့တွင် ရောက်ရှိလာသည်။

ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ် ခြောက်ဝိုင်း ၁၅ ရပ်ကွက်တွင် တည်ရှိသည့် ဇာဋိလာရာမ ကျောင်းတိုက်မှ သက်တော် ၂၅ နှစ်ခန့်ရှိသူ ဦးဇင်း အရှင်ပညာသာမိသည် အာဏာပိုင်များမှ သံဃာတော်များကို ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် အခြားသံဃာအပါး ၂ဝ ကျော်နှင့်အတူ ထွက်ပြေး တိမ်းရှောင်ခဲ့ရာမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

“စစ်တပ်ကြမ်းလာတော့ မိုးရိမ်မြစ်နားမှာ ဦးဇင်းတို့ သံဃာအပါး ၂ဝ ကျော် ၃ ရက် တိမ်းရှောင်နေခဲ့ရတယ်။ အဲဒီနေရာကနေ ကျောင်းကို ပြန်လာတော့ စစ်တပ်က ရောက်လာပြီး ကျောင်းရှေ့မှာ ရှိတဲ့ မဟာဝိဇေယျ သိမ်တော်ထဲမှာ ဦးဇင်းတို့ ၂၂ ပါးပေါ့နော် ဆင့်ခေါ်ပြီး စစ်ဆေးတယ်။ ဓာတ်ပုံ ရိုက်ခံရတယ်။ ဆန္ဒပြတာတွေမှာ ပါဝင်သလား မေးတယ်။ မပါဖို့ ပြောပြီး၊ ပါဝင်ရင် ဖမ်းဆီးခံရမယ်တဲ့။ အဲဒါ အာမခံစကားတွေ အများကြီး ပြောခဲ့ရတယ်” ဟု အရှင် ဦးပညာသာမိက မိန့်ဆိုသည်။

ကျောင်းထိုင်ဆရာတော် ဦးဇာဋိလာကိုမူ စက်တင်ဘာလနှောင်းပိုင်းတွင် အာဏာပိုင်များက ဖမ်းဆီး ခေါ်ဆောင်ခဲ့သလို နောက်ပိုင်းတွင်လည်း ရန်ကုန်တိုင်း အတွင်းရှိ ဘုန်းကြီးကျောင်းတိုက် အချို့ကို စစ်တပ်မှ ဝင်ရောက်စီးနင်းခြင်း၊ ချိတ်ပိတ်ခြင်း၊ သံဃာတော်များကို ဖမ်းဆီးခြင်းနှင့် နေရပ်ရင်းသို့ ပြန်လွှတ်နေသဖြင့် ဘေးအန္တရာယ် စိုးရိမ်ရသဖြင့် ရခိုင်ပြည်နယ်သို့ ထွက်ခွါလာရခြင်း ဖြစ်သည်ဟု ဦးဇင်းက ဆက်လက် မိန့်ကြားသည်။

ကျောက်တော်မြို့ ကျောက်တန်း ကျေးရွာသားဖြစ်သူ အရှင်ပညာသာမိသည် အခြား သံဃာတော်များနှင့်အတူ ရခိုင်ပြည်နယ်သို့ ကုန်းလမ်းမှတဆင့် ကြွချီလာကြပြီး အချို့က နေရပ်ရင်းဖြစ်သည့် ကျောက်ဖြူ၊ ရသေ့တောင်၊ ကျောက်တော်၊ စစ်တွေနှင့် အခြားနယ်များသို့ တိမ်းရှောင်သွားခဲ့ကြသည်။

သူ့အနေဖြင့် မဟာဝိဇေယျ သိမ်တော်တွင် ရိုက်ကူးခဲ့သော ဓာတ်ပုံနှင့်တကွ မောင်တောမြို့ ဘုန်းတော်ကြီး ကျောင်းများတွင် စစ်တပ်က လိုက်လံ စုံစမ်းနေသဖြင့် မောင်တောမြို့နယ် ကင်းချောင်းတွင် ၅ ည ပုန်းအောင်းနေခဲ့ရပြီး လူဝတ်လဲကာ နှစ်နိုင်ငံ နယ်ခြားမြစ် နတ်မြစ်ကို ကျော်ဖြတ်ကာ ဝင်ရောက်ခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။

အလားတူပင် အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ် ရာဇဂြိုလ် စာသင်တိုက်ရှိ အလိုတော်ပြည့် ဓမ္မာစရိယ တက္ကသိုလ်တွင် ပညာသင်ကြားနေရာမှ ရွှေဝါရောင် လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီးနောက် အာဏာပိုင်များ၏ လိုက်လံ ဖမ်းဆီးခံရသဖြင့် ဦးအိန္ဒပညာ (သက်တော် ၂၆ နှစ်) နှင့် ဦးမာဂိန္ဒ (သက်တော် ၂၁ နှစ်) ရဟန်းပျိုနှစ်ပါးသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိခဲ့ကြသည်။



လူ့အခွင့်အရေးနေ့တွင် မတရား ချုပ်နှောင်ခံရသူ ၃၄ ဦး လွှတ်မြောက်ရေး တောင်းဆို

မဇ္ဈိမသတင်းဌာန
Tuesday, 11 December 2007 04:10 - မြန်မာစံတော်ချိန်

အိန္ဒိယနိုင်ငံရှိ Kolkata အကျဉ်းထောင်တွင် အကျဉ်း ချခံထားရသည့် ရခိုင်နှင့် ကရင် မျိုးချစ် တော်လှန်ရေးသမား ၃၄ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့် ပေးရန်အတွက် ဘင်္ဂလားဒေ့ခ်ျ နိုင်ငံရောက် လူ့အခွင့်အရေး လှုပ်ရှားသူများက ဘင်္ဂလားဒေ့ခ်ျနိုင်ငံ၏ မြို့တော် ဒက္ကားရှိ အိန္ဒိယသံရုံး ရှေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မြန်မာစစ်အစိုးရကို တော်လှန်ရန် စီစဉ်နေချိန် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က အိန္ဒိယ မျှော့စစ်ဆင်ရေးအတွင်း အကွက်ဆင် ဖမ်းဆီးခံထားခဲ့ရသည့် မျိုးချစ် ရခိုင်နှင့်ကရင် တိုင်းရင်းသား ၃၄ ဦးတို့၏ အမှုမှာ ကောင်းမွန်စွာ စစ်ဆေးခြင်းကို မရရှိဘဲ လာမည့်နှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ၁၂ နှစ်တင်းတင်း ပြည့်တော့မည် ဖြစ်သောကြောင့် သူတို့ကို လွှတ်ငြိမ်းခွင့် ပေးရေးအတွက် အိန္ဒိယအစိုးရထံ ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်သည်။

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်သော ယနေ့တွင် အိန္ဒိယအစိုးရမှ မတရား ဖမ်းဆီး ချုပ်နှောင်ထားသော ရခိုင်နှင့် ကရင် မျိုးချစ် ၃၄ ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် တောင်းဆိုခဲ့ကြပြီး မြန်မာပြည်တွင်း နအဖ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ အမြန်ဆုံး ရပ်တန့်ပြီး နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး ပြန်လွှတ်ပေးရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဖိအားပေးရန်အတွက် ဒက္ကားရှိ Australia, British, Netherland, USA, Canada, Malaysia, Japan, French, India သံရုံးများသို့ ထုတ်ပြန် ကြေညာချက်များ ပို့ခဲ့ကြပြီး မျိုးချစ် ၃၄ ဦး လွှတ်မြောက်ရေးအတွက် ရည်ရွယ် ရေးသားထားသော စာအုပ်များကို အိန္ဒိယနှင့် အခြားသံရုံးများသို့ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ Kolkata ထောင်တွင် အဖမ်းအဆီးခံ အကျဉ်းသား ၃၄ ဦးတို့မှာ ရခိုင်ပြည် အမျိုးသား ညီညွတ်ရေး ပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး KNU တို့မှ ဖြစ်ကြပြီး ဖမ်းဆီးခြင်း ခံရစဉ်က ၎င်းတို့၏ ခေါင်းဆောင် ၆ ဦးကို အိန္ဒိယ စစ်အရာရှိများက သွေးအေးအေးဖြင့် သတ်ဖြတ်ခဲ့သည်ဟု သက်သေ ထွက်ဆိုချိန်တွင် ထုတ်ဖော် ပြောဆိုခဲ့ကြသည်။

အဆိုပါ မျိုးချစ် ၃၄ ဦးကို လက်နက်မှောင်ခို အရောင်းအဝယ်ပြုမှု၊ နယ်မြေ ကျူးကျော်မှုတို့ဖြင့် အိန္ဒိယအစိုးရက တရားစွဲဆိုပြီး ထောင်သွင်း အကျဉ်းချထားခြင်း ဖြစ်သည်။



ကုလအထွေထွေ အတွင်းရေးမှူးအနေဖြင့် တိကျပြတ်သားသည် ခြေလှမ်းများ စတင်သင့်ပြီ

ဖနီဒါ၊ ကိုဇော်ပြင်း
Monday, 10 December 2007 22:53 - မြန်မာစံတော်ချိန်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဘန်ကီမွန်းအနေဖြင့် မြန်မာ့ ဒီမိုကရေစီ အရေးအတွက် စောင့်ကြည့်ကာ တွန်းအားပေးရုံနှင့် မလုံလောက်တော့ဘဲ ထိရောက် ပြတ်သားသည့် လုပ်ဆောင်မှုများကို စတင်ရန် ထိုင်းနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ယနေ့တွင် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

မြန်မာပြည်၏ ဒီမိုကရေစီအရေး ဖြစ်တည် ပြောင်းလဲမှုများကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အနေဖြင့် စောင့်ကြည့်ကာ တွန်းအားပေးနေရုံဖြင့် မလုံလောက်တော့ဘဲ ထိရောက် ပြတ်သားသည့် မူဝါဒတခုကို ချမှတ်ကာ ကိုင်တွယ် လုပ်ဆောင်သင့်ပြီဟု မြန်မာ့ ဒီမိုကရေစီ အင်အားစုများ စုပေါင်းကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“မြန်မာ့အရေးအတွက် စိတ်မကောင်းရုံ၊ စောင့်ကြည့်ရုံသာ မဟုတ်ဘဲနဲ့ ဗမာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြောင်း သိသွားလို့ရှိရင် ငါတို့ ဘာလုပ်မယ်ဆိုတာတွေ ထိထိရောက်ရောက် တိကျသေချာတဲ့ လုပ်ငန်းတွေလုပ်ဖို့ ကျနော်တို့ ကြွေးကြော် တောင်းဆိုခဲ့ကြတာပါ” လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုကျော်သောင်းက မဇ္ဈိမကို ပြောသည်။

ယနေ့ဆန္ဒပြပွဲကို မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများ၊ အလုပ်သမား ကိုယ်စားလှယ်များ၊ အမျိုးသမီးအဖွဲ့များ၊ ကျောင်းသားအဖွဲ့များ ပါဝင်ပြီး နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် ပြုလုပ်ခြင်း ဖြစ်သည်။

အလားတူ နိုင်ငံတကာရှိ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ထောက်ခံ အားပေးသူများက နအဖ စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကန့်ကွက်ဆန္ဒပြပွဲများ၊ အခမ်းအနားများ ကျင်းပခဲ့ကြသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို မြန်မာနိုင်ငံအနေဖြင့် သဘောတူ လက်မှတ် ထိုးပြီးသော်လည်း မြန်မာ ပြည်သူလူထု အနေဖြင့် ယနေ့တိုင်အောင် အခြေခံ လူ့အခွင့်အရေးများ ဆုံးရှူံးဖြစ်ကြောင်း၊ နအဖ စစ်အစိုးရအနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ချင်းရပ်တန့်ရန် တောင်းဆို ဆန္ဒပြပွဲ တရပ်ကို နယူးဒေလီရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများက ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲတွင် မြန်မာ့ဒီမိုကရေစီ အင်အားစုများက နအဖ စစ်အစိုးရ အနေဖြင့် နိုင်ငံရေး လှုပ်ရှားသူများကို အကြမ်းဖက် နှိမ်နှင်းခြင်းနှင့် အဓမ္မ ဖမ်းဆီးခြင်းများ ချက်ချင်း ရပ်တန့်ရန်နှင့် အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ် ပြည်နယ်၌လည်း မြန်မာ့အရေး လှုပ်ရှားသူများက မီဇိုရမ်ရောက် မြန်မာ ဒုက္ခသည်များနှင့် ရွှေ့ပြောင်း အလုပ်သမားများကို လူ့အခွင့်အရေးဆိုင်ရာ သင်တန်းတရပ် ပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။

အလားတူ စင်ကာပူနှင့် မလေးရှား နိုင်ငံတို့တွင်လည်း ယမန်နေ့က ၅၉ ကြိမ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားများ သီးခြား ပြုလုပ်ခဲ့ကြောင်း သိရသည်။

စင်ကာပူရှိ မြန်မာ့အရေး လှုပ်ရှားသူများက YMCA ခမ်းမတွင် ပန်းချီ၊ ကဗျာနှင့် စာပေ အနုပညာဆိုင်ရာ ပြပွဲများ ပြုလုပ်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အထိန်းသိမ်းခံ နိုင်ငံရေး အကျဉ်းသားများ၏ ဓါတ်ပုံများကိုလည်း ခင်ကျင်း ပြသခဲ့သည်။

မလေးရှားနိုင်ငံ ပီနန်ခရိုင်တွင်လည်း မြန်မာ့အရေး လှုပ်ရှားသူများနှင့် ထောက်ခံ အားပေးသူများက မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် နိုင်ငံရေး အခြေအနေများကို ဝေဖန်သုံးသပ်သည့် ဆွေးနွေးပွဲတရပ်ကို ပြုလုပ် ကျင်းပခဲ့ကြသည်။



လူ့အခွင့်အရေး ဆိတ်သုဉ်းနေဆဲ မြန်မာပြည်

မုံပီး
Monday, 10 December 2007 22:48 - မြန်မာစံတော်ချိန်

နအဖ စစ်အစိုးရက စက်တင်ဘာလ လှုပ်ရှားမှုနောက်ပိုင်း ပုံမှန်အခြေအနေသို့ ရောက်ရှိသွားပြီဟု ဆိုနေသော်လည်း ဖမ်းဆီးမှုများကို ဆက်လက် လုပ်ဆောင် နေသေးသောကြောင့် လုံခြုံရေးအရ ထွက်ပြေး တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များက ထုတ်ဖော် ပြောဆိုလိုက်သည်။

အာဏာပိုင်များ၏ လိုက်လံ ရှာဖွေနေခြင်းကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် ၈၈ မျိုးဆက် ကျောင်းသားများ၏ ဓါတ်ပုံများကို ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ သင်္ဘောဆိပ်အချို့နှင့် နေရာအနှံ့အပြား၌ ကပ်ကာ မြင်လျှင်မြင်ချင်း ဖမ်းဆီးရန် အမိန့် ထုတ်ပြန်ထားကြောင်း ကျောင်းသား သတင်းရပ်ကွက် အဆိုအရ သိရသည်။

“ကျနော်တို့ အချိန်မရွေး တွေ့တဲ့နေရာမှာ အဖမ်းခံရနိုင်တယ် ဆိုတော့ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ရန်ကုန်မြို့က နေရာ တော်တော်များများမှာလည်း ကျနော်တို့ ဓါတ်ပုံတွေကို ကပ်ပြီး လိုက်ရှာနေတယ်လို့ သိရပါတယ်” ဟု ထွက်ပြေးနေဆဲ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုစိုးထွန်းက မဇ္ဈိမကို ပြောသည်။

သြဂုတ်လအတွင်းက နအဖက လောင်စာဆီဈေးကို အဆမတန် မြင့်တင်လိုက်ခြင်း ဆန့်ကျင် ကန့်ကွက်သည့် အနေဖြင့် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ၁၅ ဦးမှာ အာဏာပိုင်များ၏ ဖမ်းဆီး ချုပ်နှောင်ထားခြင်းကို ခံနေရဆဲ ဖြစ်သည်။

“ကျနော်တို့မှာ အခြေခံ လူ့အခွင့်အရေးတွေ ဆိတ်သုဉ်းနေပါတယ်။ ဒီကနေ့ တကမ္ဘာလုံးက လူ့အခွင့်အရေးနေ့ကို ကျင်းပနေကြပေမယ့် ကျနော်တို့မှာ ခုချိန်ထိ အခြေခံ အခွင့်အရေးလေးတွေတောင် မရှိသေးပါဘူး” ဟု ကိုစိုးထွန်းက ဆက်ပြောသည်။

လူ့အခွင့်အရေးနေ့

ယနေ့ ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် ၈၈ မျိုးဆက် ကျောင်းသားများက နအဖ စစ်အာဏာရှင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံတကာ အသိုင်းအဝိုင်းမှ သိရှိနိုင်ရန်အတွက် အမှုဖြစ်စဉ် အသေးစိတ် အချက်အလက်များကို မှတ်သားကာ အဆင်ပြေသည့် နည်းလမ်းဖြင့် ၎င်းတို့ထံ ပေးပို့ကြရန် ပြည်သူများအနေဖြင့် တိုက်တွန်း နှိုးဆော်လိုက်သည်။

နအဖ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို အချိုးဖောက်ခံ ပြည်သူများ အနေဖြင့် ဆက်သွယ် တင်ပြနိုင်ရန်အတွက် hrhittaing@gmail.comThis e-mail address is being protected from spam bots, you need JavaScript enabled to view it ဟူသည့် အီးမေးလ်လိပ်စာ တခုကိုလည်း ၈၈ မျိုးဆက်ကျောင်းသားများက ဖန်တီးထားသည်။

မြန်မာ့နိုင်ငံရေး အကောင်းဖက်ကို ဦးတည်လာရေး အတွက်လည်း နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်များကို အသုံးချကာ နအဖ စစ်အစိုးရကို ဖိအားပေး တိုက်တွန်းရန် အတွက်လည်း ၈၈ မျိုးဆက် ကျောင်းသားများက ထုတ်ပြန် ကြေညာချက်ထုတ်ကာ တိုက်တွန်း နှိုးဆော်ထားသည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကလည်း ၈၈ မျိုးဆက် ကျောင်းသားများ၏ တိုက်တွန်း နှိုးဆော်ချက်နှင့် တူညီစွာ ကျောင်းသားထုများ အနေဖြင့် ကျောင်းသားများ၏ အခွင့်အရေး ချိုးဖောက်ခံရမှုများကို ထုတ်ဖော် တင်ပြနိုင်ရန်အတွက် အီးမေးလ်များ ဖန်တီးကာ တိုင်စာ လက်ခံနေပြီဟု ယနေ့တွင် ကြေညာချက် ထုတ်ပြန်ကာ ပြောဆိုလိုက်သည်။

“ကျနော်တို့ ကျောင်းသားတွေမှာ နေ့စဉ်နဲ့အမျှ အခြေခံ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ ဒါတွေ ချုပ်ငြိမ်းသွားဖို့က ကျနော်တို့ ဆန့်ကျင်သွားကြရမယ်။ ကျနော်တို့ ပြည်တွင်းက ကျောင်းသားတွေရဲ့ စုစည်းညီညွတ်မှုကို အသုံးပြုပြီးတော့ ကျနော်တို့ ချိုးဖောက်ခံရတဲ့ အခွင့်အရေးတွေကို အသေးစိတ်ကအစ တိတိကျကျ ဖော်ထုတ်သွားရမယ်။ ဖော်ထုတ်ပြီးရင် ကျနော်တို့က UNHRC ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို ရောက်အောင် တိုင်ကြားသွားဖို့ လိုပါတယ်” ဟု ပြောသည်။

လူ့အခွင့်အရေးနေ့ အခမ်းအနားနှင့် တောင်းဆိုချက်များ

အာဏာပိုင်များ၏ စောင့်ကြည့်နေကြသည့်ကြားမှ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို လူ့အခွင့်အရေး ကာကွယ် မြှင့်တင်သူများ ကွန်ရက် (HRDP) က ရန်ကုန်မြို့တွင် ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ရန်ကုန်မြို့ရှိ HRDP ခေါင်းဆောင် ဦးမြင့်အေး၏ နေအိမ်တွင် ကျင်းပခြင်းဖြစ်ပြီး လူ့အခွင့်အရေး လုပ်ဆောင်နေသူများ၊ စိတ်ပါဝင်စားသူများနှင့် နအဖ သတင်းပေးများ အပါအဝင် ၉ဝ ကျော် တက်ရောက်လာသည်ဟု ဦးမြင့်အေးက ပြောသည်။

ရန်ကုန်မြို့ရှိ လူ့အခွင့်အရေး ကာကွယ်မြင့်တင်သူများ ကွန်ရက်က မြန်မာပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို အနီးကပ် လေ့လာ စောင့်ကြည့်ပေးမည့် ရုံးခန်းတခုကို ရန်ကုန်မြို့တွင် ဖွင့်လှစ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တောင်းဆိုထားသည်။

“ယူအန်အနေနဲ့ မြန်မာအစိုးရနဲ့ ညှိနှိုင်းကြရန် ကောင်းမယ်။ ကျနော်တို့ ပြည်တွင်းမှာ လူ့အခွင့်အရေး ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်တဲ့ နေရာမှာ ဒါဟာ တွန်းအားလေး တရပ်အဖြစ် လိုတာပေါ့ဗျာ။ အဲဒါလေးရရင် ကျနော်တို့ တွန်းအားလေးတရပ် ဖြစ်မယ်။ အဲဒါလေးကို အရမ်းလိုချင်တယ်။ စိတ်ဆန္ဒ ရှိတယ်။ အဲဒါကြောင့် ကျနော်တို့ တောင်းဆိုတာပါ” ဟု ဦးမြင့်အေးက ဆက်ပြောသည်။



သတ္တမအကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲကျင်းပ

မျိုးကြီး
Monday, 10 December 2007 22:38 - မြန်မာစံတော်ချိန်

သတ္တမအကြိမ်မြောက် တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာပြည်နှင့် နယ်ချင်းဆက်နေသည့် တရုတ်ပြည် ကြယ်ခေါင်မြို့ ယနေ့နံနက် တရုတ်စံတော်ချိန် (၁ဝ) နာရီတွင် ကျင်းပခဲ့သည်။

ယနေ့ နံနက်က ဖွင့်လှစ်သည့် ကုန်စည်ပြပွဲ အခမ်းအနားသို့ ယူနန်ပြည်နယ် ဒုအုပ်ချုပ်ရေးမှူး လျူဖျင် အပါအဝင် ပြည်နယ်ခွဲ အုပ်ချုပ်ရေးမှူးများ၊ ရွေလီနှင့် ကြယ်ခေါင်မြို့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုဝန်ကြီး (ဗမခ) ဦးအောင်ထွန်း၊ နယ်စပ်ကုန်သွယ်ရေး ညွန်ချုပ် ဦးစံပြည့်၊ မူဆယ်ခရိုင် ခယကဥက္ကဌ ဦးကြည်ဝင်းနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ကြယ်ခေါင်မြို့ရှိ နိုင်ငံတကာ ကုန်သွယ်ရေး စင်တာတွင် ပြုလုပ်သော အဆိုပါ ဖွင့်ပွဲ အခမ်းအနားတွင် နအဖ ဒုဝန်ကြီး အောင်ထွန်းနှင့် ယူနန်ပြည်နယ် ဒုအုပ်ချုပ်ရေးမှူး လျူဖျင်တို့က အဖွင့်မိန့်ခွန်းများ ပြောကြားကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း ကိုယ်တိုင်သွားရောက် လေ့လာခဲ့သူ ဒေသခံ တစ်ဦးက မဇ္ဈိမသတင်းဌာနကို ပြောသည်။

ကုန်စည်ပြပွဲတွင် ပြခန်းပေါင်း ၄ဝဝ ခန့် ခင်းကျင်းပြသပြီး မြန်မာပြည်မှ ဟော်တည်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနနှင့် ကုမ္ပဏီ အသင်းအဖွဲ့အစည်း ၂ဝ ကျော်တို့၏ စားသောက်ကုန် ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ လက်မှုပစ္စည်းများ၊ တိုင်းရင်းဆေးဝါးများ၊ ပန်းပွတ်အနုပညာ ပစ္စည်းများ ပါဝင်သည့် ပြခန်း ၆၁ ခန်းကို ပြသခဲ့ပြီး တရုတ်ပြည်မှ လူသုံးကုန်ပစ္စည်း အမျိုးပေါင်း ၁ ထောင်ခန့်ကို ပြခန်း ၃၂၃ ခန်းတွင် ထည့်သွင်း ပြသပြီး ထိုင်းနိုင်ငံက အမျိုးသမီး အဝတ်အထည်များကို ပြသထားသည့် ပြခန်းတခန်း ပါဝင်ကြောင်း သွားရောက် ကြည့်ရှူခဲ့သူ တဦးက ပြောသည်။

ပြခန်း ၁ ခန်းအတွက် တရုတ်ငွေ ရ၅ဝ ယွမ်နှုန်းထား ပေးဆောင်ရပြီး ကုန်စည်ပြပွဲကို ယခုလ ၁ဝ ရက်မှ ၁၄ ရက် အထိ ၄ ရက်ကြာ ပြသမည် ဖြစ်ကြောင်း ရေလုပ်ငန်း အရောင်းပြခန်း ပိုင်ရှင် ၁ ဦးက ပြောသည်။

ကုန်စည်ပြပွဲသို့ ကူမင်းမြို့ရှိ နအဖကောင် စစ်ဝန်နှင့် မြန်မာနိုင်ငံရှိ တရုတ် ကောင်စစ်ဝန်များလည်း တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံ အရောင်းအဝယ် စာချုပ်နှင့် ရင်းနှီးမြုပ်နှံမှု စာချုပ်များကို မနက်ဖြန်တွင် ချုပ်ဆိုကြမည် ဖြစ်ကြောင်း သိရသည်၊၊

တရုတ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို ၂ဝဝ၁ ခုနှစ်မှ စတင်ကာ နှစ်စဉ် ၂ နိုင်ငံ အလှည့်ကျ ကျင်းပခဲ့ခြင်း ဖြစ်သည်။



နအဖ တပ်များ ကရင်နယ်မြေအတွင်း ထိုးစစ်ဆင်မှု ပိုမိုလုပ်ဆောင်လာ

သန်းထိုက်ဦး
Monday, 10 December 2007 22:32 - မြန်မာစံတော်ချိန်

ကရင်အမျိုးသား အစည်းအရုံး KNU ၏ တပ်ဖြစ်သော KNLA တပ်မဟာများ အခြေချရာ စစ်ဒေသများ၌ နအဖတပ်များက ထိုးစစ်ဆင်မှုများ ပိုမို ပြုလုပ်လာနေကြောင်း သိရသည်။

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နှင့် တောင်ငူခရိုင်တို့တွင် အခြေချထားသည့် ကေအန်ယူတပ်များကို နအဖတပ်များက လွန်ခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးအပတ်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်။

ယခုလို နအဖ တပ်များမှ ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းမှာ ၎င်းတို့ ရေးဆွဲနေသည့် လမ်းပြမြေပုံအရ စစ်အာဏာရှင်စနစ် တည်မြဲစေရေးအတွက် ကေအန်ယူတပ်များ အဓိက တပ်စိုက်ရာ နယ်မြေများကို ရှင်းလင်းလာခြင်း ဖြစ်နိုင်ကြောင်း ကေအန်ယူ (ဗဟို) သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗဒို စောလှငွေက မဇ္ဈိမကို ပြောသည်။

“သူတို့ရဲ့ (နအဖ) လမ်းပြမြေပုံအတိုင်း သူတို့စစ်အာဏာရှင် တရားဝင် တည်မြဲဖို့အတွက် သူတို့လုပ်တဲ့ နေရာမှာတော့ လူတကာတွေ အကုန်လုံးကို မြင်သိအောင် သူတို့ (နအဖ) က ရှင်းထုတ်မှာပဲလေ” ဟု ပြောသည်။

