Thursday, September 20, 2007

လူ့အခွင့်အရေးသမားတွေကို နအဖ မတရား ဖမ်းဆီး ဟု HRDP က ပြော

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၈ ရက်၊ ၂ဝဝ၇ ခုနှစ်။

လူ့အခွင့်အရေး ကာကွယ်ရေးနှင့် မြှင့်တင်ရေး အဖွဲ့ဝင်များကို နအဖ စစ်အစိုးရမှ မတရား ဖမ်းဆီး နှိမ်နင်းနေသည်ဟု HRDP မှ တာဝန်ရှိသူ တဦးက ယနေ့ ပြောဆိုလိုက်သည်။

ယခုလ 15 ရက်နေ့က မကွေးတိုင်း ပြည်မြို့မှ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုသက်ဦး၊ ကိုဇော်ထွန်းနှင့် သံဃာတော် တပါးကို ဖမ်းဆီးမှုနှင့် အတည်မပြုနိုင်သေးသည့် သတင်းအရ တောင်ကြီးမြို့မှ ကိုကျာ်စိုးကို ဖမ်းဆီး ထိန်းသိမ်းခြင်း အပါအဝင် ယခုအချိန်ထိ HRDP အဖွဲ့ဝင် ၁၁ ဦးကို အာဏာပိုင်များမှ ဖမ်းဆီး ထိန်းသိမ်း ထားသည့်အပေါ် HRDP မှ ကိုမောင်မောင်လေးက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ဖိအားပေးတာတို့၊ သတိပေးတာတို့တော့ မရှိပါဘူး။ ဒါပေမဲ့ သူတို့ ခေါ်ချင်တဲ့အခါ၊ ဖမ်းချင်တဲ့ အခါ ဒီလိုပဲ ပျောက်ပျောက် သွားတာပဲ။ သူတို့ (အာဏာပိုင်များ) က လူ့အခွင့်အရေးကို လက်မခံဘူးပေါ့ဗျာ” ဟု သူက မဇ္ဈိမကို ပြောသည်။

လူ့အခွင့်အရေး ကိစ္စများသည် အစိုးရ၏ တာဝန်တရပ် ဖြစ်သောကြောင့် သူတို့၏ လှုပ်ရှားမှုများသည် အစိုးရကို ကူညီရာ ရောက်သည်ဟု သူက ဆက်ပြောသည်။

စစ်အစိုးရမှ လူ့အခွင့်အရေး လှုပ်ရှားသူ HRDP မှ ကိုမြင့်နိုင်၊ ကိုကျော်လွင်၊ ဦးလှရှိန်၊ ဦးမြစိန်၊ ဦးဝင်းနှင့် ဦးမြင့်တို့ကို နိုင်ငံတော် မတည်မငြိမ် ဖြစ်စေရန် ပြုလုပ်မှုများ အပါအဝင် ပုဒ်မ ၅ဝ၅ အရ (ခ၊ ဂ) တို့ဖြင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့က ထောင်ဒဏ် ၄ နှစ်မှ ၈ နှစ် အထိ ချမှတ်ခဲ့ပြီး၊ ကိုမင်းမင်း ကိုမူ ပုဒ်မ ၂၃ အရ တရားမဝင် ကျူရှင်ပြမှုဖြင့် ဇူလိုင်လ ၃ဝ ရက်နေ့က ထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေ ၃ သောင်း ချမှတ်ခဲ့သည်။

သည့်အပြင် ရန်ကုန်အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားမှု ခေါင်းဆောင်တဦး ဖြစ်သူ ဦးမြင့်အေးကိုလည်း သြဂုတ်လ ၂၄ ရက်နေ့က အကြောင်းပြချက် မရှိဘဲ ၇ ကြိမ်မြောက် ခေါ်ယူ ဖမ်းဆီး လာခဲ့ရာတွင် ယခုထိ ပြန်မလွှတ်ပေးသေးကြောင်း မိသားစုဝင်များမှ တဆင့် သိရသည်။

HRDP အဖွဲ့ဝင်များသည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကျေညာစာတမ်းတွင် ရေးဆွဲထားသည့် လူ့အခွင့်အရေး ဆိုင်ရာ ပြဋ္ဌာန်းချက်များကို အများပြည်သူ သိရှိ နားလည်စေရန် အတွက် လိုက်လံ ဟောပြော ရှင်းလင်းမှုများ ပြုလုပ် လာခဲ့သော်လည်း စစ်အာဏာပိုင်များမှ လှုပ်ရှားမှုများကို ဟန့်တားသည့် အနေဖြင့် ယခုလို ဖမ်းဆီးမှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

“လူတိုင်းက သိချင်တဲ့ အချက်တွေပဲ။ ပြီးတော့ နိုင်ငံတကာ လူ့အခွင့်အရေး စာတမ်းမှာလည်း ခေတ်အဆက်ဆက် ဗမာအစိုးရက လက်မှတ် ရေးထိုးထားတာပဲ။ လူ့အခွင့်အရေး ပဋိညာဉ် စာတမ်းအပိုဒ် ၅၅-၅၆ အရ အစိုးရဘက်ကလည်း ဒါကို အသိအမှတ် ပြုစေချင်ပါတယ်” ဟု ပြောသည်။

ဖမ်းဆီး နှိပ်ကွပ်မှုများ ဖြစ်ပေါ်နေသော်လည်း မိမိတို့အနေဖြင့် လူ့အခွင့်အရေး အသိပညာ ပေးရေးနှင့် မြှင့်တင်မှုများကို တနိုင်ငံလုံး ပြန့််နှံ့နေစေရန်အတွက် ဆက်လက် လုပ်ဆောင် သွားမည်ဟု ကိုမောင်မောင်လေး က ပြောဆိုသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates