စက်တင်ဘာလ ၁၈ ရက်၊ ၂ဝဝ၇ ခုနှစ်။
လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး အတွက် အင်္ဂါနေ့တိုင်း ရွှေတိဂုံဘုရားသို့ သွားရောက်ကာ ဝတ်ပြုဆုတောင်းသူ ဒေါ်နော်အုံးလှကို အာဏာပိုင်များက ယနေ့ နေ့လည်ပိုင်းက ဖမ်းဆီး ခေါ်ဆောင်သွားသည်။
လူထုခေါင်းဆောင် အပါအဝင် နိုင်ငံရေး အကျဉ်းသားများနှင့် လက်ရှိ လောင်စာဆီ ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူများ ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်ကို ပြန်လည် လွတ်မြောက်ရေးအတွက် ရွှေတိဂုံဘုရားသို့ သွားရောက်ရန် အတွက် ဒေါ်နော်အုံးလှသည် ရွှေပြည်သာ နေအိမ်မှ ထွက်လာရာတွင် မလှမ်းမကမ်း အရောက်၌ မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (မယက) ဥက� ဌ အပါအဝင် ကြံ့ဖွံ့နှင့် စွမ်းအားရှင် အင်အား ၂ဝဝ ခန့်က မွန်းတည့် ၁၂ နာရီခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“ဘုရားသွားမယ် ဆိုပြီးတော့ လက်မှာ ပန်းစီး ကိုင်ထားတယ်။ အိမ်ကနေ တပြလောက် အကွာ အရောက်မှာ ဖြတ်ပြီး ဖမ်းခေါ်သွားတယ်။ လူက ၂ဝဝ လောက် ရှိမယ်။ ကြည့်နေတဲ့ သူတွေကလည်း အများကြီးပဲ။ ဘယ်ခေါ်သွားသလဲ ဆိုတာလည်း မသိဘူး။ ဘာမှလည်း မသိရဘူး” ဟု မျက်မြင်တဦးက မဇ္ဈိမကို ပြောသည်။
၂ဝဝ၃ ခုနှစ် ဒီပဲရင်း အကြမ်းဖက်မှုအပြီး နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်စု လွတ်မြောက်ရေး အတွက် အပတ်စဉ် အင်္ဂါနေ့တိုင်းတွင် ရွှေတိဂုံဘုရား အပါအဝင် ရန်ကုန်တိုင်း အတွင်းရှိ ဘုရားများတွင် သွားရောက်၍ ဝတ်ပြု ဆုတောင်းသူများကို အာဏာပိုင်များက နည်းမျိုးစုံဖြင့် နှောင့်ယှက် တားဆီးခြင်း၊ လောက်လေးခွများဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်းနှင့် ဖမ်းဆီး ထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။