နအဖစစ်တပ်က အောက်တိုဘာလမှ စတင်ကာ သထုံခရိုင်ရှိ KNLA တပ်မဟာ (၁) စစ်ဒေသ၊ တောင်ငူခရိုင်ရှိ KNLA တပ်မဟာ (၂) စစ်ဒေသ၊ ညောင်လေးပင်ခရိုင် KNA တပ်မဟာ (၃) စစ်ဒေသ၊ တနင်္သာရီတိုင်း၊ KNLA တပ်မဟာ (၄) စစ်ဒေသနှင့် ဖာပွန်ခရိုင်ရှိ KNLA တပ်မဟာ (၅) စစ်ဒေသ၊ ကရင်ပြည်နယ် ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူဒေသ၊ ကေအန်ယူ ဒူးပလာယာခရိုင် KNLA တပ်မဟာ ၆ စစ်ဒေသတို့နှင့် ဖားအံ ခရိုင်ရှိ KNLA တပ်မဟာ (၇) စစ်ဒေသတို့တွင် ရှိရင်းစွဲ နအဖတပ်ရင်းများတွင် စကခ တပ်ရင်းအများအပြားကို အားဖြည့်ကာ ထိုးစစ်ဆင်လာခြင်း ဖြစ်ကြောင်း KNU ၏ ယနေ့ထုတ် ထုတ်ပြန်ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။

“အခုရောက်လာတဲ့ နအဖတပ်တွေက နယ်မြေစိုးမိုးရေးတပ်၊ နယ်မြေ ထိန်းသိမ်းရေးတပ်မျိုး မဟုတ်ဘူး။ ဥမမာအားဖြင့် ရွှေကျင်တို့၊ ညောင်လေးပင်တို့၊ မုန်း ကားလမ်းတို့ပေါ်မှာ ရိက္ခာတွေ တင်လာတဲ့ ကားတွေ၊ ပေါ်တာတွေကို ပြည်သူတွေက တွေ့ကြတယ်။ ဒါမျိုးတွေက စစ်ဆင်ရေးတွေ လုပ်ဖို့ လက္ခဏာတွေ ဖြစ်တယ်ဆိုတာ တွေ့ရတယ်” ဟု ဗဒို စောလှငွေက ပြောသည်။

ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေး လုပ်ဆောင်လာသည့် နအဖ စစ်တပ်များသည် ဒေသခံ တိုင်းရင်းသားအပေါ် မတရားညှဉ်းဆဲ သတ်ဖြတ်ခြင်း၊ ငွေ မပေးဘဲ ခိုင်းစေခြင်း၊ ဒေသခံများ၏ ငွေကြေးနှင့် ပိုင်ဆိုင်သည့် ပစ္စည်းများကို လုယူခြင်း၊ နေအိမ်များကို ဖျက်ဆီး မီးရှို့ခြင်း စသည့် လူမဆန်သည့် ညှဉ်းဆဲ နှိပ်စက်မှုများကို ပြုလုပ်လျှက် ရှိနေသဖြင့် ကရင်လူမျိုး ထောင်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင် နေရသည်ဟုလည်း ထုတ်ပြန်ကြေညာချက်တွင် ရေးသား ဖော်ပြထားသည်။

နအဖက မြန်မာပြည်၏ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမည်ဟု ဆိုထားသော်လည်း ယခုလို ကရင်ပြည်နယ်အတွင်း လူမျိုးပြုန်း စစ်ဆင်မှုကြီးကို လုပ်ဆောင်လာသဖြင့် အပြောနဲ့ အလုပ် ဖီလာဆန့်ကျင် ဖြစ်နေသည်ကို ပြည်တွင်းပြည်ပရှိ အတိုက်အခံများ အနေဖြင့် ဝိုင်းဝန်းကန့်ကွက် ရှုံ့ချကြရန်လည်း ထုတ်ပြန်ကြေညာချက်တွင် တောင်းဆိုထားသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates