Thursday, September 20, 2007

စစ်တွေမြို့မှာ မနေ့က ဘာဖြစ်ခဲ့သလဲ (အသေးစိတ် ဆက်သွယ် မေးမြန်းချက်)

အင်တာဗျူး
မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၁၉ ရက်၊ ၂၀၀၇ ခုနှစ်။

မျက်မြင်သက်သေ တဦး၏ ပြောပြချက်

“သံဃာတော်တွေ ချီတက်လာတော့ ပုသိမ်ဈေးကနေပြီး ရုတ်ရုတ်သဲသဲ ဖြစ်သွားတယ်ပေါ့နော်။ ကားသမားတွေလည်း ပြေး၊ ထော်လာဂျီတွေလည်း အကုန်လုံး ထွတ်ပြေးရတာပဲ။ မော်တော်တွေလည်း အကုန်လုံး ထွက်ပြေး ကြရတယ်။ ဘုန်းကြီးတွေက ကမ်းနားလမ်းကနေ တက်လာတယ်။ လမ်းမကြီးအတိုင်း ပြန်တက်သွားတယ်။ သင်္ဘောဆိပ် ဘုတ်သဲရွာ ရှိတယ်။ အဲဒီမှာတုန်းက အင်အားက ၂၅ဝ ကျော် ၃ဝဝ လောက်ရှိတယ်။ မြစ်မကြီး လမ်းအတိုင်း တက်လာတယ်။ ဘုရားကြီးဘက်ကနေ ဆင်းလာတဲ့ အုပ်စုက ရှိတယ်။ အကုန်လုံး ဘုန်းကြီးတွေပါပဲ။ အင်အားက ၅ဝဝ လောက် ဖြစ်သွားတယ်။ ၅ဝဝ နီးပါးက မိန်းလမ်းမကြီး အတိုင်း တက်သွားတယ်။”

“တခြားအဖွဲ့နဲ့ ကြံ့ခိုင်ရေး ရုံးကနေပြီးတော့ ပ ဝ တ ရုံးရှေ့မှာ သွားစုံကြတယ်။ ပြီးတော့ လူစုခွဲမယ် ဆိုပြီး မီးသတ်ကနေ ပြီးတော့ ရေနဲ့ ပက်မယ် လုပ်လာတယ်။ ဘုန်းကြီးတွေက ပြောတယ် “မင်းတို့ ... ငါတို့ကို ရေနဲ့ မပက်နဲ့။ ပက်ရင် ခဲနဲ့ ထုမယ်” လို့ ပြောတယ်။ အဲလို ဖြစ်နေတဲ့ အချိန်မှာ မျက်ရည်ယိုဗုံး ၁ဝ ချက် ထွက်လာတယ်။”

“ဒါပေမဲ့ ဘုန်းကြီးတွေက လူစုမခွဲဘူး။ ဆက်ပြီး ပြန်တက်တယ်။ နေရူး လမ်းအတိုင်း ပြန်တက်တယ်။ အဲဒီ လမ်းပေါ်မှာ ရှိတဲ့ ရဲလုံထိန်းပေါ့နော်။ ဘုန်းကြီးတွေကို လူစုခွဲမယ်ပေါ့။ ရိုက်ဖို့ လုပ်လာတယ်။ နောက်က ရပ်ကြည့်နေတဲ့ လူတွေက မကျေနပ်ဘူးပေါ့။ အဲဒီ လူတွေက ဝင်ပါလာတယ်။ နောက်ကနေပြီး ရိုက်ကြတယ်။ ဘုန်းကြီးတွေကို ထိတော့ မခံနိုင်ဘူးပေါ့။ ဝင်ပြီး ရိုက်ကြတယ်။ အဲဒီကနေပြီး ပြန်ကွေ့လာတယ် ဘုန်းကြီးတွေက အရမ်း ပင်ပမ်းနေတဲ့ ဘုန်းကြီးတွေ ရှိတယ်၊ ပင်ပမ်းနေတဲ့ ဘုန်းကြီးတွေကို ဆိုက်ကားသမားတွေက တင်ကြတယ်။ ၄ ယောက် ဖြစ်ဖြစ်ပေါ့ အကုန်လုံး တင်ကြတယ်။”

“စစ်တွေမြို့ကို ပြန်ပြီး နောက်တပတ် ပတ်ကြတယ်။ ဘုန်းကြီးအပါး ၂ဝဝ လောက်ပဲ ကျန်တော့တယ်။ နောက်ကလိုက်တဲ့ လူတွေက ၅ဝဝဝဝ (ငါးသောင်း) လောက် ပါလာတယ်။ လူတွေက အနောက်ကနေ အားလုံး လိုက်ကြတယ်လေ။ ဘုန်းကြီးတွေကို တခုခုလုပ်ရင် ကာကွယ်ပေးဖို့။ အာဏာပိုင်တွေဘက်က “မင်းတို့ ဘာလိုချင်လဲ” မေးတယ် ။ ဘုန်းကြီးတွေက ကုန်းဈေးနှုန်းတွေနဲ့ ပတ်သက်ပြီး အချက် ၄ ချက် တောင်းဆိုတယ်။ အဲဒီအချိန်မှာ မျက်ရည်ယိုဗုံး ၇ လုံးက ထွက်လာတယ်။ နားလည်တဲ့ လူတွေက ကြံ့ခိုင်ရေးရုံးကို ဗုံးနှစ်လုံးကို ကောက်ပြီး ပြန်ထည့်လိုက်တယ်။ မြို့တော် ခန်းမထဲကို တလုံး ရောက်သွားတယ်။ ၄ လုံးက ပေါက်တယ်။ တော်တော်လေး ပြင်းတယ်။ မျက်နှာတွေက အကုန်လုံးပဲ စပ်ပြီးတော့ ထူသွားတယ်။ မိန်းမတွေ ဆိုရင် မူးပြီး လဲသွားတယ်။ နောက်ပြီးတော့ လူစု ကွဲသွားကြတယ်။ ထွက်ပြေးကြတယ်။”

“အခုဆိုရင် အဲဒီရုံးထဲမှာ မရှိပါဘူးဆိုရင် ဖိနပ်တွေ၊ ထီးတွေ၊ ဆိုက်ကားတွေ၊ စက်ဘီးတွေ အစီး ၂ဝဝ ကျော်လောက် ရှိမယ်။ အဲဒီရုံးထဲမှာ တောင်လို ပုံထားတယ်။ ပထမ ဝင်သွားတဲ့ ၄ ပါးက အဖမ်းခံရတယ်။ နောက်ထပ် ၃ ပါးလောက် ပါသွားတယ်လို့ ကျနော်တို့ ခန့်မှန်းတယ်။ လူထုထဲကတော့ ၆ ယောက်လောက် ပါသွားတယ်။”

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates