Thursday, September 20, 2007

ဒေါ်နော်အုံးလှ ကျိုက္ကဆံ စစ်ကြောရေးမှ ပြန်လည် လွတ်မြောက်လာခဲ့

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာ ၂ဝ၊ ၂ဝဝ၇ ခုနှစ်။

အာဏာပိုင်များ ဖမ်းဆီးသွားတဲ့ ဒေါ်နော်အုံးလှအား ကျိုက္ကဆံကွင်း၊ စစ်ကြောရေး စခန်းတွင် ခေတ္တ ထိမ်းသိမ်းပြီး ၃ နာရီအကြာတွင် ပြန်လည် လွတ်လာခဲ့ကြောင်း သိရသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အဂါနေ့ အပတ်စဉ် ဝတ်ပြု ဆုတောင်းပွဲ ဦးဆောင်သူ ဒေါ်နော်အုံးလှအား ယမန်နေ့ နေ့ လည် ၁၂း၃ဝ နာရီတွင် ဘုရားတက် ဆုတောင်း ဝတ်ပြုရန် အသွား၊ စမ်းချောင်းမြို့နယ် တရားရုံးရှေ့ အရောက်တွင် လူ ၆ ခန့်က အသင့်ပါလာသော ဒိုင်နာကား တစီးပေါ်သို့  ဆွဲခေါ် တင်သွားပြီးနောက် ကျိုက္ကဆံ စစ်ကြောရေးစ ခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရသည်။

“ဘုရားသွားမလို့ အိမ်ကနေ ကျမနဲ့ ဒေါ်ထက်ထက်ဦးဝေ ရှမ်းလမ်းထိပ်က ဘတ်စ်ကား မှတ်တိုင် အသွားမှာ ယောကျား ၆ ယောက်က အတင်း ကားပေါ်ဆွဲခေါ် တင်သွားတာ ကျမလည်း အော်တယ်၊ ယောကျားတွေ များတော့ ကျမလည်း မရုန်းနိုင်ဘူး၊ ကားပေါ်ရောက်တော့ တယောက်က ကျမ မတ်တပ် မရပ်နိုင်အောင် ဖိထားတယ်၊ ကျန်တဲ့လူတွေက လက်တွေကို အတင်းဆွဲထားတယ်၊ သူတို့ က လက်အုပ်ချီပြီးတော့ အထက်က လူကြီးတွေ ခိုင်းလို့ လုပ်ရတာပါ ဆိုပြီး ကန်တော့ကန်တော့ လုပ်တယ်” ဟုဒေါ်နော်အုံးလှမှ မဇ္ဈိမကိုပြောသည်။

ယခုလို ဒေါ်နော်အုံးလှနှင့် အဖော်အား၊ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားသူများမှာ အရပ်ဝတ်ရဲများ ဖြစ်ပြီး၊ ဖမ်းမိန့် ပေးသူမှာ စမ်းချောင်း မယက ဥက္ကဌဖြစ်သူ ဦးကျော်သန်း ဖြစ်ကြောင်း၊ ၎င်းတို့ အုပ်စုက နံနက် ၁ဝ နာရီမှ စတင်ကာ အိမ်ရှေ့တွင် ကားရပ်ပြီး စောင့်ကြည့်နေခဲ့သည်။

ကျိုက္ကဆံ၊ စစ်ကြောရေး စခန်းအရောက်တွင် ဒေါ်ထက်ထက်ဦးဝေ အား အာဏာပိုင်များက စစ်ဆေး မေးမြန်းခဲ့သော်လည်း၊ ဒေါ်နော်အုံးလှမှာ စစ်ဆေးမေးမြန်းရန် လာရောက် ခေါ်ယူခြင်းကို မလိုက်ဘဲ ငြင်းဆန်လိုက်ကြောင်း ယခုလို ပြောဆိုခဲ့သည်။

“အန်တီက သူတို့ကို ပြောတယ်၊ ဖမ်းတုန်းက အိမ်မှာတော့ မဖမ်းဘဲ၊ လမ်းထိပ်မှာ လာဖမ်းတယ်၊ မတရား လာဖမ်းတာ ဖြစ်တဲ့အတွက် မလိုက်နိုင်ဘူး ဆိုပြီးတော့ ပြောတယ်၊ အဲဒါနဲ့ သူတို့ ကျမကို ဘာမှ မမေးတော့ဘူး” ဟုပြောသည်။

၎င်းတို့  ၂ ဦးအား ကျိုက္ကဆံတွင် ထိမ်းသိမ်းပြီးနောက် အရပ်ဝတ် ရဲမေ ၅ ဦးနှင့်အတူ ရွှေတိဂုံ ဘုရားသို့ လိုက်ပါ ပို့ဆောင်မည်ဟု ဆိုကာ ဘုရားရင်ပြင်အထိ လိုက်လံ စောင့်ကြည့်ခဲ့ကြောင်း သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates