Friday, September 21, 2007

ရန်ကုန် မုံရွာနှင့် ဒိုက်ဦးတွင် သံဃာတော်များ ဆန္ဒပြနေပြီ

ရန်ကုန် မုံရွာနှင့် ဒိုက်ဦးတွင် သံဃာတော်များ ဆန္ဒပြနေပြီ

ဆွမ်းမလောင်းရဘူး ရယက က ပြောတယ်


စက်တင်ဘာလ ၂၁ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

3:45 PM
သံဃာတော် အပါး ၁ဝဝဝ ကျော်သည် ဆူးလေ ဘုရားသို့ ချီတက် သွားနေကြသည်။

3:15 PM
"မနက် ကိုးနာရီလောက်က စပြီး ဘုန်းကြီးတွေ စုရပ်စီကို သွားနေကြပါတယ်။ စုရပ်ကတော့ ဗဟန်း ဘုန်းကြီးကျောင်းများ အစု၊ အလုံနဲ့ ကြည့်မြင်တိုင်တို့ ဖြစ်ပါတယ်။ တခြား မြို့နယ်တွေက ဘုန်းကြီးတွေကပါ အလုံနဲ့ ဗဟန်းကို လာနေပါတယ်။ ဘတ်စကားတစီး ဆိုက်လိုက်တိုင်း ထီးကိုင်ထားပြီး သပိတ်မပါဘဲ ခရီးသွားပုံစံ ဘုန်းကြီးတွေ ဖြစ်ပါတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့ ကျောင်းရောက်မှ ဆွမ်းဘုန်းပေးပြီး နေ့လယ်နဲ့ ညနေကို ဆက်လက် ချီတက်ကြမယ် ဖြစ်ပါတယ်။" ဟု အခြေအနေကို စောင့်ကြည့် လေ့လာနေသူ တဦးက ပြောသည်။

သို့သော်လည်း မိုးကြောင့် သံဃာတော်များ အခက်အခဲ ကြုံတွေ့နေရသည်ဟု မျက်မြင်များက ပြောသည်။

3:10 PM
မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ရန်ကုန်မြို့တွင် ဖြစ်ပွားနေ၍ ရွှေတိဂုံဘုရား စုရပ်သို့ သွားရောက်နေသည့် သံဃာတော် အစုအဖွဲ့ လေးများ ခရီးမတွင်နိုင်ဘဲ ရှိနေကြသည်။

2:50 PM
ရန်ကုန်မြို့လယ်ခေါင်တွင် လုံထိန်းနှင့် ကြံ့ဖွံ့ အင်အားဖြည့်

ရန်ကုန်မြို့တော်ခန်းမ၊ ဆူးလေပန်းခြံနှင့် အနီးတဝိုက်တွင် အဓိကရုဏ်း နှိမ်နင်းရေးရဲ (လုံထိန်း) များနှင့် စွမ်းအားရှင် ၅ဝ ကျော်ကို ယမန်နေ့ ညနေ ၅ နာရီခန့် ကတည်းက အင်အား ထပ်ဖြည့်လိုက်သည်။

2:10 PM
ဆွမ်းမလောင်းရဘူး ရယက က ပြောတယ်

ကြည့်မြင်တိုင်၊ အလုံနှင့် စမ်းချောင်း မြို့နယ်များရှိ အာရုံဆွမ်းလောင်း အသင်းများကို ယမန်နေ့မှ စတင်၍ သုံးပတ်အတွင်း အာရုံဆွမ်း လောင်းလှုခြင်း မပြုရန် ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ရဝတ) မှ လိုက်လံ တားဆီးလျှက် ရှိသည်။

သံဃာအပါး ၂ဝဝ ရန်ကုန်မှာ ဆန္ဒပြ ချီတက်နေပြီ

မြန်မာ စံတော်ချိန် နံနက် ၁၁ နာရီ၊ ၄၅ မိနစ်

ရန်ကုန်မြို့တွင် ဆန္ဒပြ သံဃာတော် အပါး ၂ဝဝ ခန့်သည် မြောက်ဥက္ကလာ မယ်လမု ဘုရားဘက်မှ ကမ္ဘာအေး ဘုရားလမ်းပေါ်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

“ပရိတ်ရွတ်တယ်၊ သာ့သနာအလံ ထောင်ထားတယ်၊ နှစ်ပါးတန်း သုံးပါးတန်းတွေပါပဲ။ ရွှေတိဂုံ ဘုရားပေါ် တက်ရင် နှစ်ပါးတန်းပေါ့။ လမ်းလျှောက်လာရင်တော့ အများဆုံး သုံးပါးပဲ။ အခု လမ်းပေါ်မှာပဲ၊ ကမ္ဘာအေး ဘုရားရှေ့ပေါ့၊ မရမ်းကုန်းဘက် ပေါ့နော်။” ဟု မျက်မြင် သက်သေတဦးက ပြောသည်။

မြန်မာစံတော်ချိန် ၁ဝး ၃ဝ ခန့်တွင် ဆန္ဒပြသံဃာများ မြောက်ဥက္ကလာပမြို့နယ် မယ်လမု ဘုရားတွင် စုရုံး ရောက်ရှိခဲ့ကြသည်။

“မိုးက အရမ်းကို ရွာနေတာဗျ။ အခုလည်း အသားကုန် ရွာနေတာပဲ။ လိုက်တဲ့ သူကတော့ နည်းနည်းတော့ နည်းသေးတာပေါ့နော်။ ရွှေတိဂုံဘုရား ရောက်ရင်တော့ နည်းနည်း များသွားမှာ။ မနေ့ကဆိုရင် ရွှေတိဂုံ ဘုရားကနေ ဆူးလေကို တက်တာကိုး။ ညနေပိုင်းမှာ ပွဲက ကောင်းသွားတာကိုး။ ဒီအချိန်လောက်က စတာကိုး။ အခုမှ အစပဲ ရှိသေးတယ်။ ရွှေတိဂုံ ဘုရားကို လာကြမယ်၊ လာပြီးတော့ ဆုံကြမယ်၊ မနေ့က ထောင်ချီ ရှိခဲ့တယ်။ ဒါမျိုးပေါ့။ ဆူးလေကျတော့ ထောင်နဲ့ ချီ ဖြစ်သွားတာကိုး။ လူတွေက နောက်က အများကြီး လိုက်ပါသွားတာပေါ့။ ညနေပိုင်းကျတော့ မိုးတိတ်ရင် ပိုပြီးတော့ ကောင်းတာပေါ့။ အခုမှ စတာကိုး။” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။


နိုင်ငံတဝန်း ဆန္ဒပြ သတင်းများ

2:00 PM
မုံရွာမှာ သံဃာတော်တွေ အင်တိုက်အားတိုက် ဆန္ဒပြပြန်

သံဃာတော် အနည်းဆုံး ၁၅ဝဝ ခန့်သည် ယနေ့တွင်လည်း မုံရွာမြို့တွင် လမ်းလျှောက် ဆန္ဒပြမှု ပြုလုပ်ကြပြန်သည်။

ဇောတိက၊ ရန်ကင်း၊ ချောင်းဦး ကျောင်းတိုက်များမှ နေ့လည် ၁၂ နာရီမှ စတင်ကာ မြို့လယ် ဘုရားများဖြစ်သည့် ရွှေစည်းခုံနှင့် ဆုတောင်းပြည့် ဘုရားများသို့ သွားရောက်ကာ ဘုရားဝတ်ပြုခြင်းနှင့် လမ်းတလျှောက် ပရိတ်ရွတ်ဖတ်ခြင်းများ ပြုလုပ်နေပြီ ဖြစ်သည်။

ထပ်မံ ပူးပေါင်းလာနေသော သံဃာတော်များလည်း ရှိနေသေးသည်။

“လယ်တီရယ်၊ ရန်ကင်းရယ် ဒီကျောင်းတိုက်တွေက သပ်သပ် ထွက်တယ်ရှင့်။ ကျန်တဲ့ ကျောင်းတိုက်တွေက ဘုန်းစိုး၊ မဏိရတနာပုံတို့က ဇောတိက နောက်ကနေ လိုက်တယ်။ ဥက္ကံတောရ ကျောင်းတိုက်နဲ့ မဟာလယ်တီ ကျောင်းတိုက်တွေကတော့ လှည့်နေတုန်းရှင့်။” ဟု မုံရွာမြို့ခံ အမျိုးသမီး တဦးက မဇ္ဈိမသို့ ပြောပြသည်။

“မုံရွာတောင်ဘက်က ချောင်းဦးဘက်က သံဃာတော်တွေကလည်း ကားတွေနဲ့ ဝင်လာတယ်။ သာသနာ့ အလံတွေနဲ့” ဟု သူမက ထပ်ပြောသည်။

----------------------------------------------------

စက်တင်ဘာလ ၂၀ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

5:20 PM
ရန်ကုန်ဆန္ဒပြ စစ်ကြောင်းအားလုံး လူစုခွဲလိုက်ပြီ ဖြစ်သည်။ နောက်ဆုံး စစ်ကြောင်းမှာ ဆူးလေတွင် အဆုံးသတ်သွားခြင်း ဖြစ်ပြီး လူ ထောင်ပေါင်းများစွာ လိုက်ပါခဲ့ကြသည်ဟု မျက်မြင်များက ပြောသည်။

4:30 PM
အလံပြ ဘုရားလမ်းမှသည် ဆန္ဒပြသူများသည် ဆူးလေ ဘုရားဘက်သို့ ဦးတည် သွားနေကြသည်။

“အခု ဗိုလ်ချုပ်အောင်ဆန်းဈေး ရှေ့ကနေ ပတ်တယ်။ ပြီးတော့ ဆူးလေကို ပြန်ထောင်တက်သွားတယ်။ မြို့ထဲမှာ ပတ်နေသေးတယ်။” ဟု ဆန္ဒပြသူများနှင့် လိုက်ပါလာသူ တဦးက ပြောသည်။

3:30 PM
ဆန္ဒပြ သံဃာတော် အပါး ၅ဝဝ ခန့်နှင့် လူ ၃ သောင်းခန့် အဖွဲ့ကြီးတဖွဲ့ အလံပြ ဘုရားလမ်းပေါ်သို့ ပြန်လည် ရောက်ရှိလာပြီ ဖြစ်သည်။

3:10 PM
ရွှေတိဂုံဘုရားသို့ ချီတက်သွားသော သံဃာတော်များမှာ ဘုရားမုဉ်ဦး တံခါးများ ပိတ်ထား၍ ပြန်လှည့် သွားကြသည်။

2:50 PM
“နှစ်ဖွဲ့က မပူးပေါင်းမိသေးဘူး။ ဒါပေမယ့် ရွှေတိဂုံဘုရားက ထွက်လာတဲ့ အခါမှာ အခုတော့ လမ်းကနေပြီး သံဃာတချို့ ထပ်ပူးပေါင်း လာတယ်။ အင်အား ၁ ထောင်လောက် ဖြစ်သွားတယ်။ ပြည်သူလူထု အင်အားက ၅ထောင် နီးပါး ရှိနေပြီ။ နောက်ပြီး ဘေးကနေ လက်ချင်း ချိတ်ထားပြီး ဘေးမှာ လူတွေ မဝင်လာနိုင်အောင် အခုတော့ ကန်းနားလမ်းကို ရောက်နေပြီ။ ဗိုလ်တထောင် ဘုရားဘက်ကို ဦးတည်မယ်လို့ ယူဆရတယ်။” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ထောက်လှန်းရေးများ၊ အက်စ်ဘီရဲများ လိုက်လံ စောင့်ကြည့်နေသည်။

2:45 PM
ရန်ကုန်တွင် မိုးကလည်း ရွာသွန်းနေသည်။ သို့သော် သံဃာတော်များ၏ ရှေ့ဆောင်မှုနှင့် ဝမ်းသာအားရ ရှိလှသော လိုက်ပါလာသူ အချို့က လက်ခုတ်တီး အားပေးနေကြသည်။

2:40 PM
လူငယ်များက လက်ချင်းချိတ်ပြီး သံဃာတော်များကို ဘေးနှစ်ဖက်မှ အကာအကွယ် ပေးထားသည်။

“လူထောင်ပေါင်း မြောက်များစွာ လိုက်နေပြီ” ဟု မျက်မြင်တဦးက ပြောသည်။

2:25 PM
ဗဟန်းမြို့နယ် ရေတာရှည် လမ်းထဲသို့ ဆန္ဒပြ သံဃာ ၅ဝဝ ခန့် ဝင်ရောက်လာပြီ ဖြစ်သည်။ သံဃာတော်များက အဖွဲ့ ၂ ဖွဲ့ခွဲ ဆန္ဒပြနေခြင်း ဖြစ်သည်။

2:15 PM
ရန်ကုန် ဆန္ဒပြ သံဃာတော်များ သမတ ရုပ်ရှင်ရုံ အနီးသို့ ရောက်လာပြီ ဖြစ်သည်။

2:10 PM
ရန်ကုန်မြို့တွင် ဆန္ဒပြနေသော သံဃာတော် ၅ဝဝ ခန့် ဗဟန်းအဝိုင်းနှင့် တိရစ္ဆာန်ရုံ ကြားသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ရှေ့ဆုံးနှင့် နောက်ဆုံးတွင် သာသနာ့ အလံ ၃ လက်စီ ကိုင်ဆောင်လာသော သံဃာ တပ်ကြီးနောက် လူ ၂ဝဝဝ ကျော် လိုက်ပါလာသည်။

1:30 PM
ရန်ကုန် တောင်ဒဂုံက သံဃာတို့ ဆန္ဒပြ

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် မြင်းခြံ ဘုန်းကြီးကျောင်းတိုက်တွင် ယနေ့ နံနက် ၅ နာရီခွဲမှ သံဃာတော် ၂၅ဝ ခန့်က မေတ္တာသုတ်များ ရွတ်ဆို၍ မြို့တွင်း ဆန္ဒပြ လမ်းလျှောက်ခဲ့ကြသည်။

သပိတ်များမှောက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး ပြည်သူလူထု အများအပြားက ငွေဝတ္တုများ လှုဒါန်း လိုသောကြောင့် မေတ္တာရပ်ခံ၍ နောက်ပိုင်းမှ လိုက်ပါလာသော သံဃာများ၏ သပိတ်တွင်း ထဲ့လှူခွင့်ပြုခဲ့ရသည်ဟု သိရသည်။

အာဏာပိုင်များ ကိုးကွယ်သည့် ကျောင်းဟု နာမည်ကျော်သည့် မြင်းခြံ ကျောင်းတိုက်၏ ကျောင်းထိုင် ဆရာတော်ကြီးမှာ မြင်းခြံသို့ သွားနေသည်။

နိုင်ငံတဝန်း ဆန္ဒပြ သတင်းများ

5:30 PM
မုံရွာမှာ သံဃာတော်များ ဆန္ဒပြ

မုံရွာမြို့တွင် သံဃာတော်အပါး ၆ဝဝ ခန့်သည် ယနေ့ နေ့လည်က ဆန္ဒပြခဲ့ကြသည်။

ဥက္ကံတောရ၊ ရန်ကင်းကျောင်း၊ ဇောတိကစာသင်တိုက်တို့အပြင် အနည်းဆုံး ဘုန်းကြီးကျောင်း ၅ ကျောင်းမှ သံဃာများသည် နေ့လည် ၁၂ နာရီမှ ၃ နာရီအထိ မေတ္တာသုတ် ရွတ်ဆို၍ စီတန်းလမ်းလျောက်ဆန္ဒပြခဲ့ကြသည်။

မြို့လယ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမှသည် ဆုတောင်းပြည့်ဘုရားနှင့် ရွှေစည်းဂုံဘုရားများတွင် ဘုရားဝတ်ပြုကာ လူစုခွဲလိုက်သည်။

“လူထုကတော့ နောက်ကနေ လိုက်တာတော့ အများကြီးပဲ။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ ခြေကျင်တွေ။ လမ်းမှာလည်း လိုလေသေးမရှိ ရေဗူးကပ်တဲ့လူ၊ အချိုရည်၊ ကွမ်းယာ၊ တော်တော့်ကို ပိုပိုလျှံလျှံကို ဖြစ်ပါတယ်ဗျာ။ မြင်သမျှ တွေ့သမျှ လမ်းဘေးအိမ်က လူတွေလည်း အကုန်လုံး ထွက်ကြည့်ကြတယ်၊ လက်အုပ်တွေ ချီပြီး။ နောက်က လိုက်တဲ့လူ အင်အားက တော်တော် များတယ်ဗျ။ ၁၅ဝဝ၊ ၂ဝဝဝ လောက်ရှိတယ်ဗျ။” ဟု မျက်မြင်သက်သေ တဦးက တယ်လီဖုန်းမှ တဆင့် ပြောသည်။

-----------------------------

ပြည်နယ်ရုံးကို 4 နာရီကျော်ကြာ သံဃာတော်များက သိမ်းပိုက်
ရန်ကုန်၊ မန္တလေး၊ တောင်တွင်းကြီး၊ မိုးကုတ်၊ ပြည်၊ ကလေး နှင့် ကြို့ပင်ကောက် တို့တွင် သံဃာတော်များ ဆက်လက်ဆန္ဒပြ
သံဃာတုများကြောင့် ဆန္ဒပြဟု စစ်အစိုးရပြော

စက်တင်ဘာလ 19 ရက်၊ 2007 ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

5:15 PM
ဆန္ဒပြ သံဃာတော်များ လူစုခွဲလိုက်ပြီ ဖြစ်သည်။ သံဃာတော်များက မနက်ဖြန်တွင် ပြုလုပ်မည့် ဆန္ဒပြမည့် အစီအစဉ်များကို ကြေညာရာ တွင် ရွှေတိဂုံ ဘုရားသို့ ချီတက်မည်ဟု ပါရှိသည်။

4:45 PM
“ဆူးလေမှအပြန် အလံပြဘုရား လမ်းအတိုင်း လျှောက်လာတယ်။ နောက်ပြီး ဗိုလ်ချုပ် အောင်ဆန်းလမ်း ဘူတာကြီးဘက်ကို ကွေ့လိုက်ပြီး ပန်းဆိုးတန်း ဂုံးကျော်တံတားကို ဖြတ်ပြီးတော့ ပုဇွန်တောင်ဘက် ချီတက်နေကြတယ်။” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

“ဘူတာကြီးလမ်း အကျော်မှာ ကြံ့ဖွံ့တွေ လုံးဝ မရှိတော့ဘူး။ ပြည်သူအင်အား တသောင်းလောက် ဖြစ်သွားတယ်။” ဟု သူက ထပ်ပြောသည်။

3:45 PM
ရန်ကုန် ဆန္ဒပြ သံဃာတော်များ ယုဇနပလာဇာ ဘက်မှသည် သိမ်ဖြူလမ်းကို ဖြတ်၊ အထက် ပန်းဆိုးတန်းလမ်းမှ ဆင်းလာပြီးနောက် ဆူးလေဘုရား ဘက်ကို ဦးတည် ချီတက်နေကြသည်။

3:30 PM
ဆန္ဒပြ သံဃာတော်များ တာမွေမြို့နယ် ယုဇန ပလာဇာရှေ့ ရောက်နေပြီး မင်္ဂလာဈေး ဆက်လက် ချီတက် နေကြသည်။

“ကြံ့ဖွံ့တွေက ဆွဲလား၊ ရမ်းလားလုပ်တယ်။ အရှေ့က ကြံ့ဖွံ့တွေက ဘုန်းကြီးတွေ ရှေ့ကနေပြီးတော့ ဦးဆောင်ပြီး လျှောက်နေတယ်။ သူတို့ကလည်း ဘုန်းကြီးလို ဘာလိုလိုနဲ့။ ရိုက်နှက်တာတော့ မရှိဘူး။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမသို့ ပြောပြသည်။

“ရှေ့က ၃ပါးက သာသနာ့အလံ ကိုင်ထားတယ် အဲက သုံးလေးပါး အကျော်မှာ ကိုယ်တော် တစ်ပါးက သပိတ်ကို မှောက်လာတယ်။ အရှေ့က သုံးယောက်တွဲ နောက်ကတော့ လေးယောက်တွဲ လျှောက်နေတယ်။ ဟိုးနောက်ဆုံးမှာမှ နှစ်ယောက် တစ်တွဲ လျှောက်လာတယ်။” ဟု သူက ထပ်ပြောသည်။

နောက်ထပ် မျက်မြင်သက်သေ တဦးက “ဦးရေ ၁ ထောင်ကျော်လောက် ရှိမယ်။ တော်တော် များတယ်။ ပြည်သူတွေက ထီးဆောင်းပြီး ဘေးနားမှာ ပါဝင်မှု ရှိတယ်။ အန်တီ တစ်ယောက်တောက် ဘေးနားက ငိုနေတယ်။ သူတို့ မထွက်လို့ ဆရာတော်တွေတောင် လမ်းလျှောက်ရတယ် ဆိုပြီး ငိုနေတယ်။” ဟု ပြောသည်။

၈၈ မျိုးဆက် ကျောင်းသားများ ဆန္ဒပြပွဲကို ဖြိုခွင်းသော ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်များကိုလည်း တွေ့ကြရကြောင်း တက်ကြွ လှုပ်ရှားသူများက ပြောသည်။

“ကျနော်တို့ကို ရွှေဂုံတိုင်မှာ ဝင်ရိုက်ခဲ့တဲ့ သူတွေလဲ ပါတယ်၊ ဘုန်းကြီးတွေ ရှေ့ကနေပြီးတော့ ဘုရားတကာလို ခွာပြီးတော့ လိုက်နေတယ်။ လျောက်နေတယ်။” ဟု တက်ကြွ လှုပ်ရှားသူ တဦးက ပြောသည်။

12:35 PM
ရန်ကုန် ရွှေတိဂုံဘုရားမှာ လှုပ်လှုပ်ရှားရှားဖြစ်ပြန်

ရွှေတိဂုံဘုရားဖူးနေသူများကို လုံခြုံရေးများက တွန်းထုတ်ပြီး ဘုရားမုဉ်ဦးများရှိ ဝင်ပေါက်တံခါးများ ပိတ်လိုက်ကြသည်။

ရွှေဂုံတိုင် ဘုန်းကြီးကျောင်းရှေ့ အမေရိကန် သံရုံးကား ဂိုဒေါင်အနီး ရင်ခွင်ပိုက် မူကြို ကျောင်းဝင်းထဲတွင် ဒိုင်းများ၊ ဒုတ်များ ကိုင်ဆောင် ထားသော လုံထိန်းကား တီအီး ၂ စီး အပြည့် ရှိနေသည်။

မျက်နှာချင်းဆိုင် တော်ဝင်နှင်းဆီ ခြံဝင်း အတွင်းတွင်လည်း စစ်ကား ၂ စီး၊ ရဲ အချုပ်ကား ၁ စီးနှင့် မီးသတ်ကား ၁ စီးတို့ အသင့် အနေအထား ပြင် ရပ်ထားသည်။

ရွှေတိဂုံဘုရား မြောက်ဘက် မုဉ် သွေးဆေးကန် ရှေ့တွင် ရဲကားများနှင့် စစ်ကားများ ရှိနေပြီး မြေနီကုန်း ပဒုမ္မာ ပန်းခြံဝင်းအတွင်း ရဲကား ၂ စီး နှင့် အချုပ်ကား ၁ စီး၊ မီးသတ်ကား ၁ စီးနှင့် စစ်ကား ၁ စီး တွေ့မြင်ရသည်။

ရွှေတိဂုံဘုရား တံခါးမပိတ်မီ ဘုရားဖူးရန် လာသူတိုင်းကို လုံခြုံရေးများက စစ်ဆေးခဲ့ကြသည်။

ရန်ကုန် ဆန္ဒပြပြန်ပြီ

စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြသောအားဖြင့် သံဃာတော် အပါး ၅ဝ ခန့် ရွှေဂုံတိုင် မီးပွိုင့်မှသည် တာမွေမြို့နယ်ဘက် လမ်းလျောက် ချီတက် သွားကြသည်။



နိုင်ငံတ၀န်း ဆန္ဒပြ သတင်းများ

9:00 PM
ဒေါ်နော်အုံးလှ ယနေ့ ပြန်လွတ်လာပြီ ဖြစ်သည်။

7:30 PM
မန္တလေးရှိ ဒိုင်းဝန်မင်းကြီး ကျောင်းတိုက်မှ သံဃာတော်များလည်း ဆန္ဒပြ

မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ် အတွင်းရှိ မန္တလေး ဂျီတီအိုင်နှင့် ဗထူးကွင်း အနီး တည်ရှိသော ဒိုင်းဝန်မင်းကြီး ကျောင်းတိုက်မှ သံဃာတော် အပါး ၇ဝဝ ခန့်သည် ယနေ့ နံနက် ၇ နာရီမှ စတင်ကာ တနာရီခန့် ကြာသည်အထိ လမ်းလျှောက်ကာ ပရိတ် တရားတော်များ ရွတ်ဖတ်ခဲ့သည်ဟု မျက်မြင် တွေ့ရှိသူ မန္တလေး ဒေသခံက ယခုလို ပြောသည်။

“ဒိုင်းဝန်မင်းကြီး ကျောင်းတိုက်က သံဃာတွေလည်း ပါတယ်။ အဲဒီ သံဃာတွေက မနက် ၇ နာရီလောက်မှာ ထွက်ကြတာ။ ၄၂ လမ်းအတိုင်း ထွက်လာပြီး မဟာမြတ်မုနိ ဘုရားကြီးကို တက်ကြတယ်။ အဲဒီကနေ မြောက်ဘက်ကို ပြန်ကြွကြပြီး ဒိုင်းဝန်မင်းကြီး ကျောင်းတိုက်ကို မနက် ၈ နာရီလောက်မှာ ပြန်ရောက်တယ် ခင်ဗျ။ လမ်းမှာလည်း မေတ္တာသုတ်ကို ရွတ်ဖတ် လာကြတယ်။ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်”

6:30 PM
ပြည်နယ်ရုံးကို ၄ နာရီကျော်ကြာ သံဃာတော်များက သိမ်းပိုက်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လေးနာရီကျော်ကြာ ပြည်နယ်ရုံးကို ထိန်းချုပ်ထားပြီးနောက် သံဃာတော်များ လူစုခွဲလိုက်ပြီ ဖြစ်သည်။

ယမန်နေ့က ဆန္ဒပြသူများကို ရိုက်နှက် မျက်ရည်ယို ဗုံးခွဲဖြိုခွင်းပြီး ဖမ်းဆီးမှုများ ရှိခဲ့သည့်နောက် သံဃာတော် ၃ဝဝဝ ခန့်က ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးကို ဝင်ရောက်ပြီး အာဏာပိုင်များနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

နံနက် ၁၂ နာရီ ထိုးခါနီးမှ ညနေ ၄ နာရီကျော်ကြာအထိ ပြည်နယ်ရုံးကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။

“ကျနော် ကြားခဲ့တာက ဘာလဲဆိုတော့ မနေ့တုန်းက ဦးပဉ္ဇင်း ၄ ပါးကို ဖမ်းထားတယ်။ အဲဒီမှာ ၃ ပါးကို လွှတ်ပေးတယ်။ တပါးကို အခုလွှတ်ပေး။ နောက်ပြီးတော့ ပြည်သူထဲက လူ ၂ဝ လောက် ရှိတယ်။ ဖမ်းထားတာ။ အဲဒါတွေ အကုန်လွှတ်ပေး။ လွှတ်ပေးပြီးတော့မှ ငါတို့ ပြန်မယ်။ မလွှတ်ပေးဘူး ဆိုလို့ရှိရင် ငါတို့ ဒီနေရာက ဘယ်မှ မသွားဘူး။ ပြည်သူလူထုတွေကို ဘာပြောလဲ ဆိုတော့ မနက် အာရုံဆွမ်း ကပ်ချင်ရင် ဒီနေရာကို လာကပ်လို့ ရတယ်။ တကယ်လို့ မပြီးသေးဘူး ဆိုရင် မွန်းလွဲ ဆွမ်းကိုလည်း လာကပ်လို့ ရတယ်တဲ့။ လွှတ်မပေးဘူးဆိုရင် ဆွမ်းလာကပ်လို့ ရတယ်တဲ့။ ဘယ်သူမဆို။ ဘုန်းဘုန်းတွေက တာဝန်ယူတယ်လို့ ပြောပါတယ်။” ဟု ရုံးအဝင် အပြင်မှာ စောင့်ကြည့်နေသူ တဦးက မဇ္ဈိမ သို့ ပြောသည်။

မည်ကဲ့သို့သော သဘောတူညီချက်ကြောင့် လူစုခွဲသည်ကိုတော့ စုံစမ်း၍ မရနိုင်ပါ။ ထူးခြားစွာပင် လုံခြုံရေးများလည်း နည်းပါးနေခဲ့သည်။

နှစ်ထပ်ရုံး ပြင်ပ အနီးတဝိုက်တွင် လူ ၁ သောင်းကျော်က စုရုံး ရောက်ရှိနေခဲ့ကြသည်။ သို့သော် သံဃာတော်များက လူများကို ဝင်ရောက် ရောနှောမှု မပြုစေခဲ့ဘဲ သံဃာတော်များ လူစုခွဲလိုက်ပြီးနောက် လူများလည်း လူစု ခွဲလိုက်ကြသည်။

6:10 PM
ကြို့ပင်ကောက်မှ သံဃာတော်များလည်း ယမန်နေ့ကစ၍ စစ်အာဏာပိုင်များကို သပိတ်မှောက်ကံဆောင်

(ကြို့ပင်ကောက်မှ သံဃာတော်တပါး ပြောပြချက်)

“မနေ့က ညနေ ၅ နာရီလောက်ကနေ ၈ နာရီ မတ်တင်းလောက် အထိ ဖြစ်တယ်။ တမြို့လုံး ပတ်ပြီး ပရိတ်ရွတ်တယ်၊ မေတ္တာ ပို့ကြတယ်။ ကျောင်း ၄ ကျောင်းကနေ ထွက်ကြတာပါ။ ၄ ကျောင်းဆိုတာက တိုက်ကျောင်း၊ ဗောဓိ၊ ဝါဆို၊ အနောက်ဘုရားကြီးရယ် ရှိတယ်။ စုရပ် ဆုံရပ်တော့ မထားဘူး။ နားလည်မှုနဲ့ ထွက်ကြတာပါ။ တိုက်ကျောင်းကနေ စတယ်၊ နောက် ဝါဆို၊ ဝါဆိုကနေ ဗောဓိကို ခေါ်တယ်၊ ပြီးတော့ အနောက် ဘုရားကြီးကို ပတ်ပြီးတော့ ဝင်ခေါ်ကြတယ်။ အဲဒီကနေ မြို့ကို ပတ်ကြတာ။ သံဃာ အပါးပေါင်း ၂ဝဝ လောက်ရှိတယ်။”

“လမ်းမှာ မေတ္တာပို့၊ ပရိတ်ရွတ်၊ ဒါပါပဲ။ အနှောင့်အယှက် မရှိပါဘူး။ သံဃာတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လိုက်ပြီးတော့ ပရိတ်ရွတ်တာပဲလေ။ ဒီလိုမျိုး သံဃာတွေ စုပြီးတော့ ပရိတ်ရွတ်တာမျိုးက ဘယ်ခေတ် ဘယ်အခါတုန်းကမှ မပေါ်ခဲ့ဖူးဘူးလေ။ လူထုကလည်း အတော်လေးပဲ ဝမ်းသာဝမ်းနည်း ဖြစ်ကြတာပေါ့။ လူထု ပရိသတ်က မြောက်မြားစွာ လိုက်ပြီးတော့ လက်အုပ်ချီကြတယ်။ ဈေးကို ၃ ပတ် ပတ်တယ်၊ သာဓု ၃ ကြိမ်ခေါ်ပြီး ပြန်ကြတယ်။ ည ၈ နာရီ မတ်တင်းလောက်မှာ။”

“ပခုက္ကူမှာ ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သံဃာထုကနေပြီးတော့ ဘုရား ပညတ်တော်မူတဲ့ အတိုင်းပေါ့လေ၊ သပိတ်မှောက် ကံပြုရမယ် ဆိုတာဟာ (ကံဆောင်တာကတော့ ကျောင်းမှာ လုပ်ရတာပေါ့လေ)၊ တတိုင်းတပြည်လုံးမှာ ဖြစ်တဲ့ဟာကို ဆန္ဒသဘောထား ထုတ်ဖော်တယ်ပေါ့။ ဒီလိုပဲ ယူဆတယ်။ နောင်တချိန်မှာ စော်ကား နှောင့်ယှက်တာမျိုး ပြုနိုင်အောင် တညီတညွတ်ထဲ သံဃာတော်တွေဟာ ဒီလိုပဲ လုပ်ရမယ် ဆိုပြီးတော့ မြတ်စွာဘုရားကလည်း မိန့်မှာထားခဲ့တယ်။ ဒီသဘောပါပဲ။”

“လူထုပရိသတ်က အတော်များတယ်။ ခန့်မှန်းရမယ်ဆိုရင် နောက်ကနေ လိုက်နေတာကလည်း တထောင်လောက် ရှိမှာပေါ့လေ။ လမ်းတိုင်း လမ်းတိုင်းမှာ ထွက်ကြည့်တဲ့ ပရိသတ်ကလည်း တမြို့လုံးမှာ အုတ်အော်သောင်းနင်းကို ဖြစ်သွားတာ။ ဒီလိုမျိုး တခါမှကို မတွေ့ဖူးဘူးလေ။ သူတို့စိတ်ကို ခန့်မှန်း ကြည့်ရတာကတော့ ဝမ်းသာဝမ်းနည်းကြီး။ ဘာကြောင့်လဲ ဆိုတော့ သံဃာအပါး ၂ဝဝ ကျော် တပြိုင်ထဲ မေတ္တာပို့၊ ပရိတ်ရွတ်တဲ့ အသံဟာ တမြို့လုံးကို ဖုံးလွှမ်းသွားတာကိုး။ ဒီလို အသံမျိုးကလည်း တခါမှလည်း မကြားဖူးဘူးလေ။”

5:30 PM
ကလေးမြို့လည်း ဆန္ဒပြရာမှာပါဝင်

ယနေ့ နံနက် ၈ နာရီခန့်မှ စတင်ကာ သံဃာတော် အပါး ၁၅ဝ ကျော်သည် မြို့လယ်တွင် မေတ္တာပို့ ဆုတောင်းခြင်းများ ပြုလုပ်ကြကာ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့သည်။

“ဘုန်းကြီး ၁၅ဝ ကျော်၊ ၂ဝဝ လောက် ရှိတယ်။ ကလေးမြို့လမ်း လေးဆုံဈေးမှာ ရပ်နေတာကို စတွေ့တယ်။ ရပ်ပြီး မေတ္တာပို့၊ ဆုတောင်းနေတာ။ ပြီးတော့ အောင်သစ္စာ လမ်းထဲကို ဝင်သွားပြီး အုပ်စုခွဲသွားတယ်။ အရပ်ဝတ်နဲ့ ၃၊ ၄ ယောက်လောက် ရှိတယ်။ ဘာမှမလုပ်ဘူး။ ဘေးနားမှာပဲ စောင့်ကြည့်နေတယ်။ လမ်းဘေး တလျှောက်မှာ အားပေး ထောက်ခံနေတဲ့ ပရိတ်သတ်တွေကတော့ ၃ဝဝ နီးပါးလောက် ရှိတယ်” ဟု ကလေးမြို့ လမ်းဆုံမှ ဒေသခံ တဦးက ပြောသည်။

“သံဃာတော်တွေဟာ စစ်ကိုင်းတောင် ဆရာတော် လုပ်ခိုင်းထားတဲ့ ဓမ္မပါလ ဆွမ်းလောင်းပွဲ ဆိုတာ ရှိတယ်လေ။ အဲဒီကို ဆွမ်းခံလာတဲ့ ဘုန်းကြီးတွေပေါ့။ အဲဒီကနေ အပြန်၊ ကလေးမြို့ မြို့မ ဈေးဘက်ကနေ ပြန်ပြီးတော့ ဒီလို မေတ္တာပို့ ဆုတောင်းတာ။ ၃ ပါး တတွဲစီ တန်းပြီးတော့ ရွတ်ဆိုသွားတာ။ မဟာဗန္ဓုလ ကြေးရုပ်ကြီးအထိ လျှောက်ပြီးတော့ အောင်သစ္စာလမ်း ဘက်ပေါ့၊ နတ်ချောင်း လမ်းဆုံဘက်ကို ဆက်သွားကြတယ်” ဟု ဆွမ်းလောင်းရာတွင် ပါဝင်ခဲ့သူမှ ပြောသည်။

4:50 PM
ရခိုင် ပြည်နယ်ရုံးကို သံဃာများ သိမ်းလိုက်ပြီ

“အဲဒီရုံးက လူတွေ အကုန်လုံး မရှိကြတော့ဘူး သံဃာတွေ ကိုယ်တော်တွေက အကုန်လုံး နေရာယူထားပြီးတော့ ပြည်သူတွေကို ငြိမ်ငြိမ်လေး နေကြပါ ဆိုပြီးတော့ တာဝန် ယူပြီးတော့ ထိန်းသိမ်း ထားတယ်။ အထဲက ကိုယ်တော်တွေက မေတ္တာသုတ်တွေ ရွတ်နေကြတယ်။” ဟု စစ်တွေ အခြေအနေနှင့် ပတ်သက်၍ မျက်မြင် တဦးက ပြောသည်။

3:35 PM
စစ်တွေ ပယက ရုံးရှေ့မှာ သံဃာတော် တထောင်ကျော် ရောက်နေပြီ

ဆန္ဒပြ သံဃာတော်များကို ယမန်နေ့က မျက်ရည်ယိုဗုံးများ ပစ်ခွဲဖြိုခွင်း ဖမ်းဆီးမှုများ လုပ်ခဲ့သည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး ရှေ့တွင် သံဃာတော် ၁ဝဝဝ ကျော် ယခု စုရုံး ရောက်ရှိ နေကြပြန်သည်။

“ရဲတွေကတော့ ပြည်သူလူထုတွေ အနားမလာနဲ့ပေါ့။ အဲလိုပဲ မိုက်နဲ့ အော်နေတယ်။ လူထုကလည်း လမ်း ၃ လမ်းမှာ အပြည့်ပဲဗျ။ ပဝတ ရုံးရှေ့က လမ်းကို ရောက်ဖို့ လမ်း ၃ လမ်း ရှိတယ်။ ဆက်သွယ်ရေးလမ်း၊ ဆေးရုံရှေ့လမ်း၊ ဘောလုံးကွင်းလမ်း အကုန်လုံး လမ်းတိုင်းမှာ လူတွေက အပြည့်နေတယ်၊” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောသည်

ဦးခေါင်း သံဃာတော်များ အာဏာပိုင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည် ဆိုသော သတင်းများလည်း ရရှိသည်။

2:45 PM
သံဃာတုများကြောင့် ဆန္ဒပြဟု စစ်အစိုးရပြော

သံဃာ အတုအယောင်များကြောင့် သံဃာများ ဆန္ဒပြနေခြင်းသာ ဖြစ်ကြောင်း မြန်မာ စစ်အစိုးရက တနိုင်ငံလုံးတွင် ဖြစ်ပွားနေသော သံဃာများ၏ သပိတ်မှောက် ကံဆောင် ဆန္ဒပြခြင်းကို တုံ့ပြန်လိုက်သည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “သံဃာ အတုအယောင်များ၏ စည်းရုံးလှုံ့ဆော်မှုကြောင့် ပခုက္ကူ၌ ဆန္ဒပြ အကြမ်းဖက်မှုဖြစ်” ဟု ရေးသားထားပြီး “ရန်ကုန်မြို့တွင်လည်း သံဃာ အယောင်ဆောင်များကြောင့် သံဃာအချို့ စီတန်း လမ်းလျှောက်ခဲ့” ဟု ရေးသားထားသည်။

စစ်တွေမြို့တွင် ယမန်နေ့က သံဃာနှင့် လူပရိတ်သတ် ဆန္ဒပြသူများကို မျက်ရည်ယို ဗုံးများ ပစ်သွင်း၍ လူစုခွဲမှု အပေါ် ဝန်ခံထားသည်။

သို့သော် မည်သူ တဦးတယောက်မျှ ဒဏ်ရာရခြင်း၊ ဖမ်းဆီးခံရခြင်းများ မရှိဟုဆိုသည်။

မဇ္ဈိမနှင့် ရိုက်တာ အပါအဝင် သတင်းဌာနများကို မျက်မြင် သက်သေများက ပြောကြားရာတွင် ဆန္ဒပြသူများထဲမှ ဒဏ်ရာရသူများ ရှိခဲ့ပြီး အနည်းဆုံး လူ ၃ ဦး အဖမ်းခံခဲ့ရသည်။

2:20 PM
ဆန္ဒပြ သံဃာတော် အပါး ၃ဝဝ ကျော်ဖြစ်လာပြီး ခြောက်ထပ်ကြီး ဘုရားအနီး ရောက်နေပြီ ဖြစ်သည်။ မိုးရွာထဲတွင် ပရိတ် ရွတ်ဆိုနေသော သံဃာ တပ်ဦးတွင် အလံ ၃ ခု ကိုင်ဆောင်ထားပြီး လူပရိတ်သတ် ၇ဝဝ ခန့်ကလည်း ထီးဆောင်း၍ လိုက်လံ အားပေးနေကြသည်။

2:20 PM
ပြည်မှာလည်း သံဃာတို့ ခေါင်းငုံ့မခံ

သံဃာတော်အပါး ၃ဝဝ ခန့် ယနေ့ နံနက်တွင် ပရိတ်များ ရွတ်ဆိုပြီး မြို့တပတ်ပတ် ဆန္ဒပြ လမ်းလျောက် ကြသည်။ နံဘေးမှ ပရိတ်သတ် ၅ဝဝ ခန့် လိုက်လံ အားပေးခဲ့ကြသည်။ လုံခြုံရေးများနှင့် သတင်းထောက်များ ဓာတ်ပုံရိုက် မှတ်တမ်း တင်ခဲ့ကြသည်။

2:05 PM
စစ်အုပ်စု ခေါင်းဆောင်များကို ဆန့်ကျင်စာရေး

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်ရှိ မြို့နယ် ရဲစခန်းအနီး အနောက်ဘက် ဘုရားလမ်းဟု ခေါ်သော ပေတရာ လမ်းပေါ်တွင် ယမန်နေ့က “သန်းရွှေ၊ မောင်အေး၊ ရွှေမန်း သာသနာဖျက် ကောင်တွေကို ငရဲပြည်ပို့” ဟူသော စာကြောင်းကို မြေဖြူချောင်းဖြင့် ရေးထားသည်။ အဆိုပါ စာကြောင်းကို မည်သူရေးထားသည် မသိရသော်လည်း ရဲစခန်းနှင့် နီးကပ်နေရာ ဒေသခံ အများအပြား အံ့သြနေကြသည်။

2:05 PM
မိုးကုတ်တွင် စစ်အာဏာပိုင်များကို သပိတ်မှောက် ကံဆောင်

မိုးကုတ်မြို့တွင် စစ်အစိုးရ အာဏာပိုင်များကို သပိတ်မှောက်သည့် ပတ္တနိကုဇ္ဈိန ကံဆောင်မှုကို သံဃာတော် အပါး ၂ဝဝ ကျော်က ယမန်နေ့မှ စတင်လိုက်သည်။

မြို့နယ် အာဏာပိုင်များက ဥပဒေဖြင့် ခြိမ်းခြောက် တားမြစ်သော်လည်း သံဃာတော် အများစု၏ ဆန္ဒအရ ကံဆောင်ပွဲ အောင်ချမ်းသာ ကျောင်းတိုက်တွင် အတည် ဖြစ်မြောက် သွားခဲ့သည်။

“အောင်ချမ်းသာ ကျောင်းတိုက် ဆရာတော်က ဘယ်လို ပြောလိုက်လဲ ဆိုတော့ သံဃာ ဥက္ကဌ ဆရာတော်နဲ့၊ အတွင်းရေးမှူး ဆရာတော်ကို ဒီကိစ္စဟာပေါ့။ အခုကိစ္စဟာ တပည့်တော် တပါးတည်း ဆန္ဒနဲ့ လုပ်တာ မဟုတ်ပါဘူး။ မြို့နယ်မှာ ရှိတဲ့ သံဃာတွေ အကုန်လုံး ကံဆောင်ချင်ပါတယ်လို့ သံဃာထုက တောင်းဆိုထားတဲ့ အတွက်ကြောင့် တပည့်တော်က လက်ခံပြီး လုပ်ပေးတာပါ။ အဲဒီတော့ အရှင်ဘုရားတို့က တားတယ် ဆိုလို့ရှိရင် တပည့်တော်ကို မတားပါနဲ့။ တပည့်တော် တပါးတည်း လုပ်တာ မဟုတ်တဲ့ အတွက်ကြောင့် ဒီသံဃာ လူထုနဲ့ ပြောပါ ဆိုပြီးတော့ ဒီအောင်ချမ်းသာ ကျောင်းတိုက်ကြီးပေါ်မှာ သံဃာထုနဲ့ ဥက္ကဌ ဆရာတော်တွေနဲ့ ပြောပါတယ်။” ဟု ဖြစ်ရပ်ကို လိုက်လံ ကြည့်ရှုနေသူ ဒေသခံတဦးက ပြောပြသည်။

“နောက်ဆုံး ဥက္ကဌ ဆရာတော်နဲ့ အတွင်းရေးမှုး ဆရာတော်က အေး ဒါဆို ဟုတ်ပြီ။ ငါတို့လည်း သဘော တူညီပါတယ် ဆိုပြီး ဆန္ဒပေးပြီးတော့ ပြန်သွားပါတယ်။ အဲဒီအခါကျမှ သိမ်ထဲ ဝင်ပြီးတော့ ပတ္တနိကုဇ္ဈိန ကံ ကို လုပ်ကြပါတယ်။” ဟု သူက ဆက်ပြောသည်။

12:30 PM
တောင်တွင်းကြီးတွင် သံဃာတော်များ ပတ္တနိကုဇ္ဈိန ကံဆောင်

တောင်တွင်းကြီးမြို့တွင် ကျောင်းတိုက်ပေါင်း ၃ဝ ခန့်မှ သံဃာတော်များသည် ယနေ့ ပတ္တနိကုဇ္ဈိန ကံဆောင် သပိတ်မှောက်ကြသည်။

နအဖ စစ်အစိုးရကို ဗုဒ္ဓဘာသာ အဖြစ်မှ ထုတ်ပယ် လိုက်ကြပြီး အာဏာပိုင် အိမ်များသို့ ဆွမ်းခံ မကြွဘဲ နေကြခြင်း ဖြစ်သည်။

အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်စာများ မြို့တွင်း ပျံ့နှံ့လျှက်ရှိပြီး လူတချို့ကို ရဲက ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

11:50 AM
မန္တလေးမှာ သံဃာတော်များ သပိတ်မှောက်

မန္တလေးမြို့တွင်လည်း သံဃာတော်များ ကံဆောင် သပိတ်မှောက် ဆန္ဒပြမှု ယနေ့ စတင် ပြုလုပ်လိုက်ပြီ ဖြစ်သည်။

တနိုင်ငံလုံးရှိ သံဃာတော် ဦးရေ၏ ထက်ဝက်ကျော် နေထိုင်ရာ မန္တလေးတွင် မစိုးရိမ် တိုက်သစ်မှ သံဃာတော် အပါး ၇ဝဝ ခန့်က ယနေ့ နံနက် ၇ နာရီခွဲတွင် စတင် ဆန္ဒပြ ခဲ့ကြခြင်း ဖြစ်သည်။

41 လမ်းမှသည် 84 လမ်း၊ ထို့နောက် 37 လမ်းအရောက်တွင် နောက်ကို ပြန်လှည့်ပြီး ကျောင်းတိုက်သို့ ပြန်ကြခြင်း ဖြစ်သည်။

မန္တလေးမြို့ လုံခြုံရေး အခြေအနေမှာ ပုံမှန် အတိုင်းပင် ဖြစ်သည်။

11:30 AM
ရန်ကုန်ဆန္ဒပြသံဃာတော်များ ကြည့်မြင်တိုင်သို့ ရောက်ရှိလာပြီ ဖြစ်သည်။

10:45 AM
ရန်ကုန်က သံဃာတော်များ မိုးသည်းထဲမှာ ဆန္ဒပြနေ

နအဖ စစ်အစိုးရကို ဆန့်ကျင် ဆန္ဒပြသောအားဖြင့် သံဃာတော်အပါး ၂ဝဝ ကျော်က ရန်ကုန်မြို့တွင် အလံကိုင် ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြ နေကြသည်။

မိုးရွာသွန်းနေသော်လည်း သံဃာတော်များမှာ မရပ်နားဘဲ ချီတက်နေရာ ယခုအချိန်တွင် အလုံမြို့နယ် သစ်တောလမ်းတွင် ရောက်ရှိနေကြပြီ ဖြစ်သည်။

---------------------------------------

စစ်တွေတွင် မျက်ရည်ယိုဗုံးသုံး၍ သံဃာတော်များ ဆန္ဒပြမှုကို ဖြိုခွဲ
စစ်တွေ၊ ပခုက္ကူ၊ ရန်ကုန်၊ ပဲခူး၊ ချောက်၊ အောင်လံ၊ ကျောက်ပန်းတောင်းမှာ သံဃာတော်များ ဆန္ဒပြပြန်ပြီ

စက်တင်ဘာလ 18 ရက်၊ 2007 ခုနှစ်။

7:45 PM
စစ်တွေ ဆန္ဒပြသူများကို အာဏာပိုင်များက မျက်ရည်ယိုဗုံး သုံး၍ ဖြိုခွင်းခဲ့ကြောင်း ရန်ကုန်မှ လာသော ရိုက်တာသတင်း တရပ်အရ သိရသည်။

သံဃာတော် ၃ ပါး (သို့မဟုတ်) ၄ ပါး အဖမ်းခံရကြောင်းနှင့် လူအုပ်စုကြီးကို မျက်ရည်ယိုဗုံး ထိမှန်ခဲ့သည်ဟု မျက်မြင်သက်သေ တဦးကို ကိုးကား၍ ရိုက်တာ သတင်းက ဖော်ပြထားသည်။

5:15 PM
စစ်တွေတွင်လည်း သံဃာတော်များ ဆန္ဒပြနေ၊ လုံခြုံရေးက ရိုက်၍ သံဃာတပါး ခေါင်းကွဲ

လောင်စာဆီ ဈေးနှုန်း မြှင့်တင်လိုက်ရာမှ သံဃာတော်များ ဦးဆောင် ဆန္ဒပြမှု ပထမဆုံး ဖြစ်ပွားသော ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ယနေ့ နေ့လည် ၁ နာရီခွဲခန့်မှ စတင်ပြီး ယခု သတင်း ရေးသားချိန် အထိ ဆန္ဒပြနေဆဲ ဖြစ်သည်။

“လူအင်အားလဲ ပါတယ်။ ဘုန်းကြီးရော လူရော ၂ဝဝဝ လောက် ကျော်မယ် ထင်တယ်။ ရဲက ဟန့်တားတာပေါ့၊ မဟန့်တားနိုင်တော့ပဲနဲ့ ဖွင့်ပေးလိုက်တာပေါ့။ သူတို့ကလဲ မယက (မြို့နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ရုံးတို့၊ ရယက (ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) ရုံးတို့ ဝင်ပြေးကုန်တာပေါ့။” ဟု ဒေသခံ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

“ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး”၊ “ဖမ်းဆီးထားသော သံဃာများ ပြန်လွှတ်ပေး” ဟု ဆိုင်းဘုတ်များ ကိုင်ဆောင်ထားသော ဆန္ဒပြသူများသည် ယခု အချိန်အထိ စစ်တွေမြို့လည် လမ်းမပေါ်တွင် ရှိနေဆဲ ဖြစ်သည်။

ဆန္ဒပြမှုတွင် လုံခြုံရေးများက ရိုက်နှက်သောကြောင့် သံဃာတော်တပါး ဦးခေါင်း ကွဲသွားပြီးနောက် လုံခြုံရေးများကို အုတ်ခဲများဖြင့် ပြန်လည် ပစ်ပေါက်ကြသဖြင့် လုံခြုံရေး တယောက်လည်း ဦးခေါင်း ကွဲသွားသည်ဟု သိရသည်။

4:45 PM
ပဲခူးမှာ ဆန္ဒပြပွဲဖြစ်ပွား

တနိုင်ငံလုံး နေရာအနှံ့အပြား ယနေ့ ဖြစ်ပွားသော ဆန္ဒပြမှုတွင် ပဲခူးမြို့မှ သံဃာများလည်း ပါဝင်လာသည်။

အပါး ၇ဝဝ ကျော်ရှိ သံဃာတော်များက မဏ္ဍိုင် ကျောင်းတိုက်မှသည် နေ့လည် ၁၂ နာရီတွင် စတင်၍ ရွှေမော်ဓော ဘုရား အထိ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ချီတက်လာတဲ့အခါမှာ လူထုကလည်း နောက်က လိုက်လာတယ်။ ကျန်နေခဲ့တဲ့ ဘုန်းကြီး အချို့ကလည်း ပြန်လိုက်လာတယ်။ နောက်တော့ ဈေးဝိုင်းကို ဝင်တယ်။ ဈေးဝိုင်းဆိုတာ အဲဒီကို ဝင်ပြီးတော့ မြို့မကျောင်းက ဘုန်းကြီးတွေကလည်း လိုက်လာတယ်။ နောက် ရွှေမော်တော ဘုရားလမ်း အတိုင်း သွားပြီးတော့ ရွှေမော်တော ဘုရားပေါ် တက်ပြီးတော့ လူစုကွဲ လိုက်ကြတယ်။” ဟု ပဲခူးမြို့ခံ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

လိုက်လံကြည့်ရှုသူ လူထုကြီးမှာ ထောင်ပေါင်း မြောက်များစွာ ရှိသည်ဟု ဒေသခံများက ပြောကြသည်။

“အနှောက်အယှက် မရှိဘူး။ ဘုန်းကြီးနားမှာ ဘယ်သူမှ မကပ်ရဲကြဘူး။” ဟု ဒေသခံ တဦးက မဇ္ဈိမ သို့ အတည်ပြု ပြောကြားရင်း ပြောပြသည်။

4:05 PM
ပခုက္ကူမြို့မှာ သံဃာတော်များ ဆန္ဒပြပြန်

တနိုင်ငံလုံးကို တုန်လှုပ်သွားစေသော သံဃာ ဆန္ဒပြပွဲများ ဖြစ်ခဲ့ပြီး စစ်အစိုးရက ရိုက်နှက် ဆဲဆို ဖမ်းဆီး လူစုခွဲခဲ့သော ပခုက္ကူမြို့တွင် ယနေ့ နေ့လည်က သံဃာအပါး ၈ဝဝ ခန့်က စစ်အစိုးရကို ဆန္ဒပြကြပြန်သည်။

အလယ်ကျောင်း တိုက်မှသည် စတင်သော မေတ္တာသုတ် ရွတ်ဆို ဆန္ဒပြမှုသည် အရှေ့တိုက်၊ မြို့မလမ်းမှသည် ဘုရားကြီးထိ ရောက်ရှိခဲ့ကြသည်။

“လုံခြုံရေးကတော့ အရပ်ဝတ်တွေနဲ့ အများကြီးပဲ ဒကာကြီးရေ။ မနေ့ကနေ ဦးပဉ္စင်းတို့ ကျောင်းရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေကို ဦးပဉ္စင်းတို့ တွေ့နေရတယ်။ အရပ်ဝတ်တွေနဲ့ ကြံ့ခိုင်ရေး၊ စွမ်းအားရှင်တွေပါ သိသာပါတယ် လွယ်အိတ်တွေ လွယ်ထားတယ်။” သံဃာတော်တပါးက ပြောပြသည်။

3:40 PM
ရန်ကုန်ဆန္ဒပြပွဲ

သံဃာတော်များ လူစုခွဲလိုက်ကြပြီ ဖြစ်ရာ ယနေ့ ဆန္ဒပြပွဲ အေးချမ်းစွာဖြင့် ပြီးဆုံးသွားခဲ့သည်။ မြို့သူမြို့သား အများအပြား သံဃာတော်များ၏ မားမားမတ်မတ် ရပ်တည်ချက် အပေါ် ဝမ်းသာအားရ အားပေးကြပြီး စစ်အစိုးရက မလိုက်လျောမချင်း ဆန္ဒပြမှုများ ဆက်လက် ပြုလုပ်သွားမည်ဟု ဆရာတော် တပါးက မဇ္ဈိမ သို့ ပြောကြားသွားသည်။

3:35 PM
ပုဇွန်တောင်ရှိ ကျောင်းတိုက်များ အတွင်း သံဃာတော်အများ ဝင်ရောက် သွားပြီးနောက် ကျန်ရှိသူ သံဃာတော် ၁ဝဝ ကျော်က ဗိုလ်တထောင် လမ်းမှသည် စိန်ပေါ်လ်လမ်းဘက် ကွေ့ဝင်သွားပြီ ဖြစ်သည်။

လိုက်လံ အားပေးသူ လူ ၂ဝဝဝ ကျော်ခန့် ရှိသည်ဟု သတင်းရရှိသည်။

3:25 PM
မင်္ဂလာတောင်ညွှန့် မြို့နယ်ရှိ မြန်မာ့ဂုဏ်ရည် လမ်းကို အာဏာပိုင်များက ပိတ်ဆို့လိုက်သည်။

ရန်ကုန်မြို့လမ်း ၅ဝ သို့ ဆန္ဒပြ သံဃာတော်များနှင့် အားပေးသူ လူအုပ်စုကြီး ရောက်ရှိလာပြီ ဖြစ်သည်။

3:15 PM
ဆူးလေဘုရားတွင် သံဃာတော်များ ရာနှင့်ချီ၍ ပိတ်မိနေသည်ဟု သိရသည်။

3:10 PM
အင်အား ၉ဝဝ ခန့်ရှိ ဆန္ဒပြ သံဃာတော်များ သိမ်ဖြူဘက်သို့ ချီတက်သွားကြရာ ပြည်သူလူထုကလည်း လိုက်ပါလာလျှက် ရှိသည်။ စုစုပေါင်း လူအုပ်ကြီးမှာ ၁၅ဝဝ ခန့် ရှိသည်။

လူထုကြီးက ရေသန့်ဗူးများ လှူဒါန်းကာ လက်ခုတ်တီး အားပေးကာ လိုက်လာကြခြင်း ဖြစ်သည်။

2:50 PM
ဆူးလေးဘုရားကြီးပေါ်သို့ ဆန္ဒပြသူများ ချီတက်သွားရာ အလမ်းပြဘုရား လမ်းတလျှောက် ပိတ်ဆို့မှုများ လုပ်ရန် စစ်တပ်က ပြင်ဆင်နေသည်။

2:40 PM
ဆန္ဒပြ သံဃာတော်များ ရွှေတိဂုံဘုရားနား အရောက် မုဉ်လေးဖက်စလုံး၏ တံခါးများ ပိတ်ထားသဖြင့် သံဃာတော်များသည် ဆူးလေဘုရား ဘက်ကို ချီတက် သွားကြသည်။

ဆန္ဒပြပွဲ စစဉ်က အပါး ၁ဝဝ ကျော်သာ ရှိသော်လည်း နောက်ပိုင်းတွင်း အပါး ၄ဝဝ ခန့်အထိ တိုးလာသည်ဟု မျက်မြင် သက်သေများအရ သိရသည်။

ရွှေတိဂုံ ဘုရားပေါ်နှင့် အနီးတဝိုက် ဆန္ဒပြပွဲသို့ လိုက်လံ ကြည့်ရှုသူ များပြားလှပြီး ထောင်ချီ ရှိကြောင်း ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ တယ်လီဖုန်းမှ ပြောသည်။

နေ့လည် ၁၂ နာရီတွင် သိမ်ဖြူလမ်းမှသည် ကန်တော်ကြီး ပတ်လမ်းအတိုင်း ချီတက်ခဲ့ကြပြီး ဘုရားအရှေ့ဘက် မုဉ်ဘက်သို့ ဆန္ဒပြ သံဃာတော်များ ချဉ်းကပ်ခဲ့ကြသည်။

စိုးရိမ်နေသော အာဏာပိုင်များကလည်း ရွှေတိဂုံဘုရား ပတ်ပတ်လည်တွင် စစ်ကား ၅ စီးခန့် ချထားပြီး ကြံ့ခိုင်ရေးများ၊ စွမ်းအားရှင်များပါ ရောနှောပြီး ဘုရားမုဉ်ဦး တံခါး အကုန်လုံး ပိတ်လိုက်သည်။

ထို့နောက် လူစုကွဲပြီး ဆူးလေဘုရားရှိရာ မြို့ထဲဘက်သို့ သံဃာအပါး ၃ဝ ခန့် ချီတက်သွားသည်ကို တွေ့မြင်ကြရသည်။

“ဘုရားတံခါး ပိတ်လိုက်လို့ ပြေးလွှားတာ ဖိနပ်တောင် ကျန်ခဲ့တယ်။” ဟု အမောတကော ပြေးလွှားလာသူ တဦးက မဇ္ဈိမ သို့ ပြောသည်။

1:50 PM
ရန်ကုန်မြို့တွင် သံဃာတော် အပါး ၁ဝဝ ကျော်က ကန်တော်ကြီးကို ပတ်၍ ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်သို့ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေ ကြသည်။

1:30 PM
ချောက်မြို့တွင်လည်း ဆန္ဒပြ

ချောက်မြို့တွင် သံဃာတော်အပါး ၂ဝဝ ကျော်ခန့်က အမှတ် ၁ဝ ပတ္တမြား ရပ်ကွက် ကျောင်းတိုက်မှသည် အမှတ် ၃ ကျောင်းအနီးထိ ယနေ့ နံနက်က ဆန္ဒပြခဲ့ကြသည်။

“မနက် ၅ နာရီခွဲမှာ စတာ။ လမ်းလျှောက် ပရိတ်ရွတ်ကြတာ။ ဘုန်းကြီး ၂ဝဝ ကျော်ခန့်ပါ။ လူမပါဘူး။ လူတွေက ဘေးကနေ ဝိုင်းကြည့်ကြတာပဲ။ ဘေးကတော့ များတာပဲ။ အမှတ် ၁ဝ ပတ္တမြား ရပ်ကွက် ကျောင်းကနေ စထွက်တာ။ ပတ္တမြား ရပ်ကွက်ကနေ မယက ရုံး မြောက်ဘက်ကနေ ဈေးအရှေ့ဘက်၊ ဈေးအရှေ့ဘက်ကနေ ကလပ်ရိပ်သာ၊ ဈေးအရှေ့ဘက်ကနေ ဘောလုံးကွင်း၊ ဘောလုံးကွင်းကနေ ပျဉ်းမလမ်း၊ ပျဉ်းမလမ်းကနေ သကာလ ဟို ကွက်သစ်လမ်း အမှတ် ၃ ကျောင်းနားကျတော့ လူစုကွဲတာပဲ။ ပရိတ် ရွတ်ကြတယ်။ မေတ္တာသုတ်ရယ်၊ မောဓသုတ် အဲဒါ ရွတ်တယ်။ မယကရုံးက ဘာမှ နှောင့်ယှက်ခြင်း မရှိဘူး” ဟု လယ်တီကျောင်းတိုက်မှ ချောက်မြို့ သံဃာ့ နာယကအဖွဲ့ ဥက္ကဌက မဇ္ဈိမ သို့ ပြောသည်။

12:30 PM
ရန်ကုန်မှ မြောက်ဘက် ၅၁၅ ကီလိုမီတာ ဝေးသော အောင်လံမြို့တွင် သံဃာတော်များက မေတ္တာသုတ်များ ရွတ်ဆိုပြီး လမ်းလျောက် ဆန္ဒပြ ကြသည်။

ဆွမ်းလောင်းအသင်းမှ ရွာထောင်ဘက်အထိ ချီတက်သော သံဃာတော်အပါး ၉ဝ ခန့်တွင် မြို့နယ် သံဃာ့နာယက အဖွဲ့ အတွင်းရေးမှူး ရွှေပေါက်တင် ဆရာတော် ဦးညာနလည်း ပါဝင်သည်။

“အာရုံတက် ငါးနာရီမှာဆိုတော့ အလင်းရောင် အားနည်းတာပေါ့နော်။ အလင်းရောင် အားနည်းတော့ ရွှေပေါက်တင် ဆရာတော် ဦးညာန မြို့နယ် သံဃာ့နာယက အတွင်းရေးမှူးရဲ့ ဂျစ်ကားက နောက်ကနေ မီးထိုးပြတယ်။ ထိုးပြတော့ သံဃာတွေ အေးအေးဆေးဆေးနဲ့ မေတ္တာရွတ်တာ ကို အနှောက်အယှက် မရှိဘူး။” ဟု ဆန္ဒပြရာတွင် ပါဝင်သူ သံဃာတော် တပါးက မဇ္ဈိမ သို့ ပြောပြသည်။

“အနောက်အယှက် ဘာမှတော့မရှိဘူး။ ဒါပေမယ့် လမ်းတစ်ဝက် ရွေကျောင်းတောင်နားပေါ့၊ မသင်္ကာဖွယ် တခုတော့ တွေ့ရတယ်။ ရဲအဖွဲ့တွေက ဒိုင်နာကား တစီးရှိတယ်။ ရယက လူကြီးတွေရောပေါ့။ အဲဒီထဲမှာ ဦးပဉ္ဇင်းတို့ သိတဲ့ သူတွေလဲ ပါတယ်။ သူတို့က ဘယ်လိုလဲ ဆိုတော့ ဦးပဉ္ဇင်းတို့က အနောက်ဘက် လမ်းကနေ သွားတယ်ဆိုရင် သူတို့က အရှေ့ဘက်လမ်း ဆိုင်ကယ်တွေက ဘေးနားကနေ ကပ်ပြီးတော့ လိုက်တယ်။ သူတို့ကလည်း တော်တော်များတယ်။ ဆိုင်ကယ်က ငါးစီးလောက် ရှိတယ်။ နောက်ပြီးကျတော့ သံဃာ့နာယက ဥက္ကဌကနေ့ ဦးပဉ္ဇင်းတို့ နောက်ကနေ ထပ်ချပ်မကွာ လိုက်တယ်။ ဦးပဉ္ဇင်းတို့က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ မေတ္တာ ရွတ်ဖတ်တယ်။”

11:40 AM
မကွေးတိုင်း အောင်လံမြို့နယ်တွင်လည်း သံဃာတော်အပါး ၉ဝ ခန့်က ယနေ့ နံနက် ၅ နာရီမှ ၇ နာရီ အထိ စီတန်း လမ်းလျောက် ဆန္ဒပြခဲ့ကြသည်။

11:30 AM
တရုတ် ဆန့်ကျင် ဆန္ဒပြပွဲများ ၁ဝ နိုင်ငံတွင် ကျင်းပ

နယူးဇီလန်ရောက် မြန်မာနိုင်ငံသားများက စက်တင်ဘာလ ၁၈ ရက်နေ့တွင် အော်ကလန်မြို့ရှိ တရုတ် ကောင်စစ်ဝန်ရုံး ရှေ့တွင် မြန်မာနိုင်ငံပေါ် ထားရှိသည့် တရုတ် ပေါ်လစီနှင့် ပတ်သက်၍ ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

Burma Campaign New Zealand protest in front of the Chinese Embassy in Auckland, New Zealandဆန္ဒပြပွဲတွင် တရုတ် အစိုးရ အနေဖြင့် နအဖကို ထောက်ပံ့နေမှုများ ရပ်ဆိုင်းရေး၊ တရုတ် အနေဖြင့် မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ပါဝင် ဆောင်ရွက်သွားရေးတို့ တောင်းဆိုသွားသည်။

လောင်စာဆီဈေးနှုန်းများ ရုတ်တရက် တိုးမြှင့်လိုက်ခြင်းမှ မြန်မာပြည်တွင်း ဆန္ဒပြပွဲများ ဖြစ်ပေါ်လာပြီးနောက် ပြည်ပရောက် မြန်မာများကလည်း တရုတ် ပေါ်လစီ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ် လာခဲ့ကြသည်။

အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁ဝ နိုင်ငံမှ မြန်မာနိုင်ငံသားများက နအဖ စစ်အာဏာသိမ်းသည့် နှစ်ပတ်လည်နေ့ စက်တင်ဘာ ၁၈ ရက်နေ့တွင် သက်ဆိုင်ရာ တရုတ်သံရုံးများ ရှေ့တွင် ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။

တရုတ်နိုင်ငံသည် ၁၉၈၈ ခုနှစ်မှစပြီး မြန်မာနိုင်ငံသို့ စစ်လက်နက်၊ ငွေကြေး၊ နိုင်ငံရေးနှင့် မဟာဗျူဟာ အထောက်အပံ့များ အဓိက ပေးနေသည့် နိုင်ငံဖြစ်သည်။

11:05 AM
စွမ်းအားရှင်များ တယောက်လျှင် ၂ဝဝဝ နေ့တွက်ရ၊ တပ်မ 44 အသင့်ဖြစ်

ရန်ကုန်မှ အထောက်တော် တဦး၏ ပေးပို့ချက်အရ

“တမြို့နယ်ကို ဒိုင်နာကား နှစ်စီးလောက် ထွက်တယ်။ အဲဒါကတော့ စွမ်းအားရှင်တွေနဲ့ ကြံ့ဖွံ့တွေရော၊ လမ်းဘေးက အလုပ်အကိုင် မရှိတဲ့ သူတွေ၊ ဆိုက်ကားသမားတွေကို တယောက်ကို ၂ ထောင် ပေးပြီးတော့ ခေါ်တယ်။ ခေါ်ပြီး အဲဒီလူတွေကိုပါ အားဖြည့်ထားတယ်။ အခုသူတို့ (ရဲတွေ) ယူနီဖောင်း ချွတ်ပြီးတော့ မာဖီတွေနဲ့ လုံခြုံရေးကို ချထားတယ်။”

“အဓိက နေရာတွေဖြစ်တဲ့ အထက်တန်းကျောင်း ပတ်ဝန်းကျင်၊ ဘုန်းကြီးကျောင်းတိုက် ပတ်ဝန်းကျင်တွေ၊ ရန်ကုန်မြို့လယ်ရဲ့ အချက်အချာ နေရာတွေမှာ ချထားတယ်။ ဥပမာအားဖြင့် မြို့လယ်က ဆူးလေ၊ မြို့တော်ခန်းမတို့၊ ကျောင်းသားနဲ့ ဘုန်းကြီးတွေ ပေါင်းမယ်ဆိုတဲ့ အတွက်ကြောင့် ကျောင်း ပတ်ဝန်းကျင်မှာလည်း လုပ်ရှားမှု ရှိလာရင် သူတို့ အရေးယူ ဆောင်ရွက် နိုင်အောင်လို့ ချထားတယ်။”

“တပ်မဟာ 44 က စစ်သားတွေက ဝတ်စုံအပြည့်နဲ့ သူတို့ကို နောက်ကနေပြီး နေတယ်။ အခု စွမ်းအားရှင်နဲ့ ကြံ့ဖွံ့တို့ ရဲ၊ စစ်ထောက်လှန်းရေးတွေက နေပြီးတော့ အနီးက ထွက်ပြီးတော့ လုံခြုံရေး ယူနေတယ်။ တကယ် ဖြစ်ပေါ်လာခဲ့လို့ ရှိရင် တပ်မဟာ 44 က ထွက်လာဖို့ လုပ်နေတယ်။ ဘုန်းကြီးတွေ ထွက်လာရင် တပ်နဲ့ ထိပ်တိုက်တွေ့ဖို့ အနေအထားမှာ ရှိနေတယ်။ ပခုက္ကူက လိုဘဲ ထိပ်တိုက်တွေ့ဖို့ များတယ်။ ဒီသံဃာတွေနဲ့ စစ်အစိုးရ အက်စ်ဘီဒီစီတွေနဲ့ ထိပ်တိုက် တွေ့လာခဲ့လို့ ရှိရင် ပြည်သူကလည်း ပူးပေါင်း ပါဝင်လာမဲ့ အနေအထားမှာ ရှိနေတယ်။”

10:30 AM
သပိတ်တွေမှောက်ပြီး ဆန္ဒပြတဲ့ ကျောက်ပန်းတောင်းက သံဃာတော်များ

“စိတ္တပါရဂူ ကျောင်းလည်း သံဃာများတယ် သံဃာ ၂ဝဝ ကျော်လောက် ရှိမှာပေါ့။ သူတို့ကျောင်းက သံဃာ ၂ဝဝ ကျော်လောက် ရှိတော၊့ သူတို့က မနေ့က မပါလိုက်ရတော့ သူတို့ ဒီနေ့ ထပ်ပြီးတော့ သူတို့ ကျောင်းတကျောင်းထဲပဲ ထပ်ပြီးတော့ မြို့ထဲမှာ လှည့်ပြီးတော့ ပရိတ်ရွတ်တယ်။ ဒီနေ့ သူတို့ထဲမှာ တခု ထူးခြားတာကတော့ သူတို့က သပိတ်တွေကို ဦးပဉ္စင်းတို့လို မဟုတ်ပဲနဲ့ သပိတ်တွေကို မှောက်ပြီးတော့ ကိုင်ပြီး မြို့ထဲကို လှည့်တယ်လို့ ကြားတယ် တကာကြီး။” ဟု ကျောက်ပန်းတောင်း မြို့မှ သံဃာတော် တပါးက မိန့်ကြားသည်။

“အာဏာပိုင် အဖွဲ့အစည်းက နှောက်ယှက်တာ မရှိပါဘူး တကာကြီး။ မနေ့ကလို ပါပဲ၊ လမ်းပေါ်မှာ နောက်ခံ လိုက်ကြည့်တာတို့၊ ဟိုနား ဒီနားမှာ စောင့်ကြည့်တာတို့၊ အဲဒီလောက်ပဲ ရှိပါတယ။” ဟု ဆက်ပြောသည်။

9:45 AM
ကျောက်ပန်းတောင်းတွင် သံဃာတော်များ ဆန္ဒပြနေ

ကျောက်ပန်းတောင်း မြို့နယ်တွင် သံဃာတော်အပါး ၁ဝဝ ခန့်က လမ်းလျှောက် ဆန္ဒပြလျှက် ရှိသည်။ မြို့မှ ၄ မိုင်ခန့် ဝေးသော စိတ္တပါရဂူ ကျောင်းတိုက်မှ နံနက် ၇ နာရီခွဲခန့်မှ စတင်သော အထွေထွေ အကြပ်အတည်း ဆန္ဒပြသူများသည် ပရိတ် တရားတော်များ ရွတ်ဆို၍ မြို့တွင်းသို့ ဆက်လက် ချီတက်လျှက် ရှိသည်။

နံနက် ၉ နာရီခန့်က မြင်းခြံ လမ်းမကြီးပေါ်သို့ ရောက်ရှိပြီး အောက်ကို ဆင်းသွားရာ ရပ်ကြည့်နေကြသူများ ရှိသလို နံဘေးမှ ဆိုင်ကယ်များ၊ ကားများဖြင့် လိုက်လံ ကြည့်ရှုနေကြသည်။

“ကျောက်ပန်းတောင်းမှာ သပိတ်မှောက်ထားတယ်။ သပိတ် မလှန်ဘူး။ သပိတ် မှောက်ထားတယ်။” ဟု ဒေသခံ တဦးက ပြောသည်။

“လူတွေက တော်တော် အံ့သြနေကြတာ၊ ဘေးက အသည်းအသန် လိုက်ကြည့်နေကြတာ။” ဟု သူက ဆက်ပြောသည်။

(ဆက်လက် ဖော်ပြ သွားပါမည်။)

မနေ့က ရွှေပြည်သာမှာ ကန့်ကွက်စာ ပေးပို့

ယမန်နေ့ နံနက် ၁ဝး၃ဝ နာရီတွင် ရန်ကုန်တိုင်း၊ ရွှေပြည်သာ မြို့နယ်၊ ထန်းခြောက်ပင် ကားကြီးဂိတ်မှ မြို့နယ် မယက ရုံးအထိ၊ မှတ်တိုင် ၂ မှတ်တိုင်ရှိသော၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချူပ်မှ ဦးသိန်းအောင်၊ ဦးတင်ရွှေ နှင့် ဦးအောင်ငြိမ်း တို့ ဦးဆောင်ပြီး ပြည်သူလူထု ၅ဝ ခန့် က ခြံရံ လိုက်ပါလာကာ ပြည်သူလူထုမှ တင်ပြ ပေးပို့ သော လောင်စာဆီ ဈေးနှုန်း ချပေးရေး၊ အခြေခံ စားသုံးဆီများအား ဈေးနှုန်းချပေး ပေးစာများကို ကိုင်ဆောင်၍ မယက ရုံးသို့ သွားရောက် ပေးပို့ရာတွင် မယကရုံးက ပေးစာများကို လက်ခံရန် ငြင်းဆန်ခဲ့သည်။

“အတွင်းရေးမူးက အစည်းအဝေး ရှိတယ်၊ ပေးစာကို လက်မခံနိုင်ဘူး ဆိုပြီးတော့ ပြောတယ်၊ လူအုပ်ကို တွေ့ တော့ ရုံးတံခါးတွေ အကုန် ပိတ် လိုက်ပြီး၊ အတွင်းမှ ဝန်ထမ်းများက ပြူတင်းပေါက်မှ ထွက်ကြည့် နေကြကြောင်း၊ နောက်တော့ ပြည်သူလူထုရဲ့ ပေးစာကို လက်မခံ တာကြောင့်၊ သူတို့တွေ ပြန်လာခဲ့တယ်” ဟု ဒေါ်နော်အုံးလှ က မဇ္ဈိမ သို့ ပြောသည်။


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